စိတ်ကူးကောင်းသူ

whiteOctober 20, 20101min490

တစ်ခါက အရက်မူးပြီး ကားလမ်းကို မျဉ်းကျားက မကူးဘဲ လမ်းလယ်က ဖြတ်ကူးလို့
အဖမ်းခံရတဲ့ လူတစ်ယောက် တရားရုံးကို ရောက်လာတယ်။ တရားရုံး ရောက်တော့
တရားသူကြီးက တရားခံကို မေးတယ်။ “မောင်မင်း လမ်းဖြတ်ကူးရာမှာ ဘာလို့
မျဉ်းကျားက မကူးရတာလဲ ”
“ ကျွန်တော်မျိုး မျဉ်းကျားကို ရှာမတွေ့လို့ပါ ”
“မှန်ပါတယ်၊ မျဉ်းကျားက တောင်ဘက်မှာ၊ ကျွန်တော်က မြောက်ဘက်ကို လိုက်ရှာမိလို့ပါ ”
“ ရှာမတွေ့ ရတာနဲ့ ကူးရောလား ”
“ မကူးသေးပါဘူး၊ ကူးမလို့ ဟန်ပြင် နေတုန်းပါ။ အရက်က နည်းနည်းမူးနေတော့
ရှေ့ကိုယိုင်သွားတဲ့ ဆီမှာ မလဲအောင် လို့ ကျွန်တော်မျိုး ထိန်းရင်း
နှစ်လမ်း၊ သုံးလမ်း လှမ်းမိတာပါ။ ကျွန်တော်မျိုးအမူးလွန်နေတယ် ဆိုတာ
အရက်ရောင်းတဲ့ ကိုခွေး သိပါတယ်။ ကိုခွေးဆိုတာ မစိန်ကြည်ရဲ့ ယောက်ျားပါ၊
မစိန်ကြည်ရဲ့ သင်္မီး မင်္ဂလာဆောင်တုန်းက ကျွန်တော်မျိုး သွားပါသေးတယ်၊
သူတို့က ”
“ ဒီမှာ မေးတာကိုပဲ ဖြေပါ။ မျဉ်းကျား မရှိတဲ့ နေရာက လမ်းဖြတ်ကူးတယ်လို့
မောင်မင်းကို စွဲဆိုထားတယ် မဟုတ်ဘူးလား ဒါပဲ ဖြေပါ ”
“ ကျွန်တော်မျိုး မကူးပါဘူး၊ မကူးတဲ့ အကြောင်းကို သက်သေပြနေတာပါ၊
ကိုခွေးဆိုင်မှာ သောက်တုန်းက ကို အုန်းမောင် ပါ ပါတယ်။ ကျွန်တော်မျိုး
မူးရင်း ရှေ့ကို လေးငါးလှမ်း ယိုင်တတ်တယ် ဆိုတာ သူသိပါတယ်။
ကျွန်တော်မျိုးနဲ့ ကိုအုန်းမောင်နဲ့ ငါးမျှားတုန်းက အဲသလို
ယိုင်ဖူးပါတယ်။ တောင်သမန်သွား ငါးမျှားတာပါ။ အဲဒီနားက ဘုန်းကြီးကျောင်းက
ဆရာတော် ဦးပညာကျောင်းမှာတောင် ငှက်ပျောသီး တောင်းစားပါသေးတယ်။ သူ့
ကျောင်းဘေးက သီးပင်ကြီးဆိုရင် အလွန်ချိုပါတယ် ”
တရားသူကြီးမှာ စိတ်မရှည်တော့-
“ ဒီမှာမောင်မင်း၊ ဝန်ခံလိုက်ရင် ဒဏ်ငွေ ငါးဆယ်ပဲ ရိုက်မှာ ဘယ်လောက်မှ
အပြစ်ကြီးတာလဲ မဟုတ်ပါဘူး။ ကြောက်စရာလဲ မလိုပါဘူး ”
“ ကျွန်တော်မျိုး မကြောက်ပါဘူးဘုရား၊ ဆင်ဖြူကန် သင်္ချိုင်းမှာ တောင်
တစ်ယောက်တည်း အိပ်လာခဲ့သေးတယ်။ လူရွှင်တောကိုဒီပါ သိပါတယ်။ သူက ကိုရွှေဆီက
အမဲအူပြုတ် ယူလာတာကို သင်္ချိုင်းထဲမှာ သွားစားရဲရင် အကြီးတစ်လုံး ပေးမယ်
ဆိုတာနဲ့ သွားစားတာပါ၊ တော်ရုံတန်ရုံနဲ့ ဆို သွားစားရဲဖို့ မလွယ်ပါဘူး၊
ကျွန်တော်မျိုး သူငယ်ချင်း တတ်တူဆို ညမှောင်တာနဲ့ အိမ်ပြင်တောင်
မထွက်ရဲပါဘူး၊ ဒါနဲ့ အရှင်က ဘယ်အရပ်ကလဲ ၊ တတ်တူ တို့ အိမ်နဲ့များ
နီးမလားလို့…လို့ …”
တရားသူကြီး က စိတ်ပျက်စွာနဲ့
“ မောင်မင်း စကားတွေ အများကြီး မပြောပါနဲ့ ”
“ အရှင်ဘုရားမေးလို့ ပြောတာပါဘုရား ”
“မေးတာကို မေးတာပဲ ဖြေပါ၊ မောင်မင်း လမ်းဖြတ်ကူးသလား ”
“ ကူးပါဘူးဘုရား ၊ အဲဒီနား လမ်းထိပ်က ရေခဲရေသည် မေးကြည့်ပါဘုရား၊ သူ
ကျွန်တော်မျိုးကို ကောင်းကောင်းကြီးသိပါ်တယ်။ ကျွန်တော်မျိုး
နေ့တိုင်းသူဆီက ရေခဲရေ သောက်နေကျပါ။ သူ့ယောက္ခမ ဆိုက်ကားနင်းပါတယ်။
ကလေးသုံးယောက် နဲ့ ၊ သူ့နှမက မိုက်တယ်ဘုရား၊ ထမင်းအိုးကြီးကို
ပေါင်စားပစ်တယ်၊ ခုတော့ မြေအိုးနဲ့ ချက်နေရတယ် ”
တရားသူကြီးသည် သက်ပြင်းချလိုက်ပြီး အိတ်ထဲမှ ပိုက်ဆံကို နှိုက်ကာ
ငွေငါးဆယ်ကို စိုက်၍ ဒဏ်ဆောင်လိုက်သည်။
ပြီးတော့မှ တရားခံကို ထွက်သွားရန် ပြောလိုက်လေတော့သတည်း ………။