ဂျပ်ဇ်ကဗျာပွဲတော် (ခက်မာ)
မြို့ ကိုဝန်းရံထားတယ်၊ အဲဒီတောင်ကုန်းတောင်တန်းတွေကိုဖြတ်သန်းစီးဆင်းလာတဲ့ အလဂနီမြစ်နဲ့  မိုနိုဂဟီလာမြစ်နှစ်စင်းက မြို့ ရဲ့ နှလုံးသားနေရာမှာ ပေါင်းဆုံကြပြီး အိုဟိုင်းယိုး ဆိုတဲ့နံမည်သစ်နဲ့  နံမည်ကျော်မစ်စစ္စပီမြစ်ကြီးဆီဆက်လက်စီးဆင်းသွားတယ်။ မြစ်သုံးသွယ် ဖြတ်စီးသွားတဲ့ မြို့ ရဲ့ ပိုင်နက်နယ်မြေတလျောက်မှာ ဒီဇိုင်းအမျိုးစုံပြီး ထောင်နဲ့ ချီတဲ့ သံမဏိ တံတားကြီးတွေက မြို့ ရဲ့ ထူးခြားတဲ့ အမှတ်အသားအဖြစ်ဝင့်ကြွားနေကြတယ်။ ပစ္စဘတ်ဟာ ပခုံးချင်းတိုက်မိလို့ တောင် ဆောရီးမပြောနိုင်အောင်အလျင်လိုနေရတဲ့ နယူးယောက်လိုလည်း ပျားပန်းခပ်အလုပ်များမနေပါဘူး။ အမေရိကရဲ့ နေရာတော်တော်များများမှာတွေ့ ရတတ်တဲ့  လမ်းပေါ်မှာလျောက်သွားနေသူ သုံးလေးယောက်ပြည့်အောင်မမြင်ရတဲ့ ခြောက်ကပ်ကပ်မြို့  ငယ်ကလေးလည်း မဟုတ်ပါဘူး။
ပြုံးရွှင်ဖော်ရွေတတ်တဲ့လူအများစု သက်တောင့်သက်သာသွားလာလှုပ်ရှားနေတဲ့ ပစ္စဘတ်မှာ City of Asylum/ Pittsburgh လို့ နံမည်ပေးထားတဲ့ အဖွဲ့ အစည်းလေးရှိတယ်။
အဲဒီအဖွဲ့ အစည်းလေးက ကမ္ဘာအရပ်ရပ်က အကြောင်းအမျိုးမျိုးကြောင့်ကိုယ့်မိခင်နိုင်ငံမှာ
အနုပညာဖန်တီးဖို့ အခက်အခဲရှိနေသူတွေကို လွတ်လပ်အေးချမ်းစွာ အနုပညာဖန်တီးနိုင်ဖို့   နေရာထိုင်ခင်းအပါအ၀င် စားဝတ်နေရေးအတွက်လိုအပ်တဲ့ လစဉ်ကုန်ကျစရိတ်ကိုပါ ထောက် ပံ့ပေးပါတယ်။ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ တွေဟာအဖွဲ့ ရဲ့ အစီအစဉ်နဲ့ အတိုဆုံး အချိန် ၃ ရက်ကနေ အရှည်ဆုံးအချိန် ၂ နှစ်အထိ ပစ္စဘတ်မှာနေထိုင်ပြီးအနုပညာဖန်တီးခွင့် ရကြ ပါတယ်။ City of Asylum/ Pittsburgh ဟာ ကမ္ဘာအနှံ့ က ကဗျာဆရာ၊စာရေးဆရာ တွေကို ဖိတ်ကြားပြီး ဂျပ်ဇ်ဂီတနဲ့ တွဲဖက်တင်ဆက်တဲ့ Jazz Poetry Concert ကိုလည်း နှစ်စဉ် ကျင်းပခဲ့တာ ဒီနှစ်၂၀၁၀မှာ ၆ နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ကဗျာရဲ့ အသံနဲ့ အရသာကိုဂျပ်ဇ်ဂီတရဲ့ အသံအရသာနဲ့ ပေါင်းစပ်ပြီး နှစ်စဉ်တင်ဆက်မှုအသစ်၊ တင်ပြပုံအသစ်တွေနဲ့ ဂျပ်ဇ်ကဗျာပွဲ တော်ဟာ အလွန်စိတ်လှုပ်ရှားစရာကောင်းပြီး ဆွဲဆောင်မှုရှိတယ်ရယ်လို့ မြို့ ခံတွေကြားမှာ ပြောစမှတ်ပြုကြပါတယ်။
City of Asylum/ Pittsburgh ရဲ့ အနုပညာဖန်တီးခွင့် အစီအစဉ်မှာပါဝင်သူ စာရေး ဆရာတယောက်အနေနဲ့ ၂၀၀၉  ခုနှစ် Jazz Poetry Concert ကစပြီး ကျမပူးပေါင်းတင်ဆက် ခွင့်ရခဲ့ပါတယ်။ မြန်မာစာရေးဆရာမတယောက်အဖြစ်ကျမဟာ ဂျော်ဂျီယာ( ရုရှား)၊ အန္ဒိယ၊ အီရန်၊ ခရိုအေးရှားတို့က ကဗျာဆရာ၊ဆရာမတွေနဲ့ အတူ ၂၀၀၉မှာပါဝင်တင်ဆက်ခဲ့ပါတယ်။
၂၀၁၀ မှာတော့ နယူးဇီလန်၊ Belarus ( ရုရှား)၊ El Salvador( စင်ထရယ်အမေရိကား)၊တရုတ် နိုင်ငံတို့ က ကဗျာဆရာ၊စာရေးဆရာတွေအပါ အ၀င် သြဇာကြီးမားတဲ့ အာဖရိကန်အမေရိကန် ကဗျာဆရာကြီး Yusef Komunyakaa တို့ နဲ့ အတု ပါဝင်တင်ဆက်ခွင့်ရပြန်ပါတယ်။
ပုံမှန်အားဖြင့် Jazz Poetry Concert ကို City of Asylum/Pittsburgh ရုံးခန်းတည် ရှိရာ ဆမ်ပ်ဆိုးနီးယားလမ်းပေါ်မှာကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ မိုးကြောင့်
ကဗျာရွတ် ပွဲကို New Hazlett သီရေတာကိုရွေ့ ပြောင်းခဲ့ရပါတယ်။ ထိုင်ခုံ ၆၀၀ ရှိတဲ့ သီရေတာအတွင်းမှာ ထိုင်ခုံတွေပြည့်သွားတာကြောင့် ပရိုဂျက်တာနဲ့ ထိုးပြီး Live ပြနေတဲ့ သီရေတာခန်းမ အပြင်ဖက် Lobby ခန်းထဲမှာလူ ၃၀-၄၀လောက်ကို စားရင်းသောက်ရင်း မိုးတိုးမတ်တတ်ကြည့် နေကြတာကိုမြင်ရပါတယ်။
ဒီနှစ်ဂျပ်ဇ်ကဗျာပွဲတော်အတွက် အစီအစဉ်မှုးကတော့ Ghost Whisperer ဆိုတဲ့ TV Series ထဲကခေါင်းဆောင်မင်းသား David Conrad ဖြစ်ပါတယ်။ ပွဲမတိုင်ခင်တရက်မှာ ရီဟာ ဆယ်လုပ်တာကြောင့် ရီဟာဆယ်နေ့ မှာ ဒေးဗစ်နဲ့ ကျမတိုင်ပင်ပြီး ကျမရဲ့ “တခုသောနွေဦး“ ဆိုတဲ့ အက်ဆေးတိုလေးတပုဒ်ကို မြန်မာလိုတလှည့် အင်္ဂလိပ်လိုတလှည့်ရွတ်ကြမယ်ရယ်လို့  တိုင်ပင်လေ့ကျင့်ကြပါတယ်။ တကယ်တော့ အဲဒီအက်ဆေးတိုလေးကို ၂၀၀၉  ဂျပ်ဇ်ကဗျာ ပွဲတော်မှာတုန်းကလည်း အင်္ဂလိပ်လိုရွတ်ခဲ့ပြီးသားပါ။ ဒါပေမယ့် City of Asylum ရဲ့ ဥက္ကဌက အဲဒီအက်ဆေးလေးကို ဒီနှစ်မြန်မာလိုတလှည့် အင်္ဂလိပ်လိုတလှည့်ရွတ်စေချင်ပြီး ဒေးဗစ် ကလည်းသဘောတူတာကြောင့် ထပ်ရွတ်ဖို့ စီစဉ်ကြတာပါ။ ဖြစ်နိုင်ရင် “တခုသောနွေဦး“ ထဲကစာတပိုဒ်လောက်ကို မြန်မာလိုရွတ်ချင်တယ်လို့ ဒေးဗစ်ကပြောပါသေးရဲ့ ။
ကျမရဲ့ ကိုယ်ပိုင်အစီအစဉ်အဖြစ် “ မှိန်ပျပျကြယ်“ ဆိုတဲ့ ကဗျာလေးကိုမြန်မာလိုရွတ် ဖို့  ဂျပ်ဇ်ဝိုင်းနဲ့ ရီဟာဆယ်လုပ်ရပါတယ်။ ရီဟာဆယ်လုပ်နေရင်း ကျမကဒေးဗစ်ကို ကျမရဲ့ 
“သန်းကောင်ယံအလင်း“ ဆိုတဲ့ ကဗျာအင်္ဂလိပ်ဗားရှင်းကို ဖတ်ကြည့်ပါဦးဆိုပြီး ပေးမိပါတယ်။ သူက ကဗျာထဲမှာပါတဲ့ Moon တို့  Night  တို့ Kiss တို့ ရဲ့ မြန်မာလို အသံထွက်၊ အသုံးအနှုံး တွေကိုမေးပြီး အသံလိုက်ထွက်ကြည့်ပါတယ်။ သူက “ တော်တော်မလွယ်ဘူး“
လို့ ပြောပြီး “တခုသောနွေဦး“ ထဲကစာပိုဒ်တပိုဒ်ကို မြန်မာလိုရွတ်ဖို့ အစီအစဉ်ကိုဖျက်လိုက် ပါတယ် ။
“ ရှင်မြန်မာလိုပြောချင်ရင် အနည်းဆုံး ပရိသတ်ကို မြန်မာလိုနှုတ်ဆက်နိုင်ပါတယ်“
လို့ ကျမကအားပေးတော့ သူကအားရ၀မ်းသာနဲ့ “ ကျနော့်ကိုသင်ပေးပါ“ လို့ တောင်းဆိုတယ်။
သူ့ ခမျာကြိုးစားပန်းစားလေ့ကျင့်ပြီး နောက်တနေ့ ပရိသတ်ရှေ့ ရောက်တဲ့အခါ ကျမရဲ့ အက် ဆေးလေးကိုမရွတ်ဖတ်ကြခင် “ မင်္ဂလာပါ“လို့ ပရိတ်သတ်ကိုပီပီသသနှုတ်ဆက်နိုင်ခဲ့ပါတယ်။
အစီအစဉ်အရ ကျမရဲ့ မြန်မာလိုကဗျာရွတ်ဖို့ က အတော်စောင့်ရဦးမှာပါ။ ဒါပေမယ့် ဒေးဗစ်က ကျမကိုနောက်ထပ်ကဗျာတပုဒ်ရွတ်ကြရအောင်လို့ ဖိတ်ခေါ်လိုက်တော့ ကျမက မင်းသားပီပီ၊ အစီအစဉ်မှုးပီပီ ပရိတ်သတ်ရှေ့ မှာစကားအရာတွေပြောနေတာပဲလို့ ထင်မိတာ။
ကျမဘေးမှာထိုင်နေတဲ့ စင်ထရယ်အမေရိကားက စာရေးဆရာက“ ခက်မာ..သွားလေ။ မင်းကို ခေါ်နေပြီ်“ ဆိုတော့ ကျမအူကြောင်ကြောင်နဲ့  မီးမောင်းအောက်ရောက်သွား ပြန်ပါတယ်။ “ မင်းဒီကဗျာရွတ်မယ်မဟုတ်လား“ လို့ ကျမရဲ့ “ သန်းကောင်ယံအလင်း“ ကဗျာကိုပြပြီး ဒေးဗစ် ကမေးတော့ “ကျမဒီကဗျာရွတ်ဖို့ လေ့ကျင့်မ့ထားခဲ့ဘူး။“ လို့ ပြောမိတယ်။ ဒါပေမယ့် ပရိသတ် ရှေ့ မှာ ကျမလေ့ကျင့်မထားမိလို့ မရွတ်တော့ဘူးဆိုပြီးပြန်လှည့်လာလို့  မရတာကြောင့် ကျမ ယောင်လို့ တောင်လေ့ကျင့်ရွတ်ဖတ်မထားမိတဲ့ “သန်းကောင်ယံအလင်း“ ကဗျာကိုခပ်တည် တည်နဲ့ အင်္ဂလိပ်လို ရွတ်ရပါတော့တယ်။ ကျမအသံထွက်တွေက တော်တော်ဆိုးနေ လိမ့်မယ် လို့ တော့ကြိုတင်ပြောလိုက်မိပါသေးတယ်။ အစီအစဉ်ထဲမှာ အဲဒီကဗျာရွတ်ဖို့ မပါတော့ ကျမကကြည့်ရွတ်ဖို့ စာရွက်တောင်ပါမသွားဘူးလေ။ ဒေးဗစ်ယူလာတဲ့ စာရွက်ကိုနှစ်ယောက်
မျှကြည့်ရွတ်နေရင်း ကိုယ်အသံမထွက်တတ်တဲ့ စာလုံးတွေ့ ရင်ဒုက္ခပဲလို့ စိတ်ပူလိုက်တာ။
တတိယမြောက်ကဗျာဖြစ်တဲ့ “မှိန်ပျပျကြယ်“ ကိုတော့ မြန်မာလိုပဲရွတ်ရတာမို့ အေး အေးဆေးဆေးပါပဲ။ ဒီကဗျာကလေးက ၂၀၁၀မေလထုတ်ရနံ့ သစ်မဂ္ဂဇင်းမှာဖော်ပြခံခဲ့ရတဲ့
ကဗျာလေးပါ။ ကျမရဲ့ ရင်ထဲကဆန္ဒတွေကို ဆုတောင်းပုံစံမျိုးတင်ပြထားတဲ့ကဗျာကို ဂျပ်ဇ် ဂီတ၀ိုင်းခေါင်းဆောင် အိုလီဗာလိတ်က နုညံ့တိုးသက်တဲ့ဂီတနဲ့ ပံ့ပိုးပေးပါတယ်။   နေထိုင်တဲ့ တိုင်းပြည်၊ ယဉ်ကျေးမှုမတူတဲ့ကဗျာဆရာတွေရဲ့ ကွဲပြားခြားနားတဲ့ကဗျာစီးဆင်းသံပေါ်မူတည် ပြီး ပံ့ပိုးပေးတဲ့ဂီတသံတွေက မြင့်တက်လှုပ်ရှားလာလိုက်၊ နုညံ့တိုးသက်သွားလိုက်နဲ့ ပေါ့။
နယူးဇီလန်က ကဗျာဆရာမက သီချင်းရေးသူတယောက်လဲဖြစ်နေသေးတာမို့  ကဗျာထဲမှာ သူတို့ ရဲ့ ကျေးလက်ဂီတတွေညှပ်ထည့်သီဆိုသွားတယ်။ သူ့ ဘာသာစကားနဲ့ ရွတ်တဲ့အခါ နားမလည်ပေမယ့် ဂီတ၀ိုင်းနောက်က ပိတ်ကားကြီးပေါ်မှာ ရွတ်နေတဲ့ ကဗျာကို အင်္ဂလိပ်လို စာတန်းထိုးပြထားတာမို့  ပရိသတ်တွေက စာသားကိုဖတ်ရင်း အသံစီးဆင်းမှုကိုခံစားနိုင် ကြတယ်။ ဘာလာရုစ်( ရုရှား) က ကဗျာဆရာမလေးက ငယ်ငယ်လှလှလေးပါ။ သူမရဲ့ ကဗျာ ရှည်ကြီးကတော့ ဟာသနဲ့ ခပ်သွက်သွက်ဖွဲ့ ထားတာမို့ ပံ့ပိုးပေးတဲ့ ဂီတကလည်းမြူးသွက်လာ ပြီး ပျော်စရာကောင်းလာပါတယ်။ တရုတ်ကဗျာဆရာကတော့ ပါဖောင်းမန့် စ်အနုပညာရှင်လဲ ဖြစ်ပြန်တာမို့ ကျယ်လောင်တဲ့ ကဗျာရွတ်ဖတ်သံနဲ့ အတူ ခန္ဓာကိုယ်ကိုလှုပ်ရှားသရုပ်ဆောင် သွားတာက ထူးခြားတဲ့တင်ဆက်မှုတခုဖြစ်နေပြန်ပါတယ်။
ဂီတ၀ိုင်းခေါင်းဆောင်အိုလီဗာလိတ် ကိုယ်တိုင်ကလည်း ကဗျာဆရာမို့ သူကလည်းသူ
့ကဗျာ တချို့ ရွတ်သေးတယ်။ Yusef Komunyakaa ရဲ့ ကဗျာတွေကသြဇာကြီးမား သလို သူ့ ရဲ့ အသံ ကလည်း တည်ငြိမ်အားကောင်းလှပါတယ်။ သူကအဲဒီညချမ်းအတွက် ကဗျာအများ ဆုံးရွတ်ဖတ်ရသူပေါ့။ သူက သူရဲ့ “ ဆက်ဆိုဖုန်းဘွဲ့ “ဆိုတဲ့ကဗျာကို နောက်ဆုံး မှာရွတ်တယ်။ အဲဒီ ကဗျာရဲ့ နောက်ဆုံးပိုဒ်ကို ကျမကမြန်မာလို၊ ကျန်တဲ့ကဗျာဆရာမတွေက သူတို့ ကိုယ်ပိုင် ဘာသာစကားတွေနဲ့ ရွတ်ပေးရတယ်။ အစီအစဉ် ပြီးလို့ ကျမတို့ တတွေ ပရိသတ်ကို ဦးညွှတ်တော့ လက်ခုပ်သံတွေက သီရေတာပွင့်မတတ်ပါပဲ။
ကဗျာအပေါ်ပရိသတ်ရဲ့ တန်ဖိုးထားမှု၊ ကဗျာနဲ့ ဂီတအနုပညာကိုပေါင်းစပ်တင်ဆက် နိုင်ခြင်းရဲ့ အင်အားတွေကို မျက်မြင်တွေ့ ရတဲ့ အတွက်ကျမစိတ်လှုပ်ရှားနေမိတယ်။ လက်ခုပ် တီးအားပေးမှုကိုတော်တော်နဲ့ မရပ်ကြတဲ့ ပရိတ်သတ်ကိုကြည့်ပြီး ဒီလိုပွဲမျိုးကိုလက်ခုပ်တီး အားပေးခွင့်မရှိနိုင်သေးတဲ့ ကျမတို့ မြန်မာပြည်သူတွေကိုမြင်ယောင်လွမ်းတနေမိတယ်။ အနု ပညာကိုခံစားခြင်းအားဖြင့် စိတ်ဓါတ်တွေ နုညံ့သိမ်မွေ့ သွားရခြင်းရဲ့ အရသာဟာ လူတိုင်း ခံစားထိုက်တာပဲမဟုတ်လား။ မြန်မာပြည်ထဲမှာ ဒီလိုပွဲမျိုးရှိစေချင်လိုက်တာ။ ခံစားစေချင် လိုက်တာဆိုတဲ့ အတွေးကကျမအိမ်အပြန်လမ်းအထိပါလာခဲ့ပါတယ်။
မှတ်ချက်။  ။ အောက်တိုဘာလထုတ် မန္တလေးဂေဇက်(အတွဲ၎၊ အမှတ်၇)တွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်ပါသည်။
kai
About kai
Kai has written 914 post in this Website..
Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.