ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းက လေထုမငြိမ်သက်မှု ဟာ လေဖိအားနည်း ရပ်ဝန်း တစ်ခုဖြစ်လာ၊ ပိုမိုအားကောင်း လာနိုင်သဖြင့် စောင့်ကြည်ရန် လိုအပ်။ (၂၀-၁၀-၂၀၁၀၊ နံ့နက်(၇)နာရီ(၄၅)မီနစ်အချိန်ထုတ်ပြန်ချက်)

BayoteOctober 20, 20101min837

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းက လေထုမငြိမ်သက်မှုဟာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာပြီ။ ထိုင်း.. အိနိ္ဒယ.. မိုးလေဝသဌာနများက ကြေငြာပြီ။ ပိုမို အားကောင်းလာနိုင်သည့် အပြင် မြန်မာ့ ကမ်းရိုးတန်းနှင့်လည်း နီးကပ်နေသဖြင့် ကြိုတင်ပြင်ဆင် သတိရှိရန်လိုအပ်။

Kalpana-1 မိုးလေဝသဂြိုဟ်တုက (၁၉-၁၀-၂၀၁၀)ရက်နေ့ ညနေ(၆)နာရီခွဲမှာ ရိုက်ယူပေးတဲ့တိမ်ပုံမှာတော့ ပြောင်းလဲမှု(၂)ခုတွေ့ရပါတယ်။ ပထမအချက်ကတော့ ပြန့်ကျဲနေတဲ့တိမ်တွေဟာ ပိုစုစည်းလာပါတယ်။ အင်အားလျော့မသွားပါဘူး CTT -70°C ပါဘဲ။ (၂) တိမ်ဟာ ပိုပြီး စုစည်း(organize)ဖြစ်လာပါတယ်။ Low level inflow, high level outflow တွေ တွေ့လာရပါတယ်။ ဒါဟာ ဒီလေထုမငြိမ်သက်မှုဖြစ်စဉ်ဟာ ဇာတ်စကားနဲ့ပြောရရင် “ပြည်တည်”နေပြီလို့ ဆိုနိုင်ပါတယ်။

(၁၉-၁၀-၂၀၁၀)ရက်နေ့လယ်ပိုင်းကတည်းက စောင့်ကြည့်အဖြစ်သတ်မှတ်ထားခဲ့တဲ့ အဲဒီ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းက လေထုမငြိမ်သက်မှုဟာ ညနေ(၆)နာရီခွဲအချိန်မှာတော့ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာတာကို ထိုင်းနိုင်ငံ မိုးလေဝသဌာနကဖေါ်ပြထားပါတယ်။ ဒီကနေ့ မနက်(၆)နာရီခွဲမှာတော့ အိနိ္ဒယနိုင်ငံ မိုးလေဝသဌာနကလည်း လေဖိအားနည်းရပ်ဝန်းဖြစ်နေပြီလို့ ကြေငြာလာပြန်ပါတယ်။ ဒီလေဖိအားနည်းရပ်ဝန်းလေးက ကမ်းနဲ့နီးကပ် နေတဲ့အပြင် ဆက်လက်လည်း အားယူ နေတာကို တွေ့ရတဲ့အတွက် ရခိုင်ပြည်နယ်က အထူး သတိထားစောင့်ကြည့်ဖို့တော့ လိုနေပါတယ်။ MCCW အနေနဲ့တော့ အထူးစောင့်ကြည့် အမှတ်(၁)အဖြစ် သတ်မှတ် ထားပါတယ်။

တိမ်ထိပ်အပူချိန် -70°C အထိကျဆင်းနေတာကို ကြည့်ရင် တိမ်အစုဟာ ကျစ်လစ်ပြီး အားကောင်းလာနေတာကို ပြနေပါတယ်။ တိမ်ရွေ့လျားမှု (cloud movement) တွေကို ကြည့်တဲ့အခါမှာ low level inflow high level outflow တွေ့ရတဲ့အတွက် အထက်-အောက် Continuity တည်နေတာကိုလည်းတွေ့ရပါတယ်။ အထက်အောက် ချိတ်ဆက်မိသွားပြီဆိုတာနဲ့ ဒါဟာ စိတ်ဝင်စားဖွယ်ရာ ဖြစ်စဉ်ဖြစ်လာတော့မှာပါဘဲ။

တိုင်ဖွန်း မက်ဂီ နဲ့ပတ်သက်လို့ နောက်ဆုံးခန့်မှန်းထားတဲ့လမ်းကြောင်းကတော့ (၂၂-၁၀-၂၀၁၀)ရက်နေ့မှာ တရုတ်နိုင်ငံ ဟောင်ကောင်ကျွန်းကို ဖြတ်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနေရာမှာ ဖြစ်နိုင်တဲ့လမ်းကြောင်းက(၂)မျိုးဖြစ်နေတယ်။ ဟောင်ကောင်ကျွန်းရဲ့တောင်ဖက်(အောက်ဖက်)ကဖြတ်မှာလား၊ ဒါမှမဟုတ် ဟောင်ကောင်ကျွန်းရဲ့မြောက်ဖက်(အထက်ထက်)က ဖြတ်မှာလားဘဲ ဆိုတာပါဘဲ။ ကျွန်တော်တို့ရဲ့အတွေ့အကြုံကတော့ တကယ်လို့ မက်ဂီဟာ ဟောင်ကောင်ရဲ့ တောင်ဖက်ကဖြတ်ရင် latitude lower than 20°N ဖြစ်သွားနိုင်ပါတယ်။ မက်ဂီ ကိုယ်တို်င်တော့ ကျွန်တော်တို့ဖက်ရောက်မလာနိုင်ပေမယ့် ကမ်းကိုဖြတ်တာနဲ့ မြန်မာကြမ်းရိုးတန်းဒေသတွေမျာ မိုးတွေရွာပါလိမ့်မယ်။ (Ramage၊ ထွန်းအောင်ကျော်၊ ခင်မောင်အေး-၁၉၈၅)

မုန်တိုင်းအကြံပြုချက်အနေနဲ့တော့  လောလောဆယ်အနေနဲ့ ရခိုင်ကမ်းရိုးတန်းသွား ငါးဖမ်းရေယာဉ်၊ခရီးသည်တင်-ကုန်တင်ရေယာဉ်များအနေနဲ့ လှိုင်းဒဏ်နဲ့လေဒဏ်ကို အထူးသတိထားဖို့လိုအပ်ပါတယ်။ အထူးသဖြင့် တံငှါလှေတွေ ပိုအရေးကြီးပါတယ်။ လောလောဆယ်မှာ လေတိုက်နှုန်း တစ်နာရီ ၄၀-၄၅ မို်င်လောက်အထိ ခန့်မှန်းပါတယ်။

(Updated on 20-10-2010  at  07:45 MST)

Source: http://www.tunlwin.com/latestdetail.php?myanmar=43

7 comments

  • etone

    October 20, 2010 at 7:37 am

    လေဖိအားနည်းရပ်ဝန်းတွေကိုလည်း ကြည့်မရဘူး ။မုန်တိုင်းတွေကို မုန်းလာပြီ ။ ဘာလို့များဒီလောက်တောင် ခဏခဏဖြစ်နေရတာလဲ။ မုန်တိုင်းတွေ တခြားကိုသွားရင်သွားပါ မြန်မာနိုင်ငံထဲမဝင်လာပါနဲ့တော့ ။ အိုးအိမ်တွေ ပျက်စီး မိသားစုတွေတကွဲတပြားဖြစ်သွားခဲ့တဲ့ လူတွေတောင်အခုထိ အနည်ထိုင်ဖို့ ကြိုးစားနေရတုန်းပါ ။ တစ်ချို့ဆိုရင် အခုချိန်ထိ ရူးကြောင်ကြောင်လေးတွေဖြစ်နေသေးတယ် မိသားစုနဲ့ကွဲရတဲ့ဒဏ်တွေကြောင့်လေ။ မြင်ရတာ ရင်ထဲမကောင်းလွန်းလို့ပါ ။

  • cherrywine

    October 20, 2010 at 7:38 am

    သတ္တဝါတွေ အားလုံး ကျန်းမာကြပါစေ။
    ဘေးအန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ။မြန်မာ
    နိုင်ငံကိုလည်း ကျော်ဖြတ်သွားပါစေ။

    • draungkyawkyawoo

      October 20, 2010 at 8:35 am

      မြန်မာနိုင်ငံကိုဖြတ်ကျော်လို့ ဘယ်ဖြစ်ပါ့မလဲ ။ မုန်တိုင်းဖြတ်ကျော်ရင် မုန်တိုင်းဒဏ်ခံစားရမှာပါ ။ မုန်တို်င်းလမ်းကြောင်းမြန်မာနိုင်ငံအတွင်းမဝင်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ် ။

  • char too lan

    October 20, 2010 at 8:03 am

    ကိုဘရုတ်ရေ… ကျေးဇူးပဲ
    ဒါပေမယ့် တကယ်ဂရုစိုက်ရမယ့်နေရာတွေက သိကြပါ့လား
    စိုးရိမ်စရာပါ သတ္တဝါအပေါင်း ဘေးအန္တရာယ်ကင်းရှင်းပါစေဗျာ…….

  • meelay

    October 20, 2010 at 10:24 am

    မနေ့က ရဲရွာဆည်ကနေ ရေတွေလွှတ်လိုက်တယ်လို့ပြောတယ်။ ဟုတ်လား မသိဘူး။ သိတဲ့လူရှိရင် ပြောပြပေးပါအုံး

  • winkyawaung

    October 20, 2010 at 11:55 am

    ရဲရွာဆည်၊ ဆည်တော်လေးဆည်၊ ဆည်တော်ကြီးဆည်တွေက ရေတွေကို ဖောက်ချတာ မှန်ပါတယ်..။ ဘယ်သူတွေသေသေ မင်းတို့တစ်တွေ မပြုတ်ရင်ပြီးရော့ ဆိုတဲ့သဘောပေါ့ဗျာ..။

  • tunaung

    October 20, 2010 at 3:01 pm

    ပြည်သူအများသတိရှိကြပါ…ဆန္ဒခံယူပွဲလုပ်ခါနီးတုန်းကလဲနာကစ်ကဒုက္ခပေးခဲ့တယ် ကဲခုလဲရွေးကောက်ပွဲလုပ်ဘို့နီးလါပြီဆိုတော့…

Leave a Reply