အင်တာနက်မှာ ဆင်ခြင်စရာ

Zaw WonnaOctober 21, 20101min470

အွန်လိုင်းမှတဆင့် လုပ်ကိုင်ဆောင်ရွက်နိုင်မှုများ ကျယ်ပြန့်လာသည်နှင့်အမျှ အင်တာနက်ပေါ်မှ

ကိုယ်ရေးအချက်အလက် ခိုးယူမှုများလည်း ပိုမိုမြင့်တက်လာကာ ကုန်ကျမှုတန်ဖိုး အလွန်ကြီးမားသော ပြဿနာတစ်ခု အဖြစ်သို့ ရောက်ရှိလာသည်။ ထို့ကြောင့် သင့်အနေနှင့် မိမိကိုယ်မိမိ ကာကွယ်နိုင်ရန် လေ့လာထားသင့်ပေသည်။

၁။ သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သတိပြု၍ စောင့်ရှောက်ပါ။
အွန်လိုင်း (သို့မဟုတ်) ဖုန်းမှတဆင့် ကိုယ်ရေးကိုယ်တာ (သို့မဟုတ်) မိမိ account နှင့်ပတ်သက်သော အချက်အလက်များ တောင်းဆိုခြင်းကို ပြန်လည် ဖြေကြားခြင်း မပြုလုပ်ပါနှင့်။ ဘဏ်များ၊ ခရက်ဒစ်ကဒ် ကုမ္ပဏီများ၊ လူမှုရေး အဖွဲ့များ၊ အစိုးရ ကိုယ်စားလှယ်များ အယောင်ဆောင်၍ ဖြားယောင်းမှုများကို
သတိပြုပါ။ သင့်ကိုယ်ရေးအချက်အလက်များ တောင်းဆိုခြင်းကို အတည်ပြုနိုင်မည့် တရားဝင် အထောက်အထား ဖြစ်သည့် သင့်စီးပွားရေးနှင့်ဆိုင်သော အဖွဲ့အစည်း၏ တရားဝင် ဝက်ဘ်ဆိုက် (သို့မဟုတ်) တယ်လီဖုန်းနံပါတ် တို့ကို စစ်ဆေးပါ။

၂။ အွန်လိုင်းမှတဆင့် အလွန်အကျွံ ဝေမျှမှု မပြုပါနှင့်။
သင့်မွေးရက်၊ သင့်အမေ၏ ငယ်နာမည် (မိသားစု အမည်)၊ အိမ်မွေးတိရစ္ဆာန် အမည် တို့အပြင် သင့်အား ခွဲခြားသိရှိနိုင်မည့် အချက်အလက်များကို လူမှုဆက်သွယ်ရေး ဝက်ဘ်ဆိုက်များဖြစ်သည့် Facebook, LinkedIn နှင့် Twitter တို့ကဲ့သော ဆိုက်များတွင် မဖော်ပြပါနှင့်။

၃။ Update ဖြစ်ရန် ကြိုးစားပါ။
သင့်ကွန်ပြူတာတွင် Anti-virus ဆော့ဖ်ဝဲကို သုံး၍ ၎င်းကိုလည်း အမြဲ Update ဖြစ်နေပါစေ။ Web browser အနေနှင့် နောက်ဆုံးထုတ် Version ကို သုံးပါ။ လုံခြုံရေးနှင့် ပတ်သက်သော Update များကို အမြဲ ထည့်သွင်းပါ။

၄။ ခက်ခဲသော စကားဝှက်ကို သုံးပါ။
တစ်ခုတည်းဖြစ်ပြီး မှန်းဆရန် ခက်ခဲသော စကားဝှက် (Password) ကို သုံးပါ။ လုံခြုံရေး တင်းကြပ်သည့် ဝက်ဘ်ဆိုက်များကို အများသုံး Wi-Fi သုံး၍ ဝင်ရောက်ခြင်း မပြုပါနှင့်။

၅။ အွန်လိုင်းမှ ဈေးကွက်မြှင့်တင်ရေးနှင့် ယှဉ်ပြိုင်ပွဲ အတုအယောင်များကို သတိထားပါ။
ဆုတစုံတရာ မပေးမီ ငွေပေးချေရန် (သို့မဟုတ်) ကိုယ်ရေးအချက်အလက် ပေးရန် လိုအပ်သော ကမ်းလှမ်းမှုများ အားလုံးသည် အတုအယောင်များသာ ဖြစ်သည်။ ကမ်းလှမ်းမှုများကို ကျိုးကြောင်းညီညွတ်မှု ရှိ၊ မရှိ အချိန်ပေး၍ စစ်ဆေးပါ။ အီးမေးလ် ပေးပို့သူနှင့် ဆက်သွယ်နိုင်မည့် အချက်အလက်များနှင့်  ပြိုင်ပွဲကျင်းပသော ကုမ္ပဏီနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို မေးမြန်းပါ။ တစ်ခါတရံ သင့်အနေနှင့် မေးခွန်းများကို စတင်မေးမြန်းကြည့်သည်နှင့် သင့်အနေနှင့် ရုတ်တရက် ဆုံးဖြတ်ချက်ချရန် မသင့်ကြောင်း ထင်ရှားစေပြီး လိမ်ညာသူ အများစုမှာ ရှောင်ရှားသွားပေလိမ့်မည်။

၆။ စာရွက်စာတမ်း မသုံးပါနှင့်။
အီလက်ထရောနစ် ငွေရှင်းတမ်းကို သုံးပါ။ ငွေအပ်နှံခြင်းများနှင့် ပေးဆောင်ရန်ရှိသော ငွေတို့ကို အွန်လိုင်း အသုံးပြု၍ တိုက်ရိုက် လုပ်ဆောင်ပါ။ (ဤနည်းဖြင့် အီးမေး သူခိုးများ၏ ရန်မှ ရှောင်ရှားနိုင်မည် ဖြစ်သည်။)

၇။ အလွန်အမင်း ကြွားထားသော ဆိုက်များကို မယုံကြည်ပါနှင့်။
ဖုန်းခေါ်ဆိုမှုများနှင့် အင်တာနက်မှ ရှာဖွေမှုများကို တတ်နိုင်သမျှ ပြုလုပ်ကာ ကုမ္ပဏီ၏ လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေကို စစ်ဆေးပါ။ သင့်ထံမှ ငွေတောင်းခံကာ သင့်လိပ်စာသို့ ကုန်ပစ္စည်းများကို ပေးပို့ပေးမည်ဆိုသော ကမ်းလှမ်းမှုများသည် အတုအယောင်များသာ ဖြစ်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ အချို့သော အိမ်နေရင်း အလုပ်လုပ်ကိုင်သည့် ရိုက်စားသမားများသည် ၎င်းတို့နှင့် မသိကျွမ်းသည့် သူများသာမက သိကျွမ်းသည့် သူများကိုပါ လိမ်ညာလှည့်ဖြားကြခြင်း ဖြစ်သည်။

၈။ သင်အသုံးပြုသော ဘဏ်အနေနှင့် သင့်အား ကာကွယ်ရန် မည်သို့ ဆောင်ရွက်ထားကြောင်း မေးမြန်းပါ။
လိမ်ညာလှည့်ဖြားမှုမှ ကာကွယ်ရန် ဘဏ်မှ အာမခံချက်တို့ကို သိနားလည် ရမည်။ များသောအားဖြင့် အကြွေးဝယ်ကတ်နှင့် ခရက်ဒစ်ကတ် တို့ကို တာဝန်ခံ၍ ကာကွယ်ပေးခြင်း မရှိပဲ အနည်းငယ်သော ဘဏ်တို့ကမူ အွန်လိုင်းဘဏ်စံနစ်နှင့် ငွေလွှဲပြောင်းမှုတို့ကို ကာကွယ်ပေးလေ့ ရှိကြသည်။        ။

Source article: Readers digest (By James Van Dyke, founder and president of Javelin Strategy & Research)