” မလွမ်းစကောင်း လွမ်းစကောင်း “(ရှေးရှေးကမန်းတလေး အပိုင်း-14)

ကျနော်ငေးချင်ရာငေးတွေးချင်ရာတွေးနေတုန်းမှာ ဗြုန်းဆိုပြီးနောက်ကနေ ပုခုံးကို တစ်ယောက်ယောက်ကလှမ်းတို့လိုက်တော့လန့်သွားပါတယ်။
လန့်တာမှ ဆံပင်တွေကို ထောင်ထွက်သွားလောက်အောင်လန့်တာသွားတာပါဗျာ။

လန့်ဆို ဟိုရှေးရှေး ကတည်း က လူပြောများတဲ့ဇာတ်လမ်းလေးတပုဒ်လဲရှိခဲ့ဘူးပါတယ်။
ဒီကျုံးလမ်းမပေါ် မှာ မြင်းလှည်းတွေသွားခဲ့ရတဲ့ အချိန်ကပေါ့။
မြောက်ပြင်မှာနေတဲ့ မြင်းလှည်းသမားတစ်ဦး ကြုံခဲ့တဲ့ဇာတ်လမ်းလေးပေါ့ဗျာ။

တစ်ည ညကိုးနာရီပွဲရုပ်ရှင်ပြီးချိန်ဆိုတော့ ညသန်းခေါင်ကျော်ကျော်လောက်ပေါ့။
ဒီအာဠဝီတံတားနားရောက်တော့ မိန်းကလေးတစ်ယောက်က လက်ပြပြီးတားပါသတဲ့။
သူမြင်းလှည်းပေါ်တက်လာတော့ အရမ်းကိုမွှေးကြိုင်သွားပါသတဲ့။
ဘယ်ထိလိုက်မှာလဲလို့ မေးတော့ မဖြေပါဘူးတဲ့။
လမ်း20ကျော်လာတော့ မြင်းလှည်းသမားကိုလက်တို့ပြီး လက်ထဲကို ပိုက်ဆံထည့်ပေးပြီး နောက်လှည့်မကြည့်နဲ့လို့ ပြောပါသတဲ့။
19လမ်းက စက်ရှင်တံတားနားလဲရောက်ရော မြင်းက တစ်ချက် ဟီပါသတဲ့။
19လမ်းအလွန်မှာ မြင်းလှည်းက ငြိမ့်ကနဲတစ်ချက်ဖြစ်သွားသလိုခံစားရပြီး အမွှေးရနံ့တွေလဲပျောက်သွားလို့ နောက်ကြည့်လိုက်တော့ စောစောကလိုက်လာတဲ့မိန်းကလေး မရှိတော့ပါဘူးတဲ့။ဖြစ်ချင်တော့နောက်လှည့်လဲကြည့်လိုက်ရော လမ်းပေါ်မှာ အလွန်ကိုရှည်လျားတဲ့အရပ်အမောင်းနဲ့မိန်းမတစ်ယောက်ကိုမြင်လဲမြင်ရော မြင်းလှည်းကို ဒုန်းစိုင်းလို့မောင်းပြေးခဲ့ရပါသတဲ့။
အဲဒီမြင်းလှည်းဆရာလည်းတစ်ပါတ်လောက်ဖျားယူပါသတဲ့။
သူ့လက်ထဲမှာပါလာကတော့ ရွှေဒင်္ဂါးပြားလေးတွေပါတဲ့။
အဲဒီအချိန်ကစလို့ ဥစ္စာစောင့်ဇာတ်လမ်းက မကြာခဏကြားရပါတော့တယ်။
အမှန်ကတော့ လက်တို့အခံရလိုက်တဲ့အချိန်လေးမှာ ဒီအကြောင်းကို သတိရပြီးလန့်သွားတာပါ။
နောက်လှည့်ကြည့်လိုက်တော့ အဲဒီနားမှာ နေတဲ့အရူးတစ်ယောက်ဖြစ်နေပါတယ်။
လက်ဟန်ခြေဟန်ပြပြီး ဆေးလိပ်မီးတို့ချင်လို့ မီးခြစ်တောင်းလာတောင်းတာပါ။
လက်ခါပြလိုက်တော့မှ စောင်းငန်းငန်းနဲ့ထွက်သွားပါတယ်။
အစကတော့ ကျနော်လည်းတော်တော်လေးကိုလန့်သွားပါတယ်။
ဒီလူမှန်းသိတော့မှသာ မကြောက်တော့တာပါ။
ဒီလူကယဉ်ယဉ်လေးရူးနေသူပေါ့ ဘယ်သူကိုမှတော့ အန္တရာယ်ပေးတယ်ဆိုတာကိုမကြားဘူးပါဘူး။
အဲဒီလူက ကျောက်သွားတူးရာကအပြန် ဦးနှောက်ထဲကိုငှက်ဖျားပိုးရောက်ပြီး စိတ်နောက်သွားတာလို့သိရပါတယ်။
သူ့အကြောင်းကိုသိနေတာကတော့လူပြောသူပြောနဲ့ကြားဘူးနေလို့ပါ။

အရင်ခေတ်တုန်းက ည ဆယ်နာရီတစ်ချက်ဆိုတာ တော်ရုံလူ အပြင်ထွက်ခဲပါတယ်။
အခုခေတ်မှာသာ နေ့နဲ့ည မခြား လည်ပါတ်သွားလာနေကြတာပါ။
ကျနော်တို့မန်းလေးမှာ အရင်က ပွဲလမ်းသဘင်မရှိတဲ့အချိန်ဆိုရင် သူငယ်ချင်းများနဲ့လက်ဖက်ရည်ဆိုင်ထိုင်ချင်ရင်ထိုင်။
ဒါမှမဟုတ်ရင်တော့ ညမှာသွားကြည့်စရာဆိုလို့ နာမယ်ကျော် “ညဈေးတန်း”ဘဲရှိပါတယ်။
မန်းလေးအကြောင်းပြောမယ်ဆိုရင် ညဈေးတန်းမပါရင်မပြည့်စုံဘူးလို့ပြောနိုင်ပါတယ်။
26ဘီလမ်းမပေါ်မှာဆိုရင် 83လမ်းကနေ84လမ်းအထိရယ်က(တစ်ပြ) 84လမ်းပေါ်မှာဆိုရင်တော့ 26ဘီလမ်းနာရီစင်ကနေ 29လမ်းထိပ်အထိ(3)ပြတိတိ ညဈေးတန်းခင်းကြတာပါ။
ပုံစံလေးပြောရင်တော့ အနံတိုတို အလျားရှည်ရှည် အင်္ဂလိပ်အက္ခရာ အယ်(L)ပုံစံလေးရှိနေတာပါ။
ဈေးသည်တွေကတော့အားလုံးပေါင်းလေးတန်းရှိပါတယ်။အစွန်ဆုံးမှာတစ်တန်းသူတို့နဲ့လူသွားလမ်းလေးခြားပြီး မျက်နှာခြင်းဆိုင်မှာ တစ်တန်း၊နောက် သူနဲ့ကျောခြင်းကပ်ကတစ်တန်းပြီးရင်လမ်းလေးခြား သူ့မျက်နှာခြင်းဆိုင်မှာ တစ်တန်းဆိုတော့ စုစုပေါင်းလေးတန်းပေါ့။
ဆိုင်ကလေးတွေက လျှပ်စစ်မီးချောင်းလေးတွေနဲ့လင်းထိန်နေတာပါ။
29လမ်းကဘဲ စဝင်ဝင် 26ဘီလမ်းဘက်ကဘဲစဝင်ဝင် ကြိုက်တဲ့ဘက်က ဝင်လို့ရပါတယ်။
ဟိုဘက်ရော ဒီဘက်ရော အဝင်ထိပ်တွေမှာ ထိုးမုန့်သည်တွေရှိပါတယ်။
ဝင်လိုက်တာနဲ့တစ်ပြိုင်နက် လာပါမြည်းကြည့်ပါ ခေါ်သံတွေက အရင် ကြားရတော့တာပါဘဲ။
ိိုထိုးမုန့်ဆိုင်တိုင်းရဲ့ရှေ့မှာ သူတို့ဆိုင်မှာရနိုင်တဲ့ ထိုးမုန့်တို့ မာစကပ်တို့ ကန်စွန်းဥယိုတို့ ဆနွင်းမကင်းတို့ ကို ပုဂံပြားလေးတွေနဲ့ထည့်လို့ထားပါတယ်။
လာဝယ်တဲ့သူ မြည်းကြည့်ဘို့ပါ။မြည်းကြည့်ပြီးမဝယ်ရင်လဲ စိတ်မဆိုးကြပါဘူး။ယဉ်ကျေးကြပါတယ်။
ကျနော်တို့ကျောင်းသားဘဝက ညဈေးတန်းကို လမ်းလျှောက်ရင်ထိုးမုန့်ဆိုင်တွေ တစ်ဆိုင်ခြင်းနည်းနည်းခြင်းဝင်ပြီး မြည်းသလိုနဲ့စားပါတယ်။
နောက်တော့ ကျောင်းသားတွေမှန်းသိနေတာရယ် မျက်မှန်းတန်းမိတာရယ်ကြောင် ့ဝင်မစားဖြစ်တဲ့နေ့များဆိုရင်တောင်မှ ရောင်းတဲ့သူတွေက
“ဝင်မြည်းသွားပါအုံး မဝယ်လည်းအလကားစားလို့ရပါတယ်ရှင် “လို့ကျနော်တို့အုပ်စုကို လှမ်းစတတ်ပါတယ်။
အရင်ကညဈေးတန်းဆိုတာ မန်းလေးမြို့ရဲ့အသဲနှလုံးလေးလို့တောင်တင်စားလိုက်ချင်ပါတယ်။
ညဈေးကိုမှီပြီး လုပ်ကိုင်စားကြတဲ့လူတွေလည်းမနည်းပါဘူး။
တစ်ချိုကတော့ နေ့မှာလည်းတိုက်တန်းကြီးပေါ်မှာဆိုင်ဖွင့် ညကျတော့ညဈေးဆက်ရောင်း အတော်လေးဟန်ကျပါတယ။်
တကယ်တမ်းပြောရရင် ညဈေးတန်းဆိုတာ လမ်းပေါ်မှာ ယာယီခင်းထားတဲ့ မီနီမတ်ကက်လေးပါဘဲ။
ရာသီဥတုပူပြင်းတဲ့ မန်းလေးမှာနေ့ဆိုရင် အပြင်မထွက်ချင်သူများကလိုတာကို ညဈေးမှာမှထွက်ဝယ်ပါတယ်။
ကျနော်တို့လူငယ်တွေကလဲ ညဆိုညဈေးတန်းသွားချင်သလို လူကြီးတွေက လဲ အညောင်းအညာပြေလမ်းလျှောက်တတ်ကြပါတယ်။
ညအဆာပြေစားစရာလေးတွေကို လမ်းလျှောက်ရင်းအိမ်ကကျန်နေတဲ့ကလေးတွေအတွက်ဝယ်သွားတတ်ကြပါတယ်။
တစ်ချိုနေ့လည်မှာအိမ်အပြင်ကိုမထွက်တတ်တဲ့ကောင်မလေးတွေတောင် ညကျတော့ မိဘတွေ အဒေါ်တွေ အမတွေနဲ့လမ်းလျှောက်တတ်ကြပါတယ်။
ကျနော်တို့ကလည်း လမ်းလျှောက်ရင်းအားပေးတာပေါ့။
ညဈေးတန်းမှာ ကျနော်အကြိုက်ဆုံးကတော့ စာအုပ်အဟောင်းဆိုင်လေးတွေပါ။
ရှားပါးတဲ့စာအုပ်လေးများဆိုရင် အဖုံးလေးချုပ်လို့ သပ်သပ်ရပ်ရပ်လေးနဲ့လိုချင်စရာပါ။
စာအုပ်ကို မဝယ်ဘဲ ထိုင်ပြီးစာမြည်းချင်သလား ရတယ်။ကျေကျေနပ်နပ်နဲ့ကို စာဖတ်တာကိုခွင့်ပြုထားတာပါ။
ဘာလို့လဲဆိုတော့ ညဈေးတန်းမှာစာအုပ်အဟောင်းရောင်းသူတော်တော်များများ ကဝမ်းရေးအတွက်သက်သက်မဟုတ်ဘဲ သူတို့ကိုယ်တိုင်ကိုက
စာချစ်သူတွေဖြစ်နေလို့ပါဘဲ။
ကျနော်ဆယ်တန်းဖြေပြီးတဲ့နှစ်မှာ မူလတန်းကျောင်းလေးတစ်ခုမှာလုပ်အားပေးကျောင်းဆရာသွားလုပ်ပါတယ်။
အဲဒီကျောင်းက ဆရာမတစ်ယောက်တို့ အိမ်က ညဈေးတန်းမှာ မိန်းကလေးသုံးတိုလီမိုလီအလှကုန်လေးတွေရောင်းပါတယ်။
တိုလီမိုလီလို့သာအလွယ်ပြောတာ ဒီအလုပ်ကသူတို့မိသားစု ထမင်းအိုးကို ထိန်းထားနိုင်ပါတယ်။
သူတို့ပိုခင်သွားတာကတော့ သူတို့နဲ့ကပ်ရက်ဆိုင်က စာအုပ်အဟောင်းရောင်းတဲ့ဆိုင်လေးပါ။
ကျနော်အရင်က ပုလင်းဝင်းက ပိဿာချိန်နဲ့ဝယ်တဲ့စာအုပ်တွေကို စာတိုက်ကြီးနားကဆိုင်ကိုသွားသွင်းပါတယ်။
နောက် ဒီအမနဲ့ပါတ်သက်ပြီး စာအုပ်ဆိုင်က အကိုကြီးနဲ့လဲခင်သွားတော့ ကျနော်ကစာအုပ်တွေကို ညဈေးတန်းက အကိုကြီးကိုဘဲရောင်းပါတော့တယ်။
တစ်ခါတစ်လေ မရောင်းဘဲ ကျနော်ကြိုက်တဲ့စာအုပ်တွေ့ရင်လဲပါတယ်။
နောက်ခင်သွားတာရယ် ကျနော်တကယ်ကို စာဖတ်ချင်စိတ်ရှိတာကိုသိသွားတော့ ကျနော်ဖတ်ချင်တဲ့စာအုပ်တွေကိုငှားပေးပါတယ်။
သူ့ဆီမှာအဲဒီတုန်းက ထုတ်ဝေခွင့်ပိတ်တယ်ဆိုတဲ့ ရှားပါးစာအုပ်တွေကိုတောင်ပေးဖတ်ပါတယ်။
သူ့ကျေးဇူးကြောင့် ကျနော်စာအုပ်တွေအများကြီး ပိုဖတ်ဖြစ်သွားတာပါ။
အရင်ကညဈေးတန်းဆိုတာ မီးချောင်းလေးတွေနဲ့ အလွန်လှပတဲ့မြင်ကွင်းလေးပါ။
ညဈေးတန်းကို ညနေ လေးနာရီထိုးမှာစခင်းတတ်ကြပါတယ်။
ကို်ယ်ရောင်းတဲ့ပစ္စည်းလေးတွေကို သစ်သားတွန်းလှည်းလေးတွေ သံတွန်းလှည်းလေးတွေနဲ့တွန်းပြီးသယ်လာကြတာပါ။
ညကိုးနာရီလောက်ဆိုရင်ဈေးကွဲပါတယ်။တစ်ကယ်တမ်းဆိုင်သိမ်းကြပြုကြနဲ့ ညဆယ်နာရီလောက်ထိရောက်သွားကြတာပါဘဲ။
ညဈေးတန်း 26လမ်း 82လမ်းထိပ်က ကာတစ်တိုက်နဲ့မျက်နှာချင်းဆိုင်မှာ အရင်က အအေးဆိုင်လေးရှိပါတယ်။
စဖွင့်စကတော့ချောက်တီးချောက်ချက် နောက်တော့လည်းညဈေးတန်းကိုလာသူတွေနဲ့ အရမ်းကိုစည်ကားသွားပါတယ်။
ညဈေးတန်းဆိုတာကို မရောက်ဘူးရင် မန်းလေးမြို့ကိုရောက်တယ်လို့တောင်မပြောနိုင်ဘူးလို့ဆိုနိုင်လောက်အောင်နာမယ်ကြီးပါတယ်။
ဒီလောက်နာမယ်ကြီးတဲ့ ညဈေးတန်းကို မီးလောင်ရင် လမ်းပိတ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဒီနေရာကနေပြောင်းခိုင်းလိုက်ပါတယ်။
79လမ်း တရုပ်တန်းဈေးဘက် က လမ်း30ဘက်ကိုရွှေ့ခိုင်းတာပါ။
ညဈေးတန်းကို မှီပြီးဘဝကိုတည်ဆောက်ထားတဲ့မိသားစုတော်တော်များများအခက်တွေ့ကုန်ပါတယ်။
အရင် ကမြို့လယ်ခေါင်သွားလမ်းလာလမ်းဖြောင့်တယ် လူတိုင်းထွက်ခလုတ်ဝင်ခလုတ်တို်က်နိုင်တဲ့နေရာကနေ တကူးတကသွားမှရောက်ရမယ့်နေရာကိုပြောင်းလိုက်တာပါ။
အဲဒီအကျိုးဆက်က ညဈေးတန်းကို သွားတဲ့လူ မရှိသလောက်ဖြစ်သွားပါတယ်.။
ဝမ်းသာစရာကောင်းတာကတော့ အခုလက်ရှိအချိန်မှာတော့ မူလနေရာကိုပြန်ရောက်လို့သွားပါပြီ။
အရင်လိုလည်းပြန်စည်ကားလို့နေပါတယ်။
ထိုးမုန့်ဆိုင်လေးတွေကလည်းအရင်လိုဘဲ။လိုချင်တာဝယ်လို့ရနိုင်တာကလဲအရင်လိုဘဲ။
တိုးလာတာကတော့ကျနော်တို့ငယ်ငယ်ကမရှိတဲ့ ဝက်သားတုတ်ထိုးသယ်လေးတွေပါ။
ဝမ်းနည်းစရာကောင်းတာကတော့ မန်းလေးမြို့ရဲ့ညနေခင်းနဲ့ညချမ်းတွေမှာ သွားစရာ စူပါမတ်ကက်တွေ မီနီမတ်ကက်တွေ စတိုးဆိုင်လေးတွေက နေရာအနှံ့ မြို့အနှံ့မှာဖွင့်ထားကြတော့ ညဈေးတန်းကလေးက ဈေးသည်လေးတွေထဲက ရှေ့မှီနောက်မှီလူများက
ဝယ်သူမလာလို့ ဖုံတက်နေတဲ့ ပစ္စည်းလေးတွေကို ဖုန်ခါရင်း အရင်က ကြက်ပျံမကျ စည်ကားခဲ့တဲ့ ညဈေးတန်းရဲ့ ညလေးတွေကို
ရင်ထဲကနေ တိတ်တခိုးလွမ်းနေကြတာကိုပါ…………………………………………………….

One comment

  • unclegyi1974

    October 23, 2010 at 2:42 pm

    ကိုပေါက်ရ ညဈေးဘာဖြစ်လို့ပြောင်းရတယ်ဆိုတာရယ်
    အရင်တုန်းက ၂၆လမ်နဲ့၂၈လမ်းကြားက ကုက္ကိုပင်ကြီးတွေ
    အကြောင်းပါမှပိုပြည့်စုံမယ်နဲ့တူတယ်နော်

Leave a Reply