မန္တလေးသားတွေက မြို့တော်ဝန် ဘုန်းဇော်ဟန် ဘယ်လောက် လာဘ်စားထားတယ်ဆိုတဲ့ကိစ္စ ဒီဗွီဘီရုပ်သံက ဖွင့်ချသွားတာကိုပဲ စိတ်ဝင်စားနေကြတယ်။

cobraOctober 21, 20101min1234

ယခုရက်ပိုင်းအတွင်း မန္တလေးမြို့၌ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေကြရာတွင် အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီက ဦးဆောင်နေကြောင်း မြို့ခံများထံမှ သိရသည်။

မန္တလေးမြို့ခံ စာပေသမားတဦးက “မန္တလေးကနေ ပြိုင်မယ့်ပါတီ အတော်များများ ရှိတယ်။ ကြံ့ဖွံ့၊ တစည၊ အန်ဒီအက်ဖ်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အစရှိသဖြင့်ပေါ့။ ဒါပေမယ့် ရွေးကောက်ပွဲ မဲဆွယ်တာနဲ့ ပတ်သက်လို့ကတော့ လူတွေကြားထဲမှာ အန်ဒီအက်ဖ် ပါတီကိုပဲ မြင်ရတယ်။ သူတို့က ဆိုင်ကယ်တွေနဲ့ လက်ဖက်ရည်ဆိုင်တကာ လျှောက်သွားတယ်။ လူတွေကို ပါတီ စည်းရုံးရေး လက်ကမ်းစာစောင်တွေ ဝေတယ်။ နောက် ဘယ်မြို့နယ်မှာ နေသလဲ မေးပြီး အဲဒီ မြို့နယ်ကနေ ဝင်ပြိုင်မယ့် အန်ဒီအက်ဖ် အမတ်လောင်းတွေရဲ့ ကိုယ်ရေးရာဇဝင်ပါတဲ့ လက်ကမ်းစာစောင်လေးတွေ လိုက်ဝေတယ်။ အခြားပါတီတွေ လှုပ်ရှားတာကို သိပ်မတွေ့ရဘူး” ဟု ပြောသည်။

မန္တလေးမြို့ခံ စီးပွားရေးသမား တဦးကလည်း “ခုရက်ပိုင်း အစိုးရက မီးတွေ မှန်မှန်ပေးနေတယ်။ စက်မှုဇုန်တွေကိုတောင် ဘယ်နှစ်ကနဲ့မှ မတူအောင် မနက် (၆) နာရီကနေ ညနေ (၄) နာရီအထိ ပေးနေတယ်၊ ရွေးကောက်ပွဲနီးလို့ ကြံ့ဖွံ့ပါတီ မဲရအောင် လုပ်ပေးတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် မန္တလေးသားတွေက အဲဒါ စိတ်မဝင်စားဘူး။ မြို့တော်ဝန် ဘုန်းဇော်ဟန် ဘယ်လောက် လာဘ်စားထားတယ်ဆိုတဲ့ကိစ္စ ဒီဗွီဘီရုပ်သံက ဖွင့်ချသွားတာကိုပဲ စိတ်ဝင်စားနေကြတယ်။ လောလောဆယ် ကြံ့ဖွံ့က မန္တလေးမှာ အရမ်းနာမည်ပျက်နေတော့ စည်းရုံးရေး ပေါ်ပေါ်ထင်ထင် မလုပ်တာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

ရွေးကောက်ပွဲကိစ္စ စိတ်ဝင်စားမှု အခြေအနေနှင့်ပတ်သက်၍ မန္တလေးမြို့ခံအချို့အား ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားသူများက ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရုံးတို့တွင် ကပ်ထားသည့် မဲပေးပိုင်ခွင့်စာရင်းတွင် ကိုယ့်နာမည် ပါ မပါ သွားကြည့်သူ အလွန်နည်းပါးကြောင်း ပြောဆိုကြသည်။

ထို့ကြောင့် စက်တင်ဘာ (၂၆) နောက်ဆုံးထား၍ မဲစာရင်းတွင် မပါခြင်း၊ ပါဝင်သော်လည်း အချက်အလက် မှားနေခြင်း စသည်တို့ နှင့်ပတ်သက်ပြီး မည်သူမျှ ကော်မရှင်ကို တင်ပြတောင်းဆိုခြင်း မလုပ်ကြကြောင်း၊ လွှတ်တော် (၃) ရပ်အတွက် အမတ်လောင်း အမည်များကို ရပ်ကွက်ကော်မရှင်ရုံးတွင် ကပ်ထားပေးသော်လည်း သွားမကြည့်ကြခြင်းကြောင့် မည်သူနှင့် မည်သူ ပြိုင်မည်၊ လူဘယ်နှယောက် ပါမည် ဆိုသည်ကို တိတိကျကျ မသိကြကြောင်း ပြောဆိုကြသည်။

မန္တလေးမြို့ခံ တက္ကသိုလ်ကျောင်းသားတဦးက “ မဲ (၃) ပုံးပေးရမလား၊ (၄) ပုံးပေးရမလား ဆိုတာလည်း ကျနော်တို့ သေသေချာချာမသိဘူး။ ကိုယ့်နာမည် မဲစာရင်းမှာ ပါ မပါ သွားမကြည့်လို့ မသိဘူး။ နိုဝင်ဘာ (၇) ရက်မှာ မဲပေး မပေးလည်း ဘာမှ မဆုံးဖြတ်ရသေးဘူး” ဟု ဆိုသည်။

ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းတို့ကမူ ပြည်သူတို့အနေဖြင့် မဲရုံသို့သွားပြီး မဲသွားမပေးပါက ကြံ့ဖွံ့ကို အနိုင်ပေးလိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ခြင်းကြောင့် မဲသွားပေးကြပါရန် စည်းရုံးနေကြောင်း သိရသည်။

မျိုးဝင်းဇော်

4 comments

  • etone

    October 22, 2010 at 1:56 am

    လာဘ်စားတဲ့ကိစ္စကို အကျယ်တဝင့်မရေးထားပဲ သဘောလောက်ပဲပါတယ်နော် ။ ခေါင်းစဉ်နဲ့သိပ်မလိုက်သလိုပဲ ။

  • winkyawaung

    October 22, 2010 at 3:48 am

    ဘယ်လောက် လာတ်စားထားတယ်ဆိုတာကို တင်ပေးစေလိုပါတယ်။

  • naw2lay

    October 22, 2010 at 5:08 am

    မဲသွားမပေးရင် ကြံ့ဖွံ့ကိုပေးပြီးသားဖြစ်နေတာလဲ မသိလို့ပါ ဖြေပေးကြပါဦးနော်

  • unclegyi1974

    October 22, 2010 at 5:46 am

    ဖုန်းဇော်ဟန်က သိန်းသုံးသောင်းကျော်လို့ပြောသံကြားတာဘဲ
    မဲမပေးရင်ကြံ့ဖွတ်ဘာဖြစ်လို့ရ ဆိုတာကသူတို့မှာကကြိုတင်မဲ
    တွေယူပြီးသားလေ

Leave a Reply