မြန်မာ့ရှေးဟောင်းပုံရိပ်များ …………

khinmintatthuOctober 20, 20103min1013

မြန်မာ့ရှေးဟောင်းပုံရိပ်များ

ကျွန်တော် စာကြည့်တိုက်မှာ Myanmar Interior Design နဲ့ ပါတ်သတ်ပြီး လေ့လာခဲ့စဉ်က တွေ့ရှိခဲ့သည် ဓါတ်ပုံ အချို့ကို ပြချင်ပါသည်။ အတော့်ကို ရှားပါးနေသည့် ဓါတ်ပုံများပါ။ Max. and Bertha ferrars မှတ်တမ်းပြုခဲ့သည့် ၁၈၉ဝနောက်ပိုင်း ပါတော်မူပြီးကာစ မြန်မာကျေးလက်ဓါတ်ပုံများက ကောက်နှုတ်ချက်တွေပါ။ ပါတော်မမူခင်နှင့် ပါတော်မူပြီးကာစ အခြေအနေများက ဘာမျှ မပြောင်းလဲသေးပါဘူး။ ထိုစဉ်အချိန်အခါက မြန်မာလူမျိုးများ ဘယ်လို နေထိုင် စားသောက်ခဲ့သလဲဆိုတာ လေ့လာနိုင်ပါသည်။ ထိုဓါတ်ပုံများက မြန်မာ့ဓလေ့ထုံးတမ်းတွေ လေ့လာချင်သူများအတွက် အတော့်ကို အသုံးဝင်သလို ရှေးခေတ်သရုပ်ဖော် ရုပ်ရှင်ဗွီဒီယို ဖန်တီးသူတွေအတွက်လည်း ဝတ်စားဆင်ယင်မှု၊ ဇာတ်ဝင်ခန်းအသုံးအဆောင် ပစ္စည်းများ အထားအသိုကိုလည်း လေ့လာနိုင်ပါသည်။ ထို့အပြင် ရှေးဟောင်း မြန်မာ့ဖက်ရှင်ကို လေ့လာချင်လျင်လည်း ရပါသေးသည်။ မူပိုင်ခွင့်အရ တစ်စုံတစ်ယောက်က ဖြုတ်ပေးဖို့ လာရောက်တောင်းဆိုလျင်လည်း ပြန်လည် ဖြုတ်ပေးပါ့မည်။ အခုလောလောဆယ်တော့ စာဖတ်သူများ ဓါတ်ပုံများကို ခံစားလေ့လာနိုင်ကြပါစေ။ (Reference စာကြည့်တိုက်မှ စာအုပ်များကို ငှားခွင့်မရှိသောကြောင့် ဓါတ်ပုံရိုက်ယူခဲ့ရသဖြင့် ပုံတွေက မကြည်လင်တာ ခွင့်လွှတ်ပါ)

၀၁။ မြန်မာ့ရိုးရာကျေးလက်တစ်နေ့တာ
၀၂။ ကျေးလက်မင်္ဂလာဆောင်
၀၃။ လူနေမှုဘဝအထွေထွေ
၀၄။ မြန်မာ့ရိုးရာအားကစား
၀၅။ မြန်မာ့ကျေးလက်ရှင်ပြု
၀၆။ ဘုန်းကြီးကျောင်းနှင့်သံဃာတော်များ
၀၇။ အနုပညာသဘင်
၀၈။ ၁၉၈ဝကာလက မြန်မာ့ဖက်ရှင်
၀၉။ မြန်မာ့နန်းတွင်းဗိသုကာ
၁၀။ ၁၈၉ဝကာလက ရန်ကုန်နှင့် တခြားမြို့ကြီးများ
၁၁။ သယ်ယူပို့ဆောင်ရေး

၀၁။ မြန်မာ့ရိုးရာကျေးလက်တစ်နေ့တာ

တောလက်ကျေးရွာမှာ ရှေးယခင်က ကြိမ်လုံးလေးတွေဖြင့် ကလေးပုခက်လေးတွေ လုပ်တတ်ကြပါသည်။ ထိုပုခက်လေးများကို ကြမ်းပြင်ပေါ်မှာတင်လျင်တင်၊ မတင်ချင်သည့်အခါ အိမ်ထုတ်တန်းမှာ ဆွဲပြီး လွှဲလေ့ရှိပါသည်။

ချမ်းသာသည့်လူတန်းစားအများစုကတော့ ကလေးပုခတ်ကို ကြိမ်ဖြင့် မယက်တော့ဘဲ လက်သမားဆရာကို စိတ်ကြိုက်မှာပြီး ကနှုတ်ပန်းဖြင့် ပြီးသော သစ်သားပုခတ်ကို ပြုလုပ်လေ့ရှိပါသည်။ တခြို့ကလေးပုခက်တွေမှာ မှန်စီရွှေချလေးများတောင် ပါကောင်းပါပါလိမ့်မည်။

ကလေးလေးတွေ ဆော့ကစားတတ်သည့်အချိန်မှာတော့ မိဘများက ရွှံ့ဖြင့်လုပ်သော နွားရုပ် ကျွဲရုပ်များ၊ စက္ကူဖြင့်ပုံဖော်ထားသော ဇီးကွက်၊ ပစ်တိုင်းထောင်ရုပ်များ ဝယ်ပေးတတ်ကြသည်။ အထက်ကပုံမှာတော့ ကလေးလေးများ ဆော့ဖို့ လှည်းသေးသေးလေး တစ်ခုပါ။ တစ်ယောက်ကို တစ်ယောက်တင်ပြီး ဆွဲလို့ရပါသည်။ ကျွန်တော်တို့ငယ်ငယ်က အုန်းလက်ကို တစ်ယောက်ကထိုင်ပြီး နောက်တစ်ယောက်ကဆွဲရသည့် ဆော့ကစားနည်းလိုပေါ့။

မိန်းကလေးများ အရွယ်ရောက်လာသည့်အခါ သနပ်ခါးလိမ်း အလှပြင် တရုတ်စက္ကူနီများဖြင့် နှုတ်ခမ်းကိုရဲနေအောင် ဆိုးတတ်ကြပြန်သည်။ တရုတ်စက္ကူနီ မရှိလျင် ကွမ်းစားပြီး နှုတ်ခမ်းကို ရဲနေအောင် ပြင်တတ်ကြ၏။

အလှပြင်ပြီးသည့်အခါ လူပျိုလှည့်လာသည့် ကာလသားများကို ကွမ်းဆေးဖြင့် ဧည့်ခံကြရသည်။ ထိုသို့ဧည့်ခံရာတွင် မြန်မာမိန်းကလေးများက စကားပုံမျိုးစုံဖြင့် ထိုကာလသားကို ပညာစမ်းတတ်ကြသည်။

အမျိုးသမီးတစ်ယောက် အရွယ်ရောက်လာလျှင် အိမ်သုံးဖို့အတွက် သောက်ရေ သုံးရေ ခပ်ကြရသည်။ ရှေးယခင်အမျိုးသမီးတို့ ရေခပ်ဆင်းသည့်အခါ အပေါ်အကျီင်္မပါ။ ထမီရေလျားဖြင့် ရေအိုးရွက်ကြသည်။

အထက်က ပုံကတော့ အတော့်လေးကို ထူးခြား၏။ အမျိုးသမီးတစ်ယောက် ရေခပ်ဆင်းရာတွင် ထမီကို ခါးအထိသာ ဝတ်ထားပြီး အပေါ်ဗလာကျင်းနေသည့်ပုံဖြစ်သည်။ ဓါတ်ပုံဆရာအလိုကျလား ဒါမှမဟုတ် တချို့ရပ်ရွာတွေမှာ ထိုဓလေ့ရှိတတ်ကြသလား။ စဉ်းစားစရာပင်။

ရေခပ်ဆင်းပြီးသည့်အခါ ရေများကို အိုးငယ်လေးများဖြင့် ထည့်ပြီး သောက်ရေအတွက် သီးသန့်ဖယ်တတ်ကြသည်။

အိမ်ရှေ့မှာပဲဖြစ်ဖြစ်၊ အရိပ်ရသော အပင်အောက်မှာပဲ ဖြစ်ဖြစ် ခရီးသွားများအတွက် သောက်ရေဒါနပြုတတ်ကြတာ မြန်မာ့အစဉ်အလာတစ်ခုပင်ဖြစ်သည်။

မိန်းကလေးများက အိမ်မှာ နေလျှင်လည်း ချည်ယက်ကြရသည်။ ဓါတ်ပုံထဲကမိန်းကလေးတစ်ဦးသည် ပိုးထမီကို ဝတ်ထားပြီး အပေါ်အကျီင်္ကို ဝတ်ဆင်ထားခြင်း မရှိပါ။ ကျေးလက်နေ မိန်းမပျိုလေးများ၏ ဗလာထမီသည် နန်းတွင်းသူလေးများထက် တိုကြသည်။

တခါတရံ အခုလို အလုပ်ရှုပ်နေသည့်အခါမျိုးမှာ ကိုလူပျိုတစ်ချို့ ရစ်သီရစ်သီ လာလုပ်တတ်ကြပါသေးသည်။

၁၈၉၀ဝန်းကျင်က မီးဖိုချောင်အထားအသိုပင် ဖြစ်သည်။ ယခုကျေးလက်များတွင် ယခုလိုပဲ တွေ့နိုင်သေးသည်။ နှစ်ပေါင်း၂၀ဝကျော်သော်လည်း ဘာမှ မပြောင်းလဲသေး။

ချမ်းသာသည့် မိသားစုတစ်စု၏ စားသောက်ဝိုင်းလေးပင်ဖြစ်သည်။ ကနှုတ်တွေဖြင့် တန်ဆာဆင်ထားသော စားပွဲခုံပုလေးတွင် ဟင်းခွက်များကို တင်ထားပြီး ထမင်းပုကန်များကို ကြမ်းပေါ်ချ၍စားကြသည်။

ဆင်းရဲသည့် ကျေးလက်နေတောသူတောင်သာများကတော့ ဒေါင်းလန်းကြီးပေါ်မှာပဲ ထမင်းရော ဟင်းရောပုံပြီး လက်ရည်တပြင်တည်း စားသောက်ကြသည်။ တချို့ဒေါင်းလန်းများမှာ ဟသာင်္ပြဒါး၊ သို့မဟုတ် ဒေါင်းရုပ်ခံသည့် ခြေထောက်များရှိတတ်ကြပါသည်။

အိမ်သို့သက်ကြီး အဖိုးအဖွားများ အလည်လာလျှင်ပဲ ဖြစ်ဖြစ် ဆွေမျိုးသားရင်းများ အလည်လာလျင်ပဲဖြစ်ဖြစ် ငယ်ရွယ်သူများက လက်ဖက် ကွမ်းဆေးဖြင့် ဧည့်ဝတ်ပြုကြရပါသည်။

သက်ကြီးရွယ်အိုအများစုက အိမ်ရှေ့မှာပဲ ဖြစ်ဖြစ် ခြံထဲမှာပဲဖြစ်ဖြစ် လက်ဖက်လေးစားလိုက် ကွမ်းလေးမြုံ့လိုက်ဖြင့် စကားဖောင်ဖွဲ့လေ့ရှိတတ်ကြသည်။ ပညာလိုချင်သော လူငယ်များက အနီးအပါးကနေ လာနားဆင်လေ့ ရှိကြပြန်သည်။ သက်ကြီးစကား သက်ငယ်ကြားဆိုတာ ဒီကနေစတယ်လို့ ထင်မိပါ၏။

မေးလ်ထဲမှ စာဖတ်ပရိတ်သတ်ကြီးအား ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါသည်။

3 comments

  • tunaung

    October 20, 2010 at 2:16 pm

    ကျေးဇူးတင်ပါတယ်..တခါမှမတွေ့ဘူးသေးပါ…နောက်လဲတွေ့ယင်တင်ပေးပါအုံး…

  • kopauk mandalay

    October 20, 2010 at 3:45 pm

    ဒီပုံလေးတွေ ကိုတင်ပေးတာ ကျေးဇူးပါ။
    ကျနော်တို့ အတွက် အလွန်တန်ဘိုးရှိသောရှေးဟောင်းပုံလေးတွေပေါ့ဗျာ။
    ကျနော်တို့မြန်မာတွေ ဘယ်လိုနေခဲ့သလဲဆိုတာကို သိရတာပေါ့။

  • Gong Zhu

    October 20, 2010 at 5:16 pm

    အောက်ကရယ်ရင် လေးပုံမြောက်က အကျီ မပါဘူးလားဟင် …

Leave a Reply