အရှင်ပညာစာရ လွတ်မြောက်ရေး တပြည်နယ်လုံး အတိုင်းတာဖြင့် သံဃာတော်များ လက်မှတ်ထိုး တောင်းဆိုမည်……..

cobraOctober 21, 20101min755

စစ်တွေမြို့တွင် မတရား ဖမ်းဆီး လူဝတ်လဲခံရပြီး တရား ရင်ဆိုင်နေရသည့် ဆရာတော် အရှင် ပညာစာရ လွတ်မြောက်ရေး အတွက် ရခိုင်ပြည်နယ် တခုလုံး အတိုင်းအတာဖြင့် သံဃာတော်များ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုသွားမည်ဟု သတင်း ရရှိသည်။

ဦးဆောင်ရာတွင် ပါဝင်သည့် ရဟန်းတော် တပါးက “ အခု အစီအစဉ်ကို စာသင်သား ရဟန်းတော် တွေက ဦးဆောင်လုပ်ကိုင်တာ ဖြစ်ပါတယ်။ ဆရာတော် ပညာစာရမှာ အပြစ်မရှိတဲ့ အတွက် တရား ဥပဒေအတိုင်း ဖြစ်စေလိုတဲ့ အတွက် ခုလို စီစဉ်ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ လှုပ်ရှားမှုကို ယခုအခါ မြောက်ဦး၊ ကျောက်တော်၊ စစ်တွေ၊ ရမ်းဗြဲ၊ မာန်အောင်၊ ပုဏ္ဍားကျွန်းနှင့် မင်းပြား မြို့နယ်များတွင် စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သူကပြောသည်။

“ဦးဇင်းတို့အခု လက်မှတ်တွေ ကောက်ခံနေတယ်။ နယ်ခံ ကိုယ်တော်တွေက မြို့နယ် အလိုုက် ကောက်ခံနေတာ ဖြစ်တယ်။ တချို့ဆရာတော်ကြီးတွေလည်း ပါဝင်လာပါတယ်။ အခုတော့ ၂၀ဝ လောက်ပဲ ရသေးတယ်။ ဘယ်လောက်ထိ ရမယ်ဆိုတာတော့ အတိအကျမပြောနိုင်သေးဘူး။ မကြာမှီ တင်ဖြစ်ဖို့ ဦးဇင်းထင်တယ်။”

ယခုကဲ့သို့ သံဃာတော်များ တစ်ပြည်နယ်လုံးအတိုင်းတာဖြင့် တောင်ဆိုရန် စီစဉ်လာရခြင်းမှာ စစ်တွေမြို့မှ တကာတကာမများ၏ တိုက်တွန်းမှုကြောင်း ဖြစ်သည်ဟု အဆိုပါ ရဟန်း တော်မှ ဆက်ပြောသည်။

“ဒီလိုဖြစ်လာဖို့ အဓိကအားပေးတာက ဒီကတကာတကာမတွေ အားပေးမှုကြောင့်ပါပဲ။ ဦးဇင်း တို့ ဆွမ်းခံကြွရင် တကာ တကာမတွေက ပြောတယ်။ ဦးဇင်းတို့ တောင်းဆိုလို့ ရွှေဝါရောင် တော် လှန်ရေးတုန်းကလည်း ရေလှူလို့ အဖမ်းခံရတဲ့ ကလေးနှစ်ဦး လွတ်လာတယ်။ ဒီကိစ္စမှာ လည်း ဦးဇင်းတို့ စုပေါင်း တောင်းဆိုရင် လွတ်နိုင်တယ်။ ဦးဇင်းတို့လုပ်သင့်တယ်ပေါ့။ ဒီလိုတကာတွေ တိုက်တွန်းလာတော့ ဦးဇင်းတို့လည်း အမှန်တရားအတွက် လုပ်သင့်တယ် ထင်ပီး ခုလို စီစဉ် လုပ်ကိုင်ဆောင်ရွက်ရတာ ဖြစ်ပါတယ်။”

ဆရာတော် ပညာစာရမှာ အမျိုးဘာသာ သာသနာ အကျိုးကို ဆောင်ရွက်နေသော ရဟန်းတော် တပါးဖြစ်သည့် အပြင် မိဘမဲ့ လူမမယ် ကလေးများ အကျိုးကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်ဖြစ်၍ သက်ညှာသောအားဖြင့် လွတ်ပေးရန် အနောက်ပိုင်တိုင်းမှူးကို မေတ္တာရပ်ခံသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

စက်တင်္ဘာလ ရ ရက်နေ့ကလည်း ဆရာတော်ပညာစာရအား တရားမျှတစွာ စစ်ဆေးရန် စစ်တွေ ပုဏ္ဍားကျွန်း မင်းပြားမြို့နယ်များမှ ဆရာတော် ၁၅ ပါးက အနောက်ပိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်းထံ စာရေး မေတ္တာ ရပ်ခံခဲ့သော်လည်း တစုံတရာ ပြန်ကြားမှု မရှိကြောင်း သိရသည်။

ယခုအကြိမ်တွင်လည်း အာဏာပိုင်များဘက်မှ တစုံတရာတုန့်ပြန်မှု မရှိပါက သံဃာတော်များ အနေဖြင့် ဆရာတော် လွတ်မြောက်ရေး ဆက်လက ်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း သူပြောသည်။

ဆရာတော် အရှင်ပညာစာရကိုု နေ့စဉ်ဆက်တိုက် ရုံးထုတ်စစ်ဆေးနေပြီး ဆရာတော်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေနှစ်ဦးကိုလည်း တနင်္လာနေ့က ရှေ့နေပါဝါ ရုတ်သိမ်း လိုက်သည့်အတွက် ရှေ့နေဒေါ် အေးနုစိန်တဦးသာ လိုက်ပါဆောင် ရွက်နေကြောင်း သိရသည်။

မောင်အေး

5 comments

  • etone

    October 22, 2010 at 8:13 am

    ငရဲမကြောက်ဘာမကြောက်တွေ ။ အမှန်တရားကို နတ်စောင့်ပါတယ် ။

  • fatty

    October 22, 2010 at 8:45 am

    ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူများလွတ်မြောက်အောင် တနိုင်ငံလုံးက လက်မှတ်တွေထိုးသင့်တယ်။

  • char too lan

    October 22, 2010 at 10:58 am

    အဲလောက်သာလိမ္မာရင် မပြောတော့ဘူး

  • narziparty2009

    October 22, 2010 at 1:43 pm

    တော်တော်စာနာစိတ်မရှိတဲ.ကောင်တွေ။လူလိုမသိတတ်တဲ.ကောင်တွေမင်းတို.ကဗုဒ္ဓဘာသာရောဟုတ်ကြသေးရဲ.လား။
    တရုတ်နဲ.ကုလားတွေကိုအဖေလိုဆက်ဆံကိုယ်လူမျိုးကျတော.ပစ်ထား။လူမျိုးပစ်တာထားအုံးဘုန်းကြီးတွေကိုရိုက်နှက်
    တော်တော်ရိုင်းတဲ.ကောင်တွေ။
    မင်းတို.လုပ်တာနဲ.မြန်မာနိုင်ငံကနေ တရုတ်နဲ.ကုလားပေါင်းပြီး
    ကုလားရုတ်နိုင်ငံပေါ်တော.မယ်။

Leave a Reply