နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာရေး အဖွဲ့များကို ဖိတ်ကြားရန် အစီအစဉ်မရှိဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ပြောကြားခဲ့

ဂ်စ္စူOctober 22, 20101min963

မြန်မာနိုင်ငံ၏ အနှစ် ၂ဝ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပမည် ဖြစ်သော ၂၀၁ဝ ရွေးကောက်ပွဲတွင် ပြည်တွင်းရှိ သံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂမှ တာဝန်ရှိသူများမှ အပ ပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများကို ဖိတ်ကြားရန် ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်တွင် အစီအစဉ် မရှိကြောင်း၊ နိုင်ငံတကာမှ သတင်းထောက်များ လာရောက်ခွင့် ပြု မပြု ဆိုသည့်ကိစ္စမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန စသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အပိုင်းသာ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးသိန်းစိုးမှ ယခုလ ၁၈ ရက်နေ့က နေပြည်တော်တွင် သတင်းထောက်များသို့ ပြောကြားခဲ့ကြောင်း ကြားသိရသည်။

သံတမန်များသည် သက်ဆိုင်ရာ နိုင်ငံများ၏ ကိုယ်စားလှယ်များ ဖြစ်သောကြောင့် ထိုနိုင်ငံအသီးသီးမှ လူများကို ထပ်မံဖိတ်ကြားရန် မလိုတော့ဟု ထင်မြင်မိကြောင်း၊ မြန်မာနိုင်ငံသည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အတွေ့အကြုံရှိကြောင်း၊ ရွေးကောက်ပွဲဟူသည် အခြားနိုင်ငံများအတွက် မဟုတ်ဘဲ မိမိတို့ နိုင်ငံအတွက်သာ ဖြစ်၍ ပြည်သူလူထု ရှေ့မှောက်တွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့လျှင် ပြည်သူအများ၏ ယုံကြည်မှုကို ရရှိလာမည် ဖြစ်ကြောင်း ယခုလ ၁၈ ရက်နေ့၊ နေပြည်တော်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲအကြို ပြင်ဆင်ထားမှုလုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်းနှင့် မဲရုံတွင် မဲပေးပုံ သရုပ်ပြပွဲတွင် ပြည်တွင်းပြည်ပမှ သတင်းထောက်များ၏ မေးမြန်းမှုကို ဤကဲ့သို့ ပြန်ကြားခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါပွဲတွင် တက်ရောက်ခဲ့သူ ပြည်တွင်းသတင်းထောက် တစ်ဦးက mmDailyNews သို့ ပြောပြခဲ့သည်။

မကြာမီ ရက်သတ္တပတ် ၂ ပတ်ကျော်တွင် ကျင်းပတော့မည့် မြန်မာနိုင်ငံ၏ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် တည်ဆဲအစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် သတင်းယူကြမည့် ပြည်ပသတင်းဌာနပေါင်း ၁၉ ခု ရှိသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၅၉ သန်းကျော်တွင် မဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းကျော် ရှိပြီး၊ ရွေးကောက်ပွဲဝင် ပါတီ ၃ရ ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၀၇၁ ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈၂ ဦး၊ စုစုပေါင်း ၃၁၅၃ ဦး တို့သည် လွှတ်တော်သုံးရပ်၏ အမတ်နေရာ ၁၁၇၁ နေရာတို့အတွက် မဲရုံပေါင်း လေးသောင်းခန့် မှ ရလဒ်များဖြင့် ယှဉ်ပြိုင်ကြတော့မည် ဖြစ်သည်။

ရွေးကောက်ပွဲဝင် ပါတီ ၃ရ ခုအနက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပါတီဝင်ဦးရေ အများဆုံး ပါတီဖြစ်ပြီး တစ်နိုင်ငံလုံး မဲဆန္ဒနယ် အများဆုံး ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) က မဲဆန္ဒနယ် ဒုတိယအများဆုံး ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ခိုင်ဖြိုးပါတီ၏ တောင်ဥက္ကလာပမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်သိန်းလင်း (လက်ရှိ ရန်ကုန်မြို့တော်ဝန်) က ၂၀၁ဝ ရွေးကောက်ပွဲတွင် တစည ပါတီ နှင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (National Democratic Force , NDF) တို့သည် ပြည်ခိုင်ဖြိုးပါတီ၏ အဓိကပြိုင်ဘက် ပါတီများ ဖြစ်သည်ဟု ထင်မြင်မိကြောင်း ဝေဖန်သုံးသပ် ပြောကြားလိုက်သည်ဟု သတင်းရရှိသည်။

ရွေးကောက်ပွဲ တစ်ခု မကျင်းပမီအချိန်မှစ၍ နိုင်ငံသားများ၏ အကျိုးစီးပွားကို တကယ် ဖြစ်ထွန်းစေမည့် ဥပဒေများ ပြုကြရေးအတွက် ပြည်သူတို့၏ လိုအပ်ချက်များ၊ ဆန္ဒများကို အမတ်လောင်းများ၊ နိုင်ငံရေးပါတီများ ထပ်တူသိရှိစေရန် တင်ပြပေးရာတွင်လည်းကောင်း၊ ရွေးကောက်ပွဲ ကျင်းပနေစဉ်အတွင်း ရွေးကောက်ပွဲ ကျင်းပပုံ၊ အခြေအနေနှင့် သတင်းများကို ပြည်သူများသို့ ရှင်းလင်းစွာ ဖော်ပြနိုင်ရေးမှာ ပြည်သူပေးသော ဝင်ငွေဖြင့် ရပ်တည်နေသော မီဒီယာများအားလုံး၏ တာဝန်ပင် ဖြစ်ကြောင်း၊

ယခုဆိုလျှင် ရှေးယခင်ကထက် မီဒီယာများတွင် လွတ်လပ်စွာ ရေးသားတင်ပြခွင့် ရှိလာပြီ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မီဒီယာများ၏ လွတ်လပ်စွာဖော်ပြခွင့် မည်မျှ အတိုင်းအတာအထိ ရမည်ဆိုသည်ကိုတော့ စောင့်ကြည့်ရမည် ဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံ (Political Science) ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သူ ပြည်တွင်းဂျာနယ်ကြီးတစ်စောင်၏ အယ်ဒီတာချုပ်တစ်ဦးမှ mmDailyNews သို့ ပြောကြားခဲ့သည်။

Ref:mmDailyNews

3 comments

  • timothy

    October 27, 2010 at 3:22 pm

    ဖွဲ့စည်းပုံအခြေခံဥပဒေ၂၀၀၈ ဟာစစ်တပ်လက်ဝါးကြီးအုပ်မဲ့စနစ်ကိုအာမခံချက်အပြည့်ပေးထားတဲ့အပြင်စစ်တပ်ရဲ့အတိတ် ပစ္စုုပ္ပံနဲ့ အနာဂါတ် လူ့အခွင့်အရေးချိုးဖေါက်မှုများ္ပကိုသင်ပုန်းချေပေးထားတဲ့ တနည်းအားဖြင့် သန်းရွှေစိတ်တိုင်းကျစီမံထားတဲ့ ရလှမ်းဒီမိုကရေစီထောင်ချောက်ပါဘဲ။ ကော်မရှင်ဥက္ကဋ္ဌကလဲသန်းရွှေရဲ့လက်ကိုင်ဒုတ်အရည်အချင်းမဲ့သူဆိုတော့ပြောတာတွေကရှေ့နောက်မညီနဲ့ပေါ့။
    အင်န်ဒီအက်ဖ် ဒီမိုကရက်တစ်ပါတီဆိုတဲ့အယူတိမ်းပြီး သန်းရွှေဆေးမိနေတဲ့ သစ္စာဖေါက်များကလဲ ရွေးကောက်ပွဲအတုကြီးကိုတရားဝင်ရုပ်လုံးလှအောင်ကူနေကြပါလား။ မိုက်မဲလိုက်တာ။
    လူထုအနေနဲ့ကတော့အဲဒီလူမိုက်တွေနဲ့ရောယောင်ပြီးမဲဝင်ပေးမိလို့ကတော့ ၁ဝသက်ဒီစစ်ကျွန်ဘဝကလွတ်ဘို့လမ်းမရှိဘူး။ ကုလသမဂ်ဂ လဲမကယ်နိုင် အမေရိကားလဲမကယ်နိုင် အင်န်အယ်လ်ဒီလဲမကယ်နိုင်။ မိမိရဲ့ကံကြမ္မာမြန်မာပြည်သားများမိမိဖါသာဖန်တီးယူရမယ်။ ဘယ်နိုင်ငံမှသူတပါးနိုင်ငံအရေးမှာဝင်မစွက်ကြေး ဥပ္ခေါပြုပြီးဂုတ်သွေးစုတ်ခွတုပ်နေတဲ့ခေါတ်ကြီးမှာဗမာတွေပြည်သုဆန္ဒရဲရဲကြီးပြပြီး ရွေးကောက်ပွဲကိုပြည်လုံးကျွတ်ရာနှုံးပြည့်သပိတ်မှောက်ကြပါစို့လို့တနိုင်ငံလုံးကိုတပ်လှန့်နှိုးဆော်လိုက်ရပါတယ်။်

    • bigcat

      October 28, 2010 at 2:44 am

      ကိုတင်မိုသီရေ..
      ရွေးကောက်ပွဲ အကြောင်းပြုပြီး ခြံထဲကို ခွေးတွေဝင်လာပြီဗျ။ မောင်းထုတ်ဖို့သာ အသင့်ပြင်ထားပေတော့။ မန်းလေးဂေဇက် ပိုင်ရှင်ကလည်း နိုဝင်ဘာ ရရက်နေ့ ပွဲပြီးတဲ့အထိ ခြံတခါးကို ဟထားမဲ့ သဘောရှိတော့ ရိုက်နိုင်မှ တော်ကာကြမယ်နော။

  • timothy

    October 28, 2010 at 8:21 pm

    ကို big cat ရေ၊ ခင်ဗျားတိုက်တွန်းလို့ကြိုးစားပြီးရိုက်နိုင်၊comment တွေရေးနိုင်၊ ကျနော်တို့တိုင်းပြည်ကလူထုဖတ်နိုင်အောင်လဲရေးလာနိုင်နဲ့၊ ကျေးဇူးပါဘဲ။

Leave a Reply