Political Battlefront

kaiOctober 22, 20108min998

နိုင်ငံရေးစစ်မျက်နှာ – ခင်မမမျိုး

ရောမရောက်လျှင် ရောမလို ကျင့်ရမည်ဟု ရှေးလူကြီးများက အဆိုအမိန့်ထားရစ်ခဲ့ကြသည်။ သို့ပေမယ့် ရောမလို ကျင့်ဖို့က ရောမ ရောက်နေမှန်း အရင်သိဖို့ လိုအပ်သည်။ ရောမရောက်နေသည့် အခြေအနေမှန်ကို လက်ခံနိုင်ဖို့ လိုအပ်သည်။ သို့မှလဲ ရောမလို ကျင့်ကြံနိုင်မည် ဖြစ်သည်။ သဘောင်္ပျက်၍ ကျွန်းတကျွန်းပေါ် ရောက်နေသူသည် အုန်းသီးရသည့်အခါ အုန်းရေကို မော့သောက်နိုင်ဖို့အတွက် မိမိအခြေအနေမှန်ကို သိနေဖို့ လိုအပ်သည်။ အပန်းဖြေခရီးထွက်သကဲ့သို့ အုန်းရေစုပ်သောက်ရန် ပိုက်လိုက်ရှာနေလို့ မရ။ အင်္ဂလန်မှ ဟိုတယ်သို့ လာပြီး ငါးပိစားချင်တယ် ပြော၍ မရသလို၊ ရေဘေးကယ်ဆယ်ရေးဖြင့် သွားရသည့် ရွာမှ အကောင်းဆုံး ဖျာကြမ်းလေးပေါ်တွင် ထိုင်ရင်း ဆိုဖာပေါ်ထိုင်ရရင် ကောင်းမည်လား ဟု စိတ်ကူးယဉ်နေ၍လည်း မရ။ မိမိရောက်နေသည့် နေရာ၊ မိမိရောက်နေသည့် အခြေအနေကို အမှန်အတိုင်း သိမြင်လက်ခံနိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်သည်။ သို့မှလဲ အခြေအနေနှင့် ကိုက်ညီသည့် လုပ်ငန်းဆောင်တာများကို အကောင်အထည် ဖော်နိုင်မည် ဖြစ်လေသည်။

အခြေအနေနှင့် အချိန်အခါကို သိမြင်နိုင်မှုသည် လူတဦးတယောက်၏ ဘဝရေးရာတွင်သာ အရေးကြီးသည် မဟုတ်။ နိုင်ငံတနိုင်ငံ၊ လူမျိုးတမျိုး၏ ကံကြမ္မာမှသည် ကမ္ဘာ့လူသားအားလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာ ကိစ္စရပ်များအားလုံးတွင်ပါ အရေးပါလှသည်။ နိုင်ငံရေးတွင် များသောအားဖြင့် ခေါင်းဆောင်များ စုဝေး၍ ပါလီမန်များ၊ အစည်းအဝေးခန်းမကြီးများ၊ တွေ့ဆုံဆွေးနွေးပွဲများတွင် နိုင်ငံရေးပြဿနာအရပ်ရပ်ကို ဆွေးနွေးညှိနှိုင်း အဖြေရှာကြလေ့ရှိသည်။ မူဝါဒများ ချမှတ်လေ့ရှိသည်။ သို့ပေမယ့် ယင်းသို့သော ဆွေးနွေးညှိနှိုင်းခွင့်သည် နိုင်ငံရေးအခြေအနေတိုင်းတွင် ပေါ်ထွက်သည်မဟုတ်။ ဖြစ်တည်သည် မဟုတ်။ သွေးဖြင့်၊ ချွေးဖြင့် ရင်းရသည့် နိုင်ငံရေးအခြေအနေများလည်း ကမ္ဘာပေါ်တွင် ရှိနေစမြဲဖြစ်ပါသည်။ နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ထွက်နိုင်ခြင်း အခြေအနေ မရှိပဲ ရှေ့တန်းစစ်မျက်နှာတခုလို တဘက်နှင့် တဘက် အကြိတ်အနိုင် စီးချင်းထိုး တိုက်ပွဲဝင်ကြရသည့် နိုင်ငံရေးစစ်မျက်နှာများကား ကမ္ဘာ့နေရာအနှံ့တွင် ပျံ့ကျဲ ဖြစ်တည်နေဆဲပင် ဖြစ်ပါသည်။ အရေးကြီးသည်ကတော့ မိမိရောက်ရှိနေသည့် အခြေအနေသည် တဘက်နှင့် တဘက် အပြန်အလှန်လေးစားမှု၊ တရားမျှတမှု၊ ယုံကြည်မှုတို့ဖြင့် ဆွေးနွေးနိုင်သည့် နိုင်ငံရေး စင်မြင့်များပေါ်တွင်လား (သို့မဟုတ်) တဘက်နှင့် တဘက် အပြိုင်အဆိုင် စီးချင်းထိုး တိုက်ပွဲဝင်နေရသည့် နိုင်ငံရေးစစ်မျက်နှာတွင်လား ဆိုသည်ကို မှန်မှန်ကန်ကန် သိမြင်သုံးသပ်နိုင်ဖို့ပင် ဖြစ်သည်။

ရှေ့တန်းစစ်မျက်နှာ တခုတွင် အောက်ပါ အခြေအနေတခု ဖြစ်ပွားနေသည် ဆိုပါစို့။

(၁) စစ်မျက်နှာတွင် စစ်ဆင်ရေးကို ဦးစီးမည့် စစ်ဦးစီး တပ်မှူးများကို စစ်ဖြစ်ပွားရာဒေသရှိ နယ်မြေခံလူထုနှင့် တပ်သားများက ရွေးချယ်ထားသည်။

(၂) စစ်ဦးစီးအရာရှိများ ရုံးထိုင်သည့် ရှေ့တန်းရုံးရှိသည်။ အဆိုပါ ရုံးတွင် အမိန့်ပေးရမည့် commander များ ရှိသည်။ ဆက်သွယ်ရေးတပ်သားများ ရှိသည်။ သို့သော် စစ်ဆင်ရေးကို ဗျူဟာချ ဆောင်ရွက်ပေးမည့် ဗျူဟာမှူးကား မရှိ။

(၃) အဆိုပါ စစ်မျက်နှာတွင်ပင် မဟာမိတ်တပ်များလည်း ရှိသည်။ မဟာမိတ်တပ်များမှ တပ်မှူးများသည် ရှေ့တန်းရုံး၏ စစ်ရေးအရ ဦးဆောင်မှုကို ခံယူရန် ဆုံးဖြတ်ထားကြသည်။ ရှေ့တန်းရုံးမှ စစ်ဦးစီးများကို ဝန်းရံပေးရန် သဘောတူထားကြသည်။ သို့သော် ရှေ့တန်းရုံးမှ စစ်ဦးစီးတပ်မှူးများသည် မဟာမိတ်တပ်များမှ တပ်မှူးများနှင့် တယောက်တပေါက် တိုးတိုးတိတ်တိတ်သာ ဆက်သွယ်နေ ကြသည်။ မဟာမိတ်ဆက်ဆံရေးမှူးကား မရှိ။ ပျံ့ကျဲနေသော မဟာမိတ်တပ်များနှင့် တညီတညွတ်တည်း စုစည်းဆောင်ရွက်နိုင်မည့် စီမံချက်များအား ချမှတ်ဆွေးနွေးညှိနှိုင်းခြင်းလည်း မရှိ။ ဆက်သွယ်ရေးတပ်သားများဖြင့် လေလှိုင်းမှ တဆင့် ရှေ့တန်းရုံးမှ စစ်ဦးစီးအရာရှိများ ဘာလုပ်မည်၊ ညာလုပ်မည်ကိုသာ တယောက်တပေါက်ပြောနေကြသည်။

(၄) ရန်သူမှ တရကြမ်း ချေမှုန်းချိန်များတွင် ရှေ့တန်းရုံးရှိ စစ်ဦးစီးတပ်မှူးများက အပစ်အခတ် ရပ်စဲပေးပါရန် တောင်းဆိုခြင်း၊ ရန်သူ့လက်ထဲ ရောက်နေသော တပ်မှူးများကို လွှတ်ပေးပါရန် တောင်းဆိုခြင်းများကို ကရောသောပါး ပြုလုပ်လေ့ရှိကြသည်။

(၅) စစ်ဆင်ရေးမှာ အဆုံးမသတ်နိုင်ပဲ တိုက်ပွဲများအီနေပြီး၊ စစ်ရေးကြန့်ကြာမှုများ ဖြစ်နေသောအခါ စိတ်မရှည်နိုင်သော မဟာမိတ်တပ်မှူးများက ထိုးစစ်များကို တတ်နိုင်သမျှ စုစည်းပြီး ဆင်နွှဲကြလေတော့သည်။ ယင်းသို့ဆင်နွှဲသည့်အခါတွင် ရှေ့တန်းရုံးမှ စစ်ဦးစီးတပ်မှူးများက ဦးဆောင်ခြင်းလဲ မရှိ၊ ပါဝင်တိုက်ပွဲဝင်ခြင်းလဲ မရှိ၊ နောက်မှ ဝန်းရံပေးခြင်းလည်း မရှိသည့်အပြင် မိမိတို့ လက်အောက်ခံ တပ်များမှ ပါဝင်သူများကိုပင် တပ်မှ ထုတ်ပယ်အရေးယူမှုများ ပြုလုပ်ကြလေသည်။

(၆) မဟာမိတ်တပ်များ၏ ထိုးစစ်များ အရှိန်ကောင်းလာချိန်များတွင် ရန်သူမှ အပစ်အခတ် ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးရန် ရှေ့တန်းရုံးသို့ အကြောင်းကြားပါတော့သည်။ ရှေ့တန်းရုံးမှလဲ အားပါတရ ထောက်ခံပြီး ရန်သူ့လက်ထဲတွင် ကျရောက်နေသော တပ်မှူးများကို တွေ့ဆုံခွင့် တောင်းဆိုသောကြောင့်၊ ရန်သူ့လက်ထဲ ရောက်နေသော တပ်မှူးများကို ထိခိုက်လိုခြင်း မရှိသော မဟာမိတ်တပ်များမှ အရှိန်ကို ပြန်လျှော့လိုက်ရလေတော့သည်။ ယင်းသို့ အရှိန်လျော့လာသည်နှင့် တပြိုင်နက် ရန်သူတပ်များမှ မဟာမိတ်တပ်များကို တရကြမ်းတောနင်းပြီး တိုက်ခိုက်ချေမှုန်းကြ ပါတော့သည်။ ရှေ့တန်းရုံးမှ စစ်ဦးစီး တပ်မှူးများကား တခွန်းတပါဒ ဝင်ပြောခြင်း မရှိ။ မိမိတို့ ရှေ့တန်းရုံးပေါ်သို့ ဗုံးဆံ ကျမည်ကိုပင် စိုးရိမ်ကာ ဗုံးခိုကျင်းများထဲသို့ ဝင်ပြီး ငုတ်တုတ် ထိုင်နေကြလေတော့သည်။

(၇) ရှေ့တန်းစစ်မျက်နှာတွင် ရန်သူကို တိုက်ရန်ဟု ရည်ရွယ်ပြီး ရှေ့တန်းရုံးမှ တပ်မှူးများ၏ ကွပ်ကဲမှု လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များသို့ ဝင်ရောက်လာသော တပ်သားများမှာကား စစ်လဲ မတိုက်ရ၊ မဟာမိတ်များနှင့် ပူးပေါင်းလုပ်ဆောင်လျှင်လဲ တပ်မှူးများက မကြည်မလင်ဖြစ်ကာ တပ်မှထုတ်လိုထုတ်၊ ခေါ်ယူသတိပေးလိုပေးနှင့် ဖြစ်နေပြီး၊ တနေ့တနေ့ ခံစစ်အတွက် ကတုတ်ကျင်းတူးရန်၊ ဗုံးခိုကျင်းတူးရန် တာဝန်များကိုသာ ထမ်းဆောင်နေရသည့်သကာလ တပ်မှူးများအပေါ်တွင် စိတ်ပျက်ပြီး နှုတ်ထွက်သူကထွက်၊ တနိုင်တပိုင် အစုအဖွဲ့လေးများဖွဲ့ပြီး ရန်သူကို ပြောက်ကျားစစ်ဖြင့် တိုက်သူက တိုက်၊ ငုတ်တုတ်ထိုင်ကြည့်သူက ကြည့်ရင်းဖြင့် အချိန်ကုန်နေကြလေသည်။

(၈) ယင်းသို့သော အခြေအနေတွင် ရန်သူ့ဘက်မှ နေ၍ လက်နက်ချပါက ယင်းတို့ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာသူများကို ရာထူးအာဏာပေးတော့မယောင် မြူဆွယ်စည်းရုံးမှုများ ထွက်ပေါ်လာသဖြင့် ရှေ့တန်းရုံးမှ စစ်ဆင်ရေး တပ်မှူးအချို့သည် မိမိတို့ကွပ်ကဲမှု လက်အောက်ခံ တပ်ရင်းများမှ ကျဆုံးသွားသူများ၏ မျက်နှာကိုလဲ မထောက်၊ ရန်သူ့ အကျဉ်းစခန်းများတွင် ရောက်ရှိနေသော လုပ်ဖော်ကိုင်ဖက်များကိုလဲ မငဲ့ကွက်ပဲ အပြေးအလွှား သုတ်ခြေတင်ပြီး ရန်သူ့ထံ အခစားရောက်သွားကြပါလေတော့သည်။

(၉) ယင်းသို့ သပ်လျှိုဖြိုခွဲမှုများ ပြုလုပ်အပြီးတွင် ရန်သူဘက်မှနေ၍ မဟာမိတ်တပ်များကို ထိုးစစ်များဖြင့် စနစ်တကျ ချေမှုန်းမှုများ ထပ်မံ ပြုလုပ်လာသကဲ့သို့ ရှေ့တန်းရုံးတွင် ကျန်ရှိနေသော တပ်မှုးများကိုသာမက ရှေ့တန်းရုံးနှင့် လက်အောက်ခံ တပ်ဖွဲ့များကိုပါ အပြီးတိုင်ချေမှုန်းကို ထိုးစစ်များ စတင်ပြင်ဆင်လာတော့သည်။ တပြိုင်နက်တည်းတွင်ပင် ရှေ့တန်းစစ်မျက်နှာတွင် ရှိနေသော ပြည်သူလူထုမှ ရှေ့တန်းရုံးတပ်မှုးများကို ရွေးချယ်ခဲ့သည့် ရလာဒ်များအား ချေဖျက်ရန် ရွေးကောက်ပွဲအတုကို ရန်သူက ပြုလုပ်ပါလေတော့သည်။

(၁၀) အဆိုပါအခြေအနေတွင် ခေါင်းမထောင်နိုင်အောင် ချေမှုန်းခံနေရသော မဟာမိတ်တပ်မှူးများမှာလဲ ခုန်ဆွဆွ၊ စစ်မျက်နှာတွင် ရောက်ရှိနေသော လူထုမှာလဲ တပ်မှူးများ ပေးသော အမိန့်ကို နာခံရန် တကြွကြွ ဖြစ်နေကြသော်လဲ ရှေ့တန်းရုံးက တပ်မှူးများကတော့ ရန်သူ့လုပ်မည့် ရွေးကောက်ပွဲအတုကို လက်မခံကြရန် လူထုကို ပြောကြားခြင်း၊ ရှေ့တန်းရုံးကို ရန်သူဘက်မှ မချေမှုန်းစေရန် ရန်သူက ချမှတ်ထားသော ဥပဒေစည်းကမ်းများ အသုံးပြု၍ တောင်းဆိုခြင်း၊ ရန်သူ့ထံတွင် အကျဉ်းကျခံနေရသော တပ်မှူးများအား လွှတ်ပေးပါရန် တောင်းဆိုခြင်း၊ အပစ်အခတ် ရပ်ပြီး စေ့စပ်ဆွေးနွေးပါရန် ပန်ကြားခြင်းများကို ပြုလုပ်နေကြပါလေတော့သည်။

အဆိုပါ အခြေအနေများသာ ရှေ့တန်း စစ်မျက်နှာတွင် ဖြစ်ပွားနေပါက ရလာဒ်များ မည်သို့ ရှိမည်နည်း။

(၁) မဟာမိတ်တပ်များမှ ခုန်ဆွဆွဖြင့် စုစည်း၍ တတ်နိုင်သမျှ အင်အားဖြင့် စုပေါင်း တိုက်ပွဲဝင်သည့် ထိုးစစ်ငယ်လေးများ ရှိလာမည်။

(၂) ရန်သူမှ အလုံးအရင်းဖြင့် ပြန်လည် ချေမှုန်းမည်။

(၃) စစ်မျက်နှာတွင် ရှိနေသော လူထုမှ မနေသာပဲ တိုက်ပွဲဝင်ဖို့ ထွက်လာသောအခါ ရန်သူမှ ရှေ့တန်းရုံးကို ဆက်သွယ်၍ အကျဉ်းကျနေသော ရှေ့တန်းရုံးမှ တပ်မှူးများကို လွှတ်ပေးပါမည်ဟု အကြောင်းကြားလိမ့်မည်။ အကြိမ် တရာမကသော စေ့စပ်ဆွေးနွေးပွဲပြုလုပ်ရန် ကတိကို ပေးလိမ့်မည်။ ရှေ့တန်းရုံးမှ တပ်မှူးများက ဝမ်းသာအားရ လက်ခံကြပေလိမ့်မည်။

(၄) ယင်းသတင်းကို ကြားသဖြင့် လူထုမှ ရှေ့တိုက်ရနိုးနိုး၊ နောက်ဆုတ်ရနိုးနိုး တွေဝေနေချိန်တွင် ရန်သူ၏ ရွေးကောက်ပွဲအတုက ပြီးဆုံးသွားပေလိမ့်မည်။

(၅) အတုပြီးသောအခါတွင်မှ ရှေ့တန်းရုံးမှ တပ်မှူးများနှင့် လက်အောက်ခံ တပ်များကို ရန်သူက အမှည့်ခြွေ ခြွေလိမ့်မည်။

(၆) အင်အားများကို ဖဲ့ခြွေရန်အတွက် ရန်သူဘက်မှနေ၍ အညံ့ခံလိုက ခံနိုင်ခြင်း (ဝါ) လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန်ပေလိမ့်ဦးမည်။ ရှေ့တန်းရုံးတွင် ကျန်ရှိနေသော တပ်မှူးအချို့နှင့် လက်အောက်ခံတပ်များမှ တပ်သားအချို့ အပါအဝင် မဟာမိတ်တပ်များမှ တပ်မှူးများ၊ တပ်သားများကလဲ မှိုရသော မျက်နှာဖြင့် တပျော်တပါး အညံ့ခံကြပေလိမ့်ဦးမည်။

(၇) ရေရှည်ရလဒ်ကား တိုက်ပွဲအီနေဦးမည်။ စစ်ကြန့်ကြာဦးမည်။ စစ်မျက်နှာမှ ပြည်သူအများမှာလဲ စစ်ပွဲ၏ ရေရှည် ဆိုးကျိုးများကို ခံစားနေရပေလိမ့်ဦးမည်။

အထက်ပါ အခြေအနေများ၊ ရလာဒ်များသည် ရှေ့တန်းစစ်မျက်နှာတွင် ဆိုလျှင်တော့ စစ်ကြန့်ကြာခြင်းကြောင့် ရေတိုဆိုးကျိုး၊ ရေရှည်ဆိုးကျိုးခံစားရသည့် လူထုအရေအတွက်၊ တပ်မှူးတပ်သား အရေအတွက် နည်းပါးပါသည်။

နိုင်ငံရေးစစ်မျက်နှာတွင် ဖြစ်လာလျှင်ကား ရေတိုဆိုးကျိုး၊ ရေရှည်ဆိုးကျိုးခံစားရသည့် လူထုအရေအတွက်၊ တပ်မှူးတပ်သားအရေအတွက်မှာ အဆမတန် များပြားရုံမက နိုင်ငံတခု၏ အနာဂတ်ကံကြမ္မာကိုပင် ထိခိုက်စေနိုင်ပါသည်။

လောကတွင် ကိုယ်ရောက်နေသည့် အခြေအနေကို အကဲမဖြတ်နိုင်မှုလောက် ဆိုးရွားသော အမှားအယွင်းကား မရှိနိုင်။ သင်္ဘောပျက်ပြီး ကျွန်းပေါ်တွင် ရောက်နေသူက အုန်းရည်ကို ပိုက်နှင့်မှ စုပ်သောက်ချင်နေလျှင် အချိန်ကြာလှသည့်အခါ အားပြတ်ပြီး အသက်ဆုံးရှုံးနိုင်သည်။ သေနတ်နှင့် ချိန်ထားသည့် စိတ်မနှံ့သူကို ပြန်ပစ်နိုင်မည့် အခွင့်အရေးရှိပါလျှက် လူမသတ်လိုဟု ဆိုကာ လက်ဖက်ရည်ဆိုင်မှာ အေးအေးဆေးဆေး ညှိနှိုင်းစကားပြောရအောင်ဟု ဆိုပါကလဲ စိတ်မနှံ့သူ ပစ်လိုက်သည့် ကျည်သင့်ပြီး သေဖို့ပဲ ရှိသည်။ တောရိုင်းထဲ ရောက်ပြီး၊ တောရိုင်းဥပဒေကို မကျင့်သုံးပါက အန္တရာယ်ဆိုးများ ကြုံဖို့ပဲ ရှိသည်။ စစ်မျက်နှာကို ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံလို သဘောထားပြီး စေ့စပ်ဆွေးနွေးဖို့ တောင်းဆိုနေသရွေ့ကတော့ တနေ့မဟုတ် တနေ့ ရန်သူ့ပစ်ကွင်းထဲ ရောက်မည်မှာ မုချမလွဲ။

ယင်းသို့ဆို၍ စစ်ပွဲများတွင် စေ့စပ်ဆွေးနွေးပွဲ မရှိဟု မဆိုလိုပါ။ စေ့စပ်ဆွေးနွေးဖို့ ဆိုသည်က တဘက်နှင့်တဘက် အပြန်အလှန် ပစ်ခတ်နေကြသည့် ကွင်းပြင်ခေါင်ခေါင်မှာ လုပ်လို့ ရသည်မဟုတ်။ သေလုခမန်း တိုက်ပွဲဝင်နေရသည့် တပ်သားများကို ငါတို့ စေ့စပ်ဆွေးနွေးဖို့ တောင်းဆိုထားတယ်ဆိုပြီး ကြေညာချက် ထုတ်ပြန် ပြောဆိုနေရသည့် အရာမဟုတ်။ နှစ်ဘက် ခေါင်းဆောင်အချင်းချင်း ဆက်သွယ်မှု Channel များဖွင့်ပြီး၊ ပဏာမ ညှိနှိုင်းမှုများ တိုးတိုးတိတ်တိတ် လုပ်ရမည့် အရာဖြစ်သည်။ ယင်းမှ တဖန် နှစ်ဘက် အပစ်အခတ် ရပ်စဲရေးကို ထပ်မံညှိနှိုင်းပြီး၊ နှစ်ဘက်စလုံးက သဘောတူညီမှုရှိမှသာ အပစ်အခတ် ရပ်စဲရန် စစ်မျက်နှာမှ ဗိုလ်ပါတပ်သားအပေါင်းကို အမိန့်ပေးရမည့် အရာသာ ဖြစ်သည်။ ထိုသို့ မဟုတ်ပဲ တဘက်ရန်သူက ပဏာမညှိနှိုင်းခြင်းကို လက်ခံသည်လဲ မဟုတ်၊ အပစ်အခတ် ရပ်စဲရေး သဘောတူသည်လဲ မဟုတ်ပဲ တရကြမ်း ချေမှုန်း နေချိန်တွင် စေ့စပ်ဆွေးနွေးပွဲကို တောင်းဆို မျှော်လင့်နေလို့ကတော့ ရန်သူ့အမြောက်ဆန်က ရှေ့တန်းရုံးပေါ် တည့်တည့်မတ်မတ် မကျလာလျှင်ပင် တော်သေးသည်ဟု ဆိုရလိမ့်မည် တကား။

ခင်မမမျိုး (၂၂၊ ၁၀၊ ၂၀၁၀)

8 comments

  • kai

    October 23, 2010 at 9:04 am

    နမိတ်တွေပါလို့… ဖတ်သင့်ပါတယ်..။
    ဘာတွေဖြစ်မလဲ..သိရင်..ပြင်ဆင်သင့်တာပြင်ဆင်နိုင်ကြတာပေါ့..။

  • maungmoenyo

    October 24, 2010 at 12:25 am

    စာရေးဆရာရန်ကုန်ဘဆွေဟာမြန်မာ့စစ်သမိုင်းမှာကနဦး “ပြောက်ကျား”စစ်ဆင်ရေးကိုအောင်နိုင်စွာသုံးနိုင်ခဲ့သူပါ။ တကယ်တော့ကမ္ဘာစစ်သမိုင်းမှာတောင်မှတ်တမ်းဝင်လောက်ပါတယ်။ (ခေတ်ကာလကိုကောင်းစွာမမှတ်မိတော့) စစ်ဦးစီးတယောက်ကိုသူပုန်လက်ထဲကကယ်ထုတ်ဖို့စစ်တပ်ကလက်မှိုင်ချတဲ့အချိန်မှာ၊ သူ့ရဲ့ကွပ်ကဲမှုနဲ့ကယ်ထုတ်နိုင်ခဲ့ပါတယ်။ “တိုက်ယူရသောမျက်ရေတပေါက်”မှာဒီကိစ္စကိုဝတ္ထုဆန်ဆန်ရေးထားခဲ့ပါတယ်။ combat field လိုနေရာမျိုးကိုအပြစ်မဲ့ပြည်သူတွေကိုရှေ့ကသွားခိုင်းပြီးစစ်တပ်ကနောက်ကလိုက်တာကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သူပါ။ (human shield) စစ်တပ်ရဲ့စစ်ဆင်ရေးကိစ္စတွေမှာသူ့ကိုမကြာမကြာခေါ်ပြီးအကြံညဏ်တွေရယူခဲ့ကြောင်းကြားဘူးပါတယ်။ ဒါ့ကြောင့်စစ်အစိုးရအဆက်ဆက်ရဲ့မျက်စေ့ဒေါက်ထောက်ကြည့်ခြင်းခံခဲ့ရသူပါ။
    အဒိကကတော့ mop ဖြစ်တဲ့အချိန်မှာဦးစီးသူခေါင်းဆောင်လုပ်တဲ့သူဟာအခရာကျပါတယ်။ အထူးသဖြင့်ကိုယ့်ဘက်ကနိုင်ခြေရှိလာရင်ခေါင်းဆောင်လုပ်သူဟာသူ့နောက်လိုက် (နောက်လိုက်မဟုတ်တောင်ထောက်ခံသူတွေအားလုံး)ကိုကောက်းကောင်းကြီးဦးဆောင်ထိမ်းသိမ်းနိုင်ဘို့လိုပါတယ်။ mop spirit က ကြောက်ဘို့ကောင်းသလိုအလွန်အင်အားကြီးပါတယ်။
    စစ်ဆင်ရေးဥပမာအနေနဲ့ပြ၇ရင် – ‘ဘဘ’စစ်ဆင်ရေး၊ ‘မဲသဝေါ’တို့ဟာသမိုင်းကိုအဆုံးအဖြတ်ပေးခဲ့သလို၊
    ၁၉၈၈ စက်တင်ဘာအာဏာမသိမ်းမှီ၊ အလံပြဘုရားလမ်းစစ်ရုံချုပ်ကိုပြည်သူသန်းနဲ့ချီပြီးဝိုင်းမိခဲ့တဲ့နေ့ရက်ဟာအဲ့ဒီအချိန်အာဏာရှိခဲ့သူအစိုး၇ရဲ့အရှိုက်ကိုတကယ်ထိစေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာဦးဆောင်သူတဦးဦးဟာကောင်းကောင်းကြီးကိုင်တွယ်နိုင်ခဲ့မယ်ဆိုရင်…..

    • bigcat

      October 24, 2010 at 12:47 am

      သမိုင်းကြောင်းကို နောက်ပြန်လှန်ပြီး ပြောကြေးဆိုရင် ပြောနိုင်တာတွေ အများကြီးပါပဲ ဆရာမိုးညို။ အားလုံးကတော့ ရတဲ့သတင်းအချက်အလက် အရင်းအမြစ်တွေနဲ့ အဆမတန်ကြီးမားတဲ့ ဖိအားတွေအောက်မှာ စမ်းတဝါးဝါး လုပ်ခဲ့ကြတာပါ။ ဆရာပြောသလို စစ်ရုံးချုပ်ကို ဝိုင်းပြီးရှေ့ဆက်တိုးလို့ လူတွေထောင်သောင်းချီပြီး သေကုန်မယ် ဆိုတာလည်း ဖြစ်နိုင်ခြေ တခုပါပဲ။ အန်န်အယ်လ်ဒီနဲ့ ဒေါ်စု ပျော့တယ်လို့ပြောပေမဲ့လည်း ရဲရဲတောက် သူပုန်တွေလည်း လက်နက်ကိုင်ခဲ့တော့လည်း တောထဲမှာပဲ ရှိနေဆဲပါ။ တချို့ကစိတ်မရှည်ဘဲ အီရတ်မှာလို အသေခံ ဗုံးခွဲကွာလို့ ပြောပါတယ်။ အဲဒီလိုလုပ်တော့ကော အီရတ်မှာ ဘာတွေဖြစ်နေပါသလဲ။ အကြမ်းဖက်အစွန်းရောက်တွေ သူတို့လိုချင်တဲ့ ပုံစံကိုမရပါ။ တိုင်းပြည်ပုံရိပ်သာ ဆိုးဆိုးရွားရွား ထိခိုက်တာ အဖတ်တင်ပါတယ်။ မဆလနဲ့ပေါင်းခဲ့တဲ့ အလင်းဝင် တွေလည်း ဘာဖြစ်ခဲ့သလဲ၊ နောက်ဆုံးတော့ ခွက်ပျောက်ခဲ့ပါတယ်။ အခု နအဖနဲ့ပေါင်းမယ်ဆိုတဲ့ ကောင်တွေလည်း ထိုနည်း၎င်းပဲ ဖြစ်မှာပါ။ လုပ်ခဲ့ရင်ဖြစ်မှာနဲ့ လုပ်လဲမထူး ပိုဆိုးမှာဆိုတဲ့ ဖြစ်နိုင်ခြေနှစ်ခု အကြားမှာ ကစားရင်းနဲ့ ပေးဆပ်ခဲ့ရတာတွေပါ။ ကျနော်ပြောနေတာ အတိုက်အခံတွေကို ကာကွယ်နေတာမဟုတ်ဘဲ သူတို့ကို နားလည်ပေးဖို့ ပြောတာပါ။ ဝေဖန်ထောက်ပြမှုတွေကတော မရှိမဖြစ် ဆက်လုပ်နေရမှာပါ။

  • kai

    October 24, 2010 at 12:41 am

    ၉-၉-၈၈က …ဦးနုရဲ့ “ကျွန်တော်သာလျှင်ဝန်ကြီးချုပ်ဖြစ်ပါကြောင်း” ဆိုတာကို သေသေချာချာ..ပြန်ဆန်းစစ်ဖို့လိုတယ်လို့..ထင်မိပါတယ်..။
    အဲဒီအချိန်က..တဦးချင်းအလိုက်..ဘယ်သူတွေထောက်ခံသလဲ..ကန့်ကွက်သလဲ.. ပြန်စစ်ဖို့ပါပဲ..။ ပုဂိုလ်ရေးတွေမပါပဲ..အချက်အလက်ကိုသာ …ဆွေးနွေးစကားဝိုင်းလေးဖြစ်စေချင်တာပါ..။

    ၂၂နှစ်ကြာတဲ့..အခုအချိန်မှာတော့ ..ဦးနုရဲ့..အဲဒီလုပ်ရပ်ဟာ..မှန်တဲ့လုပ်ရပ်တခုလို့..ပြောလာကြတာများလို့ပါ..။

    • bigcat

      October 24, 2010 at 1:44 am

      ဦးနု ၁၉၈၈ အရေးအခင်းတုန်းက ဝန်ကြီးချုပ်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ခဲ့တာကို မှန်တယ်လို့ ထင်ပါတယ်။ သူ့ကို ကန့်ကွက်သူ ကျောင်းသားတချို့က အခြေအနေကို အမြတ်ထုတ်ဖို့ ကြိုးစားတယ်ဆိုတာ ဟုတ်လားလို့ မေးကြတော့ သူက ဟုတ်တယ် ဒါပေမဲ့ ငါ့အတွက်မဟုတ်ဘူး မင်းတို့အတွက်လို့ ဆိုတာမျိုး ပြောခဲ့တယ်လို့ မှတ်သားဖူးပါတယ်။ သူကအသက်ကြီးနေပြီဖြစ်လို့ နေရလဲခဏပဲ၊ အပြောင်းအလဲတွေဟာ ငယ်သေးတဲ့ မင်းတို့အတွက်လို့ ဖြေခဲ့တာလို့ ယူဆနိုင်ပါတယ်။ သူကအဲဒီကြေငြာချက်ကိုထုတ်တော့ ထင်ရှားတဲ့ ခေါင်းဆောင်အတော်များများနဲ့ မတိုင်ပင်ဘဲ နိုင်ငံတော် သစ္စာဖောက်မှုမြောက်လို့ တိတ်တိတ်လေး စီမံခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးတောင် ကြေညာချက်မထုတ်ခင် အစည်းအဝေးခေါ်မှ သိရတယ်ဆိုလား ဆောင်းပါးတခုမှာ ဖတ်ဖူးပါတယ်။
      ဆိုးတာက ဒေါ်စုကို တိုင်ပင်ခဲ့သလားဆိုတာပါ။ အခြားခေါင်းဆောင် ဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးကိုတော့ စိတ်မချလို့ တိုင်ပင်မှာမဟုတ်လို့ ထင်ပါတယ်။ တခါဗိုလ်မှူးအောင်လင်းထွဋ် ဆောင်းပါးတခုမှာ သွားလေသူ ဗိုလ်ချုပ်ခင်ညွန့်ကတောင် ဒေါ်စုရဲ့ အခန်းကဏ္ဍကို သက္ကရာဇ် ၂၀၀ဝ ပိုင်းလောက်ကြမှ အသိအမှတ်ပြု ခဲ့တာလို့လည်း ဖတ်ဖူးပါတယ်။ အဲဒီတော့ ၁၉၈၈ ကာလအချိန်မှာ ဒေါ်စုကို တိုင်းပြည်ရဲ့ ခေါင်းဆောင်အဖြစ် ရှားရှားပါးပါး လက်ခံသူ သူဆိုလို့ အဲဒီအချိန်က လူထုသိတဲ့ ခေါင်းဆောင်များထဲမှာ ဗိုလ်ချုပ်ကြီးဦးတင်ဦး တယောက်ပဲ ရှိဟန် တူပါတယ်။ ဆရာကြီး ဦးဝင်းတင် ဦးဆောင်တဲ့ တတ်သိပညာရှင်များ အားလုံးလိုလိုကတော့ ဒေါ်စုကို ထောက်ခံကြပါတယ်။
      ကျနော် ပြောချင်တာတော့ မှားခဲ့တာတော့ အကုန်လုံးပါပဲ။ တဖက်ကလည်း ဦးနေဝင်းကသာ အာဏာလွှဲချင်ရင် ဘာမှ ရှည်ရှည်ဝေးဝေး လုပ်စရာမလို၊ ဒီနေ့အမိန့်ပေး မနက်ဖြန် အစိုးရပြောင်းရုံပါ။ အခုလည်း ဘာထူးလည်း ဦးသန်းရွှေ ဒီနေ့ပြောင်းဆို ချက်ခြင်းပြောင်းလို့ ရပါတယ်။ မဆလခေတ် ၂၆နှစ်လုံးလုံး မလျှော့တမ်း ဖိနှိပ်ခဲ့တော့ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ အကြံအစည် အထမြောက်မယ် ဆိုတာ တထစ်ချ မယူဆနိုင်ပါဘူး။ ဖြစ်နိုင်ခြေတခုက ကျဉ်းထဲကျပ်ထဲကာလမှာ ဦးနေဝင်းနဲ့မဆလ အပျော့ဆွဲဆွဲပြီး တရုပ်ကြီးနဲ့ မဆလခေတ်လွန် ကာလတွေအတွက် လက်ဝါးရိုက်နေ ကြတယ်လို့ ထင်ပါတယ်။ ညှိလည်းပြီရော ပစ်ခတ်ပြီး ပွဲသိမ်းလိုက်တာ ဖြစ်နိုင်ပါတယ်။
      ဒါပေမဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ အကွက်ဟာ အလွန်ကောင်းတဲ့ နိုင်ငံရေးကွက်တကွက် ဆိုတာတော့ နောက်ပိုင်းမှာ အများ လက်ခံကြတယ်ထင်ပါတယ်။ တဆက်ထည်း ဆက်ဖွလိုတာ ဦးနုလိုပဲ အများ သဘောမတူတဲ့ နိုင်ငံရေးအကွက်ကို ရွှေ့ခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးပါ။ ထောင်ကနေ
      သူလွတ်တော့ စမ်းချောင်း ပုဒုမ္မာကွင်းမှာ စစ်တပ်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့လို့ သူဆိုတာကို နားယောင်ပြီး ပေါင်းဖို့ ကြိုးစား ခဲ့ကြမယ်ဆိုရင်ကော အလှည့်ပြောင်း တခု မဖြစ်နိုင်ဘူးလား။ အဲဒီ အချိန်က နိုင်ငံရေးရေချိန်နဲ့ လူထုရဲ့ ထောက်ခံမှု ဖိအားကိုလည်း မမေ့သင့်ပါ။ ဒါတွေကို ထည့်မတွက် ဒါမှမဟုတ် စွန့်လုပ်ခဲ့လို့ နောက်ဆုံး မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်ကနေ သူပျောက်ခဲ့ရတာလည်း မမေ့သင့်လို့ထင်ပါတယ် ။ ဒီကိစ္စတွေနဲ့ ပက်သတ်လို့ ယုံကြည်လောက်တဲ့ အချက်အလက်တွေ ပိုသိရမယ်ဆိုရင်တော့ အဖြူအမဲကို ပိုခွဲခြားနိုင်မယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို ပုဂ္ဂိုလ်ရေးမပါ အပြုသဘော ဝေဖန်ဆန်းဆစ် မှုမျိုးဟာ လုပ်သင့်လုပ်ထိုက်တဲ့ အရာဖြစ်ပါတယ် ခင်ဗျား။

  • maungmoenyo

    October 25, 2010 at 1:13 am

    ပြီးခဲ့တဲ့ (၁၉၈၈) နိုင်ငံရေးအပြောင်းအလဲကာလမှာ ခေါင်းဆောင်ခဲ့သူတွေ(ဝါရင့်နိုင်ငံရေးသမားဟောင်းကြီးတွေလို့ဆိုပါရစေ)ရဲ့အယူအဆကြေငြာချက်တွေဟာသူ့နည်းသူုဟန်နဲ့မှန်ပါတယ်။ သမိုင်းကိုမျက်ချေပြတ်ခဲ့တဲ့လူထုအနေနဲ့သူတို့ရဲ့ကြေငြာချက်တွေကိုနားမလည်နိုင်ခဲ့သလို၊ အဲ့ဒီခေါင်ေးဆာင်တွေမှာပြန်ပြောင်းဖြေရှင်းစရာအချိန်မရှိခဲ့ကြရှာပါဘူး။ ဒီနေ့နိုင်ငံရေးစင်မြင့်မှာကခုန်နေကြသူအားလုံးဟာသူတို့ရဲ့နိုင်ငံရေးဘဝနဲ့ခံစားချက်တွေပေါ်မှာမူတည်ပြီးလှုပ်ရှားနေကြတာပါ။ ဖြေရှင်းပြဘို့အလွန်ခဲယဉ်းတဲ့သမိုင်းနောက်ခံတွေရှိပါတယ်။
    ဦးနု – သူ့ကိုသူဝန်ကြီးချုပ်လို့ကြေငြာတော့အများလူထုကမကြေနပ်တဲ့အပြင်၊ကျောင်းတော်ကရန်စရှိခဲ့ဘူးသူတွေကဘေးတီးကြပါတယ်။ နိုင်ငံရေးရှေ့နောက်မှီကြသူတွေ(တည်မြဲဖဆပလဝင်တွေအပါအဝင်)သာ ‘မှန်လိုက်လေကိုကြီးနုရယ်” လို့မှတ်ချက်ပြုကြပါတယ်။ အဲ့ဒီကြေငြာချက်က ဗိုလ်နေဝင်းရဲ့ “မဆလ”အစိုး၇ရဲ့အရှိုက်ကိုဒါရိုက်ဟစ်ထိသွားခဲ့တာတော့အမှန်ပါ။ (သတိချပ်ရန် – ဗိုလ်နေဝင်းအပါအဝင်စစ်ဗိုလ်ချုပ်ကြီးများရဲ့အရှိုက်ကိုထိစေတဲ့ကြေငြာချက်တွေထဲမှာအစိုးရအဖွဲ့ကြေငြာတာဟာအဆိုးဆုံးပါဘဲ။ ဥပမာ- ဒေါက်တာစိန်ဝင်းအဝေးရောက်အစိုးရဖွဲ့စဉ်ကလည်းတကြိမ်ပါ) တကယ်တော့သူ့ထံကအာဏာလုခဲ့သူဗိုလ်နေဝင်းဆီကအာဏာကိုသူပြန်တောင်းခွင့်ရှိပါတယ်။ သခင်နုဟာစိတ်အလွန်ကြီးတဲ့သူလို့နံမယ်ကြီးခဲ့ပေမဲ့ (၈၈)ကြေငြာချက်ဟာသူ့အတွက်မဟုတ်ဘဲလူထုအတွက်ဆိုတာမောင်မိုးညိုယုံကြောင်းပါ။ စိတ်မကောင်းရာကတော့သူ့ရဲ့စေတနာမှန်ကိုလူထုကိုရှင်းပြဘို့အခွင့်အရေးရမသွားရှာတာကိုပါဘဲ။
    ဗိုလ်နေဝင်း – ပေါင်းတလည်ကအမျိုးများကနိုင်ငံမှာဖြစ်ချင်တိုင်းဖြစ်နေတာတွေသူ့ကိုပြောခွင့်ရလို့ဝိုင်းပြောကြတဲ့အချိန်နဲ့ အင်းစိန်ကလဘက်ရေဆိုင်မှာကျောင်းသားချင်းသီချင်းခွေလုနားထောင်ရာကနေ ‘မဆလ’ပါတီဘုံးဘုံးလဲတော့မဲ့အခြေအနေကိုသီးမခံနိုင်တော့တဲ့အချိန်တိုက်တိုက်ဆိုင်ဆိုင်အချိန်မှာဒေါသပေါက်ကွဲပြီး၊ အရေးပေါ်ပါတီညီလာခံမှာနိုင်ငံရေးဇာတ်ခုံပေါ်ကအနားယူသွားပါတယ်။ လူထုကိုလဲနောက်တခါဆိုရင်သေနတ်မိုးပေါ်ထောင်ပြစ်မှာမဟုတ်တော့ဘူးလို့ကြုံးဝါးသွားတယ်။ ဗိုလ်နေဝင်းကိုလူထုနဲ့သမိုင်းကခွင့်မလွှတ်နိုင်တာမှန်ပေမဲ့၊ သူဟာမြန်မာသမိုင်းရဲ့အရေးပါတဲ့ဖြစ်စဉ်အားလုံးမှာအဓိကဏ္ဍကပါခဲ့သူပါ။ သိရသလောက်အခွင့်သာရင်နိုင်ငံရေးလုပ်ဖေါ်ဟောင်းတွေကိုစောင့်ရှောက်သလို၊ သူ့နားကိုပေါက်အောင်ပြောနိုင်ရင်ပြောင်းသင့်တာတွေပြောင်းဘို့ဝန်မလေးခဲ့သူပါ။ သူ့အနားမှာဝိုင်းရံနေတဲ့ပုဂ္ဂိုလ်အချို့ရဲ့လိမ်ညာတင်ပြမှုတွေနဲ့သက်တမ်းရှည်လာပြီးဖြစ်တဲ့အာဏာစက်ကသူ့ကိုဒုက္ခပေးလိုက်တာပါဘဲ။ အံ့ဩစရာကောင်းတာကအာဏာဘုန်းမီးနေလတောက်ခဲ့တဲ့သူ့လိုလူရဲ့နေဝင်ချိန်ဟာညှိုးမှိန်ခဲ့ရတာပါဘဲ။
    ဗိုလ်အောင်ကြီး – သမဂ္ဂအဆောက်အဦးကိုဟိုလူခွဲသလိုဒီလူခွဲသလိုmisleading လုပ်ပြီး၊ လူထုကိုစမ်းချောင်းပဒုမ္မာကွင်းမှာလဲစစ်တပ်ကိုစိတ်နဲ့တောင်မပြစ်မှားကြပါနဲ့ဆိုပြီးသွေးထိုးခဲ့ပါတယ်။ ဗိုလ်အောင်ကြီးဟာ industrialist ပါ။ နိုင်ငံရေးသမားမဟုတ်ပါဘူး။ ဗိုလ်နေဝင်းအပေါ်သံယောဇဉ်ရှိခဲ့သူပါ။
    ဗိုလ်ချုပ်ကြီးတင်ဦး – သူဟာစစ်ခေါင်းဆောင်ကောင်တယောက်ပါ။ ဗိုလ်ချုပ်အောင်ဆန်းပြီးရင် (ထိပ်ပိုင်းမရောက်ခဲ့ပေမဲ့စစ်ခေါင်းဆောင်ကောင်အချို့ ကလွဲရင်- ဥပမာ ဗိုလ်ချုပ်စမစ်ဒွန်း)စံနမူရှိတဲ့စစ်ဦးစီးတဥိးပါ။ သူုကိုဖြုတ်တော့တပ်တွေမှာအတော်ကြာကြာရှင်းယူရပါတယ်။ ဒေါ်စုရဲ့အရည်အချင်းကိုချက်ချင်းအကဲခတ်မိသလိုပထမဆုံးလူသိရှင်ကြားထောက်ခံခဲ့သုမို့နိုင်ငံရေးအရည်အသွေးခေသူမဟုတ်ပါ။
    ဒေါ်စု – ပြည်ပမှာနှစ်ပရိစ္ဆေဒအနေကြာပေမဲ့သူ့ရဲ့အတွေးအခေါ်၊အယူအဆတွေဟာလူတန်းစားအလွှာအသီးသီးရဲ့ခံစားချက်ကိုအံ့ဩဘွယ်ကောင်းအောင်ပြသနိုင်ခဲ့သူမို့၊ ဗိုလ်ချုပ်အောင်ဆန်းကသူ့ကိုယ်စားနိုင်ငံရဲ့အနာဂါတ်ကိုစောင့်ရှောက်ရစ်ဘို့ထားခဲ့လေသလားလို့…။ လူထုရဲ့ခံစားချက်ကိုကောင်းကောင်းကြီးနာလည်သလို၊ ဗိုလ်ချုပ်ကြီးတွေရဲ့နိုင်ငံရေးလှည့်ကွက်တွေကိုဒိုးကနဲဒေါက်ကနဲသိသလို၊အချက်ကျကျပြန်လည်ချေပနိုင်သူမို့၊ အဆက်ဆက် ဗိုလ်ချုပ်ကြီးများ (စောမောင်၊သန်းရွှေ နှင့်အပေါင်းအပါထိပ်ပိုင်းများ)အားလုံကသူနဲ့မျက်နှာချင်းဆိုင်တွေ့ဘို့အလွန်ဝန်လေးပါတယ်။ နိုင်ငံရဲ့အနာဂါတ်နဲ့နိုင်ငံရဲ့အရင်းအနှီးလိုအပ်ချက်တွေကိုခေတ်မှီနားလည်သူတစ်ဦးထဲဖြစ်ယုံမက၊ တစ်ဦးထဲသောစွမ်းဆောင်နိုင်သူလို့မောင်မိုးညိုယူဆပါတယ်။ သူ့ရဲ့အရည်အချင်းတွေကိုရိပ်စားမိတဲ့ဗိုလ်တင်ဦးနဲ့ဦးဝင်းတင်တို့လိုအမြင်ကျယ်သူတွေကသူမကိုထောက်ခံမှုအပြေည့်ပေးတာလည်းဒါအရည်အချင်းတွေကြောင့်ပါဘဲ။ ခုထိအထိမ်းအသိမ်းခံနေရတာကလဲသူမရဲ့ထက်မြက်လှတဲ့အရည်အချင်းတွေပါဘဲ။
    ဒါတစ်ဦးချင်းရဲ့အနေအထားတွေလို့သုံးသပ်ပါတယ်။
    (၈၈)စက်တင်ဘာကိစ္စကတော့ရှင်းပါတယ်။ အဲ့ဒီအချိန်မှာဦးဆောင်သူကောင်းတယောက် (အထက်ဖေါ်ပြပါပုဂ္ဂိုလ်များမဟုတ်) ကဦးဆောင်နိုင်ခဲ့ရင်လူထုတစ်သန်းကလည်း နောက်လိုက်နိုင်ခဲ့ရင်၊ ဒီနေ့မြန်မာနိုင်ငံဟာကျွန်တော်တို့အားလုံးတမ်းတတဲ့မြန်မာနိုင်ငံမဖြစ်တောင်အဲ့ဒီလမ်းကြောင်းပေါ်မှာရောက်နေပါပြီ။ အာဏာရ လမ်းစဉ်ပါတီအစိုးရနဲ့နောက်ဆက်တွဲ (ဒေါက်တာမောင်မောင်အစိုး၇) ဟာအဲ့ဒီအချိန်မှာတကယ်တုန်လှုပ်ချောက်ခြားခဲ့သလိုကပ်ဆိုက်နေချိန်ပါ။ အာဏာယိမ်းယိုငိမှုအတွက်နိုင်ငံရေးထွက်ပေါက်ကို desperately ရှာနေခဲ့ရတဲ့အချိန်ပါ။
    နိုင်ငံရေးသမားတွေမှာရှင်းပြဘို့ခက်တဲ့အထာတွေရှိပါတယ်။ သမိုင်းနောင်ကွယ်မှာတကယ်ဖြစ်ခဲ့တာတွေအမှောင်ဖုံးခဲ့တာမြန်မာပြည်လွတ်လပ်ရေးမရတရအချိန်ထဲကပါ။ နိုင်ငံရေးညဏ်နီညဏ်နက်များတဲ့သခင်နုကိုခေတ်ပြိုင်လုပ်ဖေါ်တွေကမကြေနပ်ကြပေမဲ့၊ (၈၈)ကာလသူ့ကြေငြာချက်ကိုလူထု(နဲ့နိုင်ငံရေးခေါင်းဆောင်အားလုံးက) ကလိုက်ခဲ့မယ်ဆိုရင်…..။
    အာဏာယာယီကိုင်တွယ်မဲ့သခင်နု နဲ့ နိုင်ငံတည်ဆောင်ရေးကိုဇောက်ချလုပ်နိုင်မဲ့အခွင့်အရေးကို ဒေါ်စုတို့ရခဲါရင်…။

  • kai

    October 25, 2010 at 2:58 am

    ကျွန်တော်သာလျှင်ဝန်ကြီးချုပ်ဖြစ်ပါကြောင်း စာထုတ်တဲ့ဦးနုကို ပွဲလန့်တုံးဖျာခင်းတယ်ပြောကြတော့..ဦးနုက..
    ဟုတ်တယ်..အဲဒီဖျာခင်းတာဟာ ငါထိုင်ဖို့မဟုတ်ဖူး။ မင်းတို့ထိုင်ဖို့လို ပြောခဲ့တယ်..။

    ဦးနုရဲ့သား၂ယောက်ဖြစ်တဲ့..ဦးသောင်းထိုက်ရယ်..ဦးအောင်ရယ်နဲ့ ..မန်းလေးဂေဇက်အင်တာဗျူးဖူးပါတယ်..။ ၈၈နဲ့သိပ်မဆိုင်ပေမဲ့.. ၆၂နောက်ပိုင်း ..ဘာတွေဖြစ်သွားခဲ့သလဲ..မှန်းဆနိုင်ကြဖို့ပါ။ သမိုင်းကို မအ,အောင် သိသင့်ပါတယ်..။
    တရက်ရက်တော့ တင်ပေးပါဦးမယ်..။

  • maungmoenyo

    October 26, 2010 at 1:20 am

    စင်္ကာပူနိုင်ငံရဲ့ကနဦးခေါင်းဆောင်လည်းဖြစ်ဝန်ကြီးချုပ်လဲဖြစ်ခဲ့ဘူးတဲ့ လီကွမ်းယူ(လက်ရှိဝန်ကြိးချုပ်လီဆင်လျောင်းရဲ့ဖခင်)ကို Times Magazine ကအင်တာဗျူးတော့ (၁၉၉ဝ ဝန်းကျင်ကဖြစ်မည်ထင်သည်) သူ့ကို ‘အတိုက်အခံတွေက ခင်ဗျားဟာ dictator ဘဲ’ လို့ပြောတော့၊ ‘ဟုတ်တယ်၊ သူဟာdictatorပါဘဲ။ ဒါပေမဲ့ခုနေသူဝင်မဲအရွေးခံရင်၊ဝန်ကြီးချုပ်ဖြစ်နိုင်သေးတယ်’လို့ပြောဘူးပါတယ်။ ကိုယ့်နိုင်ငံသားတွေကိုရင်ဝယ်သားလိုသဘောထားပြီး၊ အရှေ့တောင်အာရှမှာစီးပွားအဖြစ်ဆုံးနဲ့ဖွံ့ဖြိုးမှုအရှိဆုံးနိုင်ငံဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့လို့သူ့ရဲ့ဦးဆောင်မှုကိုဒီနေ့အထိလူထုကခံယူဆဲပါ။ မြန်မာနိုင်ငံလွတ်လပ်ရေးရစဉ်တုံးက၊စင်္ကာပူဟာတံငါရွာကြီးတခုအဆင့်ရှိပါတယ်။ ၁၉၆၅ မှလွတ်လပ်ရေးရပြီး၊ဒီခေါင်းဆောင်ရဲ့ဦးဆောင်မှုကြောင့်ခုအချိန်မြန်မာကလိုက်လို့မမှီတော့အောင်တိုးတက်နေပါပြီ။ သခင်နုနဲ့သူတို့ကခေတ်ပြိုင်တွေပါ။ တခုကွာတာကလီကွမ်းယူက London/Cambridge School of economics ကနေ first class first နဲ့ဂုဏ်ထူးဘွဲ့ထူးတွေလင်ရောမယားပါရခဲ့တာပါ။ သခင်နုကတော့တက္ကသိုလ်ပညာအခြေခံအဆင့်နဲ့နိုင်ငံရေးလောကထဲခြေစုံပစ်ဝင်ခဲ့ရတော့ပညာရေးကျောထောက်နောက်ခံအားနဲခဲ့ပါတယ်။ ကက်ဘိနက်ကိုယ်တိုင်ကလဲပညာတတ်နဲခဲ့ပါတယ်။ ဗိုလ်ချုပ်ဆောင်ဆန်းရဲ့ကက်ဘိနက်ကတော့ပညာတတ်တွေနဲ့ဖွဲ့ထားတဲ့မြန်မာနိုင်ငံရဲ့အရည်အချင်းအပြည့်အဝဆုံးအစိုးရအဖွဲ့ပါ။ နိုင်ငံတနိုင်ငံရဲ့ထူထောင်ရေးမှာပညတတ်မပါဘဲဘာမှလုပ်မရပါဘူး။ အမျိုးသားရေးကိစ္စကလွတ်လပ်ရေးရဘို့ကြိုးပမ်းစဉ်ကသုံးပြီးပါပြီ။ အမျိုးသားရေး။တို့တာဝန်တို့အော်ရတော့မဲ့အချိန်မဟုတ်ပါဘူး။ ပညာတတ်တွေရှေ့တန်းတင်ရမဲ့အချိန်ပါ။ သခင်နုကြောင့်လည်းတိုင်းပြည်ရေစုံမျောရတလဲပါပါတယ်။ သူလဲအာဏာသက်ရှည်ရင်ဗိုလ်နေဝင်းလိုမဖြစ်ဘူးမပြောနိုင်ပါဘူး။ သခင်နုမှန်တဲ့တချက်ကတော့(၈၈)ကာလမှာ သူသာဝန်ကြီးချုပ်ပါလို့ကြေငြာလိုက်တာပါဘဲ။ ဦးကျော်ငြိမ်း (တည်မြဲ) တို့လိုလူနဲ့ဆိုရင်၊ (တည်မြဲဖဆပလကိုသာလူထုကထိုစဉ်ကမဲထဲ့ခဲ့မယ်ဆိုရင်) ခုချိန်မြန်မာနိုင်ငံဟာစင်္ကာပူနဲ့နင်လားငါလားဖြစ်နေပါပြီ။

Leave a Reply