ကွမ်းယာ ကြိုက်သူများ ဖတ်ဖို့

ဆူးOctober 20, 20101min1678

ကွမ်းနဲ့ကွမ်းယာဝါးတဲ့ဓလေ့ဟာ၊မြန်မာအပါအဝင်အရှေ့တောင်အာရှနဲ့တောင်ပစိဖိတ်ကျွန်းဒေသနိုင်ငံတွေမှာတွေ့ရတဲ့ဓလေ့ဖြစ်ပါတယ်။ဒါ့အပြင်ကမာ္ဘအနှံ့အပြားကအိန္ဒိယနွယ်ဖွားတွေမှာလည်းတွေ့ရပါတယ်။ တကယ်တော့ ဒီဓလေ့ဟာလွန်ခဲ့တဲ့ နှစ်၂၀၀ဝလောက်ကတည်းက အိန္ဒိယက နေပြန့်ပွားလာခဲ့တာလို့ မှတ်တမ်းတွေကဆိုပါတယ်။(မြန်မာ့ရိုးရာဓလေ့လို့ဆိုချင်သူများစဉ်းစားစရာပါ)ကွမ်းယာမှာ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ဆေးရွက်ကြီး(ဗမာဆေး) တို့အဓိကပါဝင်ပြီး နောက်ပိုင်းမှာ အိန္ဒိယကဝင်တဲ့ အာမွှေး၊နိုင်တီနိုင်း စတဲ့အမွှေးအကြိုင်မျိုးစုံ ထည့်သွင်းလာကြပါတယ်။ ကွမ်းယာကို အပြင်းပြေဝါးတဲ့သူက ဝါးတယ်။ ဆေးရွက်ကြီး အာနိသင်နဲ့ လန်းဆန်းပြီး မအိပ်ချင်အောင် ဆိုပြီးစားတဲ့သူက စားတယ်။ ဆေးလိပ်ဖြတ်ချင်လို့ ဆိုပြီး ကွမ်းယာ ပြောင်းဝါးတဲ့ သူတွေလည်း တွေ့ဖူးပါတယ်။

နယ်မှာတုန်းကဆိုရင် မနက်မိုးလင်းတာနဲ့ ကွမ်းယာနဲ့ စလိုက်တာ ညအိပ်ယာ ဝင်မှ ပါးစပ်ထဲက ကွမ်းယာကို ထွေးဖြစ်တယ်ဆိုတဲ့ လူတွေအများကြီး တွေ့ခဲ့ရပါတယ်။ လူတွေ ကြိုက်ပြီး ဝါးနေကြတဲ့ ကွမ်းယာဟာ၊ သွားနဲ့ခံတွင်း ပြဿနာကစလို့ အသက်အန္တရာယ် အထိဒုက္ခပေးနိုင်တယ် ဆိုတာကျွန်တော်တို့တွေ ရောက်လေရာ နေရာတိုင်းမှာ ကျန်းမာရေးပညာပေး ပြောပြလေ့ရှိပါတယ်။ တချို့လည်း..အဖိုးအဖွားတွေ လက်ထက်ကတည်းက ဝါးလာတာ..ဘာမှမဖြစ်ဘူး..ဆိုပြီး ဆက်ဝါးကြတာပါဘဲ။
အပျင်းပြေဆိုပြီး စဝါးမိတဲ့သူတွေလည်း အလွယ်တကူ မဖြတ်နိုင်ကြတော့ပါဘူး။ကွမ်းယာရဲ့ အပေါ့ဆုံးဆိုးကျိုးတွေက၊ သွားတွေအရောင်ညစ်တာ၊ ကြွေလွှာပြုန်းတီးတာ၊ မေးရိုးအဆစ် ရောဂါရတာ၊ သွားကျောက်တွေတည်ပြီး သွားဖုံးရောဂါတွေရတာပါ။ အသက်အန္တရာယ်ရှိတဲ့ ဆိုးကျိုးတွေကတော့၊ ခံတွင်းကင်ဆာ၊ အစာမျိုလမ်းကြောင်း ကင်ဆာနဲ့ အသည်းကင်ဆာရောဂါ တွေဖြစ်ပါတယ်။
ကွမ်းရွက်ဟာ ဆေးဖက်ဝင် အရွက်ထဲမှာပါပေမယ့်၊ ကွမ်းသီး၊ ဆေးရွက်ကြီးနဲ့ အမွှေးအကြိုင်တွေမှာ နိုင်ထရိုစမင်း၊ အလ်ကာလွိုက်နဲ့ ပိုလီဖီနောဓာတ်တွေ အပါအဝင်ကင်ဆာ ဖြစ်စေတ ဲ့ဒြပ်ပေါင်းအမျိုး ၃ဝလောက်ပါဝင်ပါတယ်။ ထုံးက ခံတွင်းသားတွေကို လောင်စေပြီး၊ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေအထဲစိမ့်ဝင်အောင်အားပေးပါတယ်။ ကင်ဆာမဖြစ်ခင်အဆင့်မှာ၊ sub mucous fibrosis ဆိုတဲ့ ခံတွင်းသားလွှာလေးတွေ အဖြူရောင်ပြောင်းပြီး မာကျောလာတဲ့ အခြေအနေကို တွေ့ရတတ်ပါတယ်။ တချို့ဆိုပါးစပ်ဟလို့ မရတော့အောင် ဆိုးလာပါတယ်။ leukoplakia, oral lichenplanus လို့ခေါ်တဲ့ အဖြူရောင် အကွက်တွေ ပါးစောင်သားနဲ့ လျှာတွေမှာ ဖြစ်တာလည်းရှိပါတယ်။ အဲဒီကနေတစစနဲ့ ကင်ဆာဖြစ်သွား နိုင်ပါတယ်။ နယ်ဆေးရုံမှာ တာဝန်ကျတုန်းက ဒီလိုကေ့စ်တွေ အများကြီးတွေ့ခဲ့ရပါတယ်။ အားလုံးကွမ်းစားတဲ့သူတွေပါ။ ကွမ်းကိုပါးစောင်မှာမြုံထားတတ်တဲ့သူတွေမှာပိုဆိုးပါတယ်။

လျှာကင်ဆာ

လျှာကင်ဆာဆိုတာဟာ လျှာရဲ့အရှေ့ ဒါမှမဟုတ် အနောက်ဘက်မှာဖြစ်တဲ့ ကင်ဆာ အကျိတ်ပါ။ အဖြစ်များဆုံးကင်ဆာ ၁ဝ မျိုးထဲမှာ မပါဝင်ပေမယ့် နှစ်စဉ် နှစ်တိုင်း လျှာကင်ဆာ ရောဂါဖြစ်သူအသစ်တွေ ၄ဝ မှ ၅ဝ ယောက်ထိရှိနေပါတယ်။ အသက် ငယ်သူတွေမှာ ဖြစ်လေ့ဖြစ်ထမရှိပေမယ့် အသက် ၄၅ နှစ်ကျော်လာရင် လျှာကင်ဆာ ဖြစ်နှုန်းမြင့်တက်လာပါတယ်။

လျှာကင်ဆာဟာ ကွမ်းသီးဝါးသူတွေမှာ အဖြစ်များပြီး ဆေးလိပ်သောက်သူ၊ အရက် များများ သောက်သူတွေမှာလည်း လျှာကင်ဆာဖြစ်တတ်ပါတယ်။ ရောဂါ လက္ခဏတွေ အနေနဲ့ လျှာပေါ်မှာ နီရဲတာ ဒါမှမဟုတ် အဖြူအကွက်တွေဖြစ်တာ ဒါမှမဟုတ် အကျိတ် ရှိတာ ဒါမှမဟုတ် အနာရှိတာတွေဖြစ်နေပြီး ကုသမှုခံယူပေမယ့် ပျောက်ကင်းမှုမရှိတာပါ။

တချို့မှာ လျှာနဲ့လည်ချောင်းနာတာ ဒါမှမဟုတ် ထုံကျဉ်နေတာဖြစ်တတ်ပါတယ်။ ဒီဖော်ပြပါ လက္ခဏာတွေဟာ လျှာကင်ဆာဖြစ်နိုင်သလို အခြားရောဂါလည်း ဖြစ်နိုင် ပါတယ်။ ဒါပေမဲ့ အဲဒီလက္ခဏာတွေဟာ နှစ်ပတ်အတွင်း မပျောက်ကင်းရင် ကင်ဆာ ရောဂါဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါတယ်။

ကုသမှုပိုင်းအနေနဲ့ ကင်ဆာအကျိတ်ကို ခွဲစိတ်ဖြတ်ထုတ်ကာ ဒါမှမဟုတ် ခွဲစိတ်တာနဲ့ ဓာတ်ကင်တာပူးပေါင်းပြီးလုပ်တာတွေ လုပ်လို့ရပါတယ်။ ကင်ဆာကျိတ်ဟာ အရေးကြီး နေရင် ဒါမှမဟုတ် ခွဲစိတ်နိုင်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်ရင် ကင်ဆာဆေးသွင်းတာနဲ့ ဓာတ်ကင်ဆာပေါင်းစပ်ပြီး ကုသနိုင်ပါတယ်။ လျှာကင်ဆာဟာ လျှာရဲ့ အရှေ့ဘက်မှာ ဖြစ်ရင် စကားပြောရတာခက်ခဲနိုင်ပါတယ်။ လျှာရဲ့အနောက်ဘက်မှာဖြစ်ရင် အစာမျိုရတာ ခက်ခဲနိုင်ပါတယ်။

ခံတွင်း ကင်ဆာနဲ့ အစာမျိုလမ်းကြောင်း ကင်ဆာတွေဖြစ်ရင် နောက်၅နှစ် အသက်ဆက်ရှင်ဖို့ အခွင့်အရေးဟာ ၆၀%ထက်မပိုတော့ပါဘူး။ မသေခင်မှာလည်း၊ ဓာတ်ကင်ရတာ ကစလို့ မေးရိုးတခုလုံး လှီးထုတ်ပစ်လိုက်ရတာ၊ လျှာဖြတ်ပစ်လိုက်ရတာစတဲ့ ကုသမှုကြီးတွေနဲ့ကြုံရပြီး၊ အစားမစားနိုင် စကားမပြောနိုင်၊ တပိန်ပိန်တလှီလှီနဲ့ နာကျင်တဲ့ ဝေဒနာကို မသေမချင်းခံစား ကြရရှာပါတယ်။ သွားဖုံးနှင် ့လျှာကင်ဆာ ဖြစ်နိုင်သည် သွားများ ကျိုးပြတ် ပျက်စီးခြင်း ၊သွားဖုံးလဲ ရေစီးကမ်းပြိုလိုက်ကာ ပျက်စီး နိုင်သည်ဟု သတိပေးနှိုးဆော်သော်လည်း စားမြဲ စားနေကြပြီး ဖြစ်တော့မှ ဆေးကုမည်ဟု ပြောကြသေးသည် ၊ တကယ်လဲ သွားများကျိုးပြတ်ပျက်စီးသူများမှာ သွားတုများတပ်ကြရမှ ကွမ်းယာပြတ်ကြပါတော့သည်၊

ကွမ်းယာဝါးတာနဲ့ အတူ၊ ဆေးလိပ်သောက်တာ ၊အရက်သောက်တာတွေကလည်း ခံတွင်းနဲ့ အစာမျိုလမ်းကြောင်း ကင်ဆာတွေ ဖြစ်စေနိုင်ပါတယ်။ သုတေသနတွေအရ ကွမ်းလည်းဝါး ဆေးလိပ်လည်းသောက်ရင် မကွမ်းစားဘဲ စားတဲ့လူနဲ့စာရင် ကင်ဆာဖြစ်နိုင်ချေ ၆ဆလောက် မြင့်ပြီး၊ ကွမ်းစားဆေးလိပ်သောက် အရက်သောက်၃မျိုးလုံး လုပ်ရင်တော့ ၁၂၃ ဆ မြင့်သွားပါတယ်။

8 comments

  • moethidasoe

    October 20, 2010 at 6:24 am

    မှန်ပါတယ် .. ဘော်ဒါတစ်ယောက်လဲ ကွမ်းတွေ အဝါးကောင်းလို့ သွားဖုံးကင်ဆာ ဖြစ်တာ .. သွားဖုံးရော .. မေးရိုးပါ ခွဲစိတ် လှီးထုတ်လိုက်ရတယ် .. ဆေးသွင်းရတယ် .. ဓါတ်ကင်ရတယ် .. ဒါကြောင့် ကွမ်းကို အစမလုပ်တာကောင်းတယ် .. ဒါပေမယ့် ပြောမရသေးတဲ့လူတွေ ရှိနေသေးတယ် .. ရောင်းတဲ့လူကတော့ ခေါက်ချိုးမြတ်တာကိုး ရောင်းမှာပေါ့ ..

  • kai

    October 20, 2010 at 8:25 am

    http://myanmargazette.net/?p=2130
    အဲဒီအပေါ်ကလင့်ထဲက သတင်းနဲ့တွဲဖတ်ဖို့ကောင်းတယ်..။
    ဗမာမဝင်ရဖြစ်တာရဲ့ ဇတ်လမ်းအစ..ကွမ်းယာကတဲ့..။

  • khinmintatthu

    October 20, 2010 at 9:15 am

    အစကတော့ အပြင်းပြေပေ့ါ… နောက်တော့လည်း တဖြည်းဖြည်းနဲ့ စွဲလန်းသွားကြတဲ့သူတွေကလည်း မနည်းဘူးနော်… အစမလုပ်မိတာတော့အကောင်းဆုံးပေ့ါ… အစလုပ်မိပြီး ဖြတ်လို့မရတော့ဘူးဆိုရင် ကိုယ်ကိုယ်တိုင်ပဲ ရောဂါကို ခံစားရမှာပေါ့… အားလုံး အစမလုပ်မိကြအောင် ကြိုးစားကြလို့ပဲ တိုက်တွန်းချင်ပါတယ်…

  • Gong Zhu

    October 20, 2010 at 5:27 pm

    ပုံကြီးကလည်းကြောက်စရာကြီးနော် …

  • bigcat

    October 21, 2010 at 12:53 am

    ကျုပ်တို့မြို့က ကုလားတန်းမှာ ရောင်းသူက ချက်ချင်းယာပေးတဲ့ ကွမ်းတယာဆိုရင် တဒေါ်လာပေးရတယ်။ ရယ်ဒီမိတ် ကော်ဖီမစ်လို သံဗူးအဝိုင်းလေးတွေနဲ့ အိန္ဒိယကလာတဲ့ ကွမ်းအစားထိုး ဆေးမွှေးတွေလည်းရှိတယ်။

  • sein

    November 6, 2010 at 8:58 pm

    ကွမ်းယာအကြောင်း၊ပညာပေးထားတာကျေးဇူးတင်ပါတယ်။ ဒီစာတွေ့မှကွမ်းစားဘို့သတိယလို့၊ ထစားလိုက်ပါသေးတယ်။ အိန္ဒိယကလာလို့၊မြန်မာတွေရဲ့ရိုးရာမဟုတ်ဘူးပြောလည်း၊အခုတော့ မြန်မာပြည်မှာကွမ်းယာက၊ရိုးရာဖြစ်နေပါပြီ။ ကျတော်တော့မြန့်မာ့ရိုးရာဇိမ်ခံပစ္စည်းလို့တောင် တင်စားချင်တာပါပဲ။ ဟိုးငယ်ငယ်က ကျောင်းနေစဉ် ကွမ်းတရာဆယ်ပြာခေတ်တုံးက ကျောင်းသား ကြီးတွေစားကြတာတွေ့လို့၊စစားမိခဲ့တာ၊ သူတို့ပြောလို့အလွတ်ကျက်ထားတာ၊မှတ်မိသေးတယ်။ စမုန်စပါး၊မူစကီး၊အာမွှေး၊လေးညှင်း၊ဖါလာ၊ပရုပ်၊နွယ်ချို၊ဂမုန်း၊ ဆိုတာလေး၊ နောက်ရှိသေးတယ်။ ကျောင်းနေတုံးကသင်ခဲံ့ရတာ၊ တံတားဦးက ကွမ်းနုဝါ၊ငမြာကဆေး၊ကွမ်းသီးတောင်ငူနှင့် ကိုင်းထုံးဖြူ၊ပြည်ရှားသာဝါးလို့ထွေး။အဲဒါအပြင် ကွမ်း၊ကွမ်းသီးမရှိရင်အစားထိုးစားရတဲ့ဟာလေး၊ ကွမ်းရွက်ကယ်ညှာကြွေ၊ရေစိမ်တဲ့ဆေး၊သန်းခေါက်လှိုင်လှိုင်နှင့်ချိုင်လိုက်မယ်ထုံးဖြူခြောက်ကယ် အာပေါက်မှထွေး။ ဆိုတာလေးပေါ့။ ဘယ်လောက်ပဲပညာပေးပေးဗျာ၊မဖြတ်နိုင်တဲ့သူတွေတော့ ရောက်တဲ့အရပ်ကမရ၊ရအောင်မှာစားကြတာပါပဲ။ ပညာပေးတာလည်းကျေးဇူးတင်ပါတယ်။

  • Phyo

    November 6, 2010 at 9:08 pm

    ကျနော် အခု ဒီဆောင်းပါးကို ဖတ်နေတာ ကွမ်းယာဝါးရင်း ဖတ်နေတာ… ဒီနေ့ သူငယ်ချင်းတယောက်က ရှားရှားပါးပါး ကွမ်းယာယူလာတာ မစားရတာလည်း ကြာပြီဆိုပြီး ထမင်းစားပြီးကတည်းက ဝါးနေတာ… ဒီဆောင်းပါးလည်းပြီးရော ကွမ်းယာလည်း ပါးစပ်က ထွေးပစ်မိတော့တာပဲ… ကျနော့်သူငယ်ချင်း ကွမ်းယာအရမ်းကြိုက်တဲ့ကောင်ကိုလည်း လက်ဆင့်ကမ်း ပေးလိုက်ပါဦးမယ်နော်

Leave a Reply