မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုယိုတာ စီးပွားဘက် ရုပ်သိမ်း…………………

cobraOctober 21, 20101min490

မြန်မာစစ်အစိုးရနဲ့ ဖက်စပ်လုပ်နေတဲ့ တိုယိုတာ ဆူးရှိုး ကော်ပိုရေးရှင်း (Toyota Tsusho Corp.) ကြီးက မြန်မာပြည်ထဲမှာ ရင်းနှီးထားတဲ့ သူတို့ရဲ့ အစုရှယ်ယာတွေကို ထုတ်ရောင်းခဲ့ပါတယ်။

မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံနေတာဟာ မြန်မာပြည်သူတွေကို အကျိုးမဖြစ်စေဘဲ အစိုးရကိုသာ တိုက်ရိုက် အကျိုးရှိစေတဲ့အတွက် တိုယိုတာ ကုမ္ပဏီကို မြန်မာနိုင်ငံထဲမှာ ရင်းနှီးမှုတွေ ရုပ်သွားအောင် တိုက်တွန်းခဲ့တယ်လို့ ဦးဆောင် တိုက်တွန်းခဲ့သူ တဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ မော်တော်ကားတွေ၊ မော်တော်ဆိုင်ကယ်တွေ မြန်မာစစ်အစိုးရနဲ့ ဖက်စပ် ထုတ်လုပ်ခဲ့တဲ့ တိုယိုတာ ဆူးရှိုး ကော်ပိုရေးရှင်း မြန်မာနိုင်ငံနဲ့ ဆက်ပြီး စီးပွားရေး မလုပ်တော့တဲ့ အကြောင်းကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရနဲ့ ပူးတွဲ တည်ထောင်ထားတဲ့ မြန်မာ ဆူဇူကီး ကားထုတ်လုပ်ရေး ကုမ္ပဏီမှာ တိုယိုတာ ကားကုမ္ပဏီရဲ့ စီးပွားဘက် တိုယိုတာ ဆူးရှိုး ကော်ပိုရေးရှင်းက ထည့်ထားတဲ့ အစုရှယ်ယာ ၂၀% ကို ပြီးခဲ့တဲ့ ဇွန်လက ပြန်ရုပ်သိမ်းခဲ့တာပါ။ ဒီလိုဖြစ်လာအောင် အဓိက တွန်းအားပေးခဲ့တာကတော့ အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ အခြေစိုက် ဒိုမီနီ (Domini) ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက သုတေသနမှူး ရှင်းန် ဖုရုယ (Shin Furuya) ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှု ပြန်ရုပ်သိမ်းသွားအောင် လုပ်ခဲ့ရတဲ့ အဓိက အချက်ကတော့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ချက်ကြောင့် ဖြစ်တဲ့အပြင် မြန်မာလူထုကို တိုက်ရိုက် အကျိုးမဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်နေတာကလည်း အရေးပါတဲ့ အကြောင်းတခု ဖြစ်ပါတယ်လို့ ရှင်းန် ဖုရုယက ဗွီအိုအေကို ပြောပါတယ်။

“မြန်မာအစိုးရနဲ့ တိုက်ရိုက် ပူးတွဲရင်းနှီးမြှုပ်နှံမှု ဖြစ်နေတာက နောက်ထပ် စိုးရိမ်စရာကိစ္စ ဖြစ်လာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာပြည်မှာက မော်တော်ကား ဈေးကွက်ကို တင်းတင်းကျပ်ကျပ်ကို ထိန်းချုပ်ထားတာပါ။ ဒါကြောင့် ဒီရင်းနှီးမြှုပ်နှံမှုရဲ့ ထုတ်ကုန်တွေဟာ လူထု များရာစုကြီးအတွက် အကျိုးဖြစ်စေတာ မဟုတ်ဘဲ မြန်မာစစ်အစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးရှိတဲ့ လူနည်းစုလေး၊ ဒါမှမဟုတ် မြန်မာအစိုးရထဲက လူတွေပဲ အကျိုးစီးပွား ဖြစ်ထွန်းနေပါတယ်။”

ဒါကြောင့် မစ္စတာရှင်းန် လုပ်နေတဲ့ ဒိုမီနီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ အပါအဝင် တခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုမ္ပဏီတွေ ပေါင်းပြီးတော့ တိုယိုတာ ကုမ္ပဏီရဲ့ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ဖော်ပြတဲ့ စာတစောင်ကို တိုယိုတာ ကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌဆီကို လွန်ခဲ့တဲ့ ၂ နှစ်မှာ ပေးပို့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာမှ တိုယိုတာ ကုမ္ပဏီက ဒီရင်းနှီးမြှုပ်နှံမှု ကိစ္စကို အရေးတယူ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လမှာတော့ တိုယိုတာ ဆူးရှိုး ကုမ္ပဏီက သူတို့ ရင်းနှီးမြှုပ်နှံထားတဲ့ အစုရှယ်ယာ ၂၀% ကို ပြန်ပြီး ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲကနေ ပြည်ပ ရင်းနှီးမြှုပ်နှံမှု တခုခု ထွက်သွားအောင် လုပ်တဲ့အခါတိုင်းမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေ ထိခိုက်နစ်နာတယ် ဆိုပြီး ပြန်ချေပတာတွေ ထွက်လာလေ့ ရှိပါတယ်။ ဒီကိစ္စကို စလုပ်ကတည်းက အလုပ်သမားတွေ နစ်နာမယ့် အရေးကို သူတို့အနေနဲ့ ထည့်သွင်း စဉ်းစားခဲ့ပါတယ်လို့ မစ္စတာရှင်းန်က ဆိုပါတယ်။

“အလုပ်သမားတွေရဲ့ အထွေထွေ အခြေအနေကို ကျနော်တို့ အမြဲထည့်သွင်း စဉ်းစားသလို အလုပ်သမားတွေဘက်ကိုလည်း ကြည့်ပါတယ်။ ဒါပေမဲ့ အခုကိစ္စကို ကျနော်တို့ ကြည့်တဲ့အခါ အလုပ်သမားတွေရဲ့ အထွေထွေ အခွင့်အရေးအတွက် ဘယ်လို အာမခံချက်မှ မရှိတာကို တွေ့ရပါတယ်။ အဲဒါက နောက်ထပ် စိုးရိမ်ဖွယ်ရာ ကိစ္စတခု ဖြစ်ခဲ့ပါတယ်။”

တိုယိုတာ ဆူးရှိုး ကုမ္ပဏီရဲ့ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ရုပ်သိမ်းအောင် မစ္စတာရှင်းန်ရဲ့ ဒိုမီနီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနဲ့ ပူးတွဲ လုပ်ဆောင်ခဲ့ကြတဲ့ ကုမ္ပဏီတွေဟာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေမှာ လူ့အခွင့်အရေး၊ လူမှုရေး အခြေအနေ၊ သဘာဝ ပတ်ဝန်းကျင်၊ အုပ်ချုပ်ရေး ပုံသဏ္ဌာန် စတဲ့ အချက်တွေကိုပါ ထည့်သွင်းစဉ်းစားပြီး ကျင့်ဝတ်သိက္ခာနဲ့ ကိုက်ညီတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေကိုပဲ လုပ်ကြဖို့ အားပေး တိုက်တွန်းနေကြတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။

အခုဖြစ်ရပ်ကနေ မြန်မာနိုင်ငံမှာ နောက်ထပ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေပေါ် သက်ရောက်မှု ရှိစေဖို့တင် မကဘဲ ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို ရင်းနှီးမြှုပ်နှံနေကြတဲ့ ဘယ်လိုကုမ္ပဏီမျိုးပေါ်ကို မဆို သက်ရောက်မှုရှိဖို့ သူတို့ မျှော်လင့်ပါတယ်လို့ မစ္စတာရှင်းန်က ပြောပါတယ်။

“ဒီရင်းနှီးမြှုပ်နှံမှုကနေ လူ့အခွင့်အရေးအပေါ် သက်ရောက်နိုင်တဲ့ အန္တရာယ် အလားအလာ ရှိနေတယ် ဆိုတာက အခြေခံအချက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ကိစ္စမှာတော့ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက် စီးပွားရေး လုပ်မယ်ဆိုရင် လူ့အဖွဲ့အစည်း တခုလုံးကို မြန်မာစစ်ဘက်က ထိန်းချုပ်ထားတယ် ဆိုတဲ့အချက်က အတော်လေးကို အရေးပါတဲ့ သက်ရောက်မှု ရှိနေပါတယ်။”

နယူးယောက် အခြေစိုက် ဒိုမီနီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက သုတေသနမှူး ရှင်းန် ဖုရုယ ပြောသွားတာ ဖြစ်ပါတယ်။

တိုယိုတာ ဆူးရှိုး ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှု ပါဝင်တဲ့ မြန်မာ ဆူဇူကီး ကားကုမ္ပဏီဟာ မော်တော်ဆိုင်ကယ်တွေ၊ ထရပ်ကားငယ်တွေနဲ့ လူစီးကားတွေ ထုတ်လုပ်ပါတယ်။ မြန်မာ ဆူဇူကီး ကားကုမ္ပဏီဟာ ၂၀၀၆ ခုနှစ်က ကားအရေအတွက် အစီးပေါင်း ၁၂,၀၀ဝ ကို ထုတ်လုပ်ခဲ့တယ်လို့ ရှင်းန် ဖုရုယုက ခန့်မှန်းထားပါတယ်



By ဦးကျော်ကျော်သိန်း