How to pass on Nov 7 Myanmar Election

smytu1996October 25, 20101min721

မြန်မာနိုင်ငံမှာ ၂၀၁ဝ ရွေးကောက်ပွဲကြီး ကျင်းပဖို့ ရက်ပိုင်းလောက်ပဲ လိုပါတော့တယ်။ ဒီရွေးကောက်ပွဲကြီးကို နအဖစစ်အစိုးရက ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲလို့ သတ်မှတ်ထားပေမယ့် တကယ်တော့ ဒီရွေးကောက်ပွဲကြီးဟာ ဗိုလ်သန်းရွှေ ရွေးကောက်ပွဲလို့ ခေါ်ရင် ပိုမှန်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ ဗိုလ်သန်းရွှေ လက်သပ်ကျောသပ် မွေးထားတဲ့ ဗိုလ်သန်းရွှေရဲ့ အမိန့်ဩဇာခံ ပါတီလည်းဖြစ်၊ ဗိုလ်သန်းရွှေကိုယ်တိုင် နာယကကြီးအဖြစ် ပါဝင်ထားတဲ့ ပါတီလည်းဖြစ်တဲ့ ကြံ့ဖွံ့ပါတီ အနိုင်ရရှိဖို့ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်လို့ပါပဲ။ ကြံ့ဖွံ့ပါတီနိုင်မှလည်း နအဖရဲ့ ၂၀၀၈ ခုနှစ် အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို အတည်ပြုနိုင်မှာကိုး။ ဒီအခြေခံဥပဒေ အတည်ပြုနိုင်မှလည်း စစ်အာဏာရှင်အစိုးရ ရာသက်ပန် အုပ်ချုပ်သွားနိုင်မယ်။ စစ်အာဏာရှင်များအနေနဲ့ သူတို့ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဘေးအန္တရာယ်များမှ ကင်းလွတ်သွားမယ်။ ဒါကြောင့် ဗိုလ်သန်းရွှေဟာ ဒီရွေးကောက်ပွဲကို ကြံ့ဖွတ်ပါတီအနိုင်ရဖို့ အပိုင်ကြံစည်နေပါတယ်။ ဗိုလ်သန်းရွှေဟာ သူ့ဘဝတလျှောက်လုံးမှာ မပိုင်ရင် ဂလိုင်တောင် မခေါက်ဘူးဆိုတဲ့ လူစားမျိုးပါ။ ဘာပဲလုပ်လုပ် ပိုင်မှ အသေကိုင်တာ။ ၁၉၉၂ ခုနှစ်က ဗိုလ်စောမောင်ကို ဖြုတ်ချခဲ့တာ ကြည့်မလား။ ကျေးဇူးရှင် ဗိုလ်နေဝင်းမိသားစုကို အမှောင်တိုက်သွင်းခဲ့တာ ကြည့်မလား၊ ၁၉၉ရ ခုနှစ် ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ၊ ဗိုလ်ကျော်မင်း စတဲ့ စစ်အုပ်စုတွေကို ဖယ်ရှားပစ်ခဲ့တာ ကြည့်မလား၊ နောက်ဆုံး ၂၀၀၄ ခုနှစ်မှာ ဗိုလ်ခင်ညွန့်နဲ့ အပေါင်းပါတွေကို ဖမ်းဆီးဖြုတ်ချ ထုတ်ပယ်ပစ်ခဲ့တာ ကြည့်မလား။ ဒါတွေဟာ ဗိုလ်သန်းရွှေ အာဏာရှင်ပလ္လင် ဖင်မြဲဖို့အတွက် စနစ်တကျ အကွက်ချ အပိုင်လုပ်ခဲ့တာတွေပါ။ ဗိုလ်သန်းရွှေ အပိုင်လုပ်ခဲ့သမျှ မအောင်မြင်တာတခုပဲရှိပါတယ်။ အဲဒါကတော့ အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်များ ဒီပဲယင်း (၂၀၀၃ ခုနှစ်) လုပ်ကြံခံရမှုမှာ သူသေစေချင်တဲ့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်နှစ်ဦးဟာ ဒဏ်ရာရရှိရုံမှတပါး အသက်ရှင် ကျန်ရစ်ခဲ့တဲ့အတွက် ဗိုလ်သန်းရွှေ ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရပါတယ်။ အခုလည်း ဗိုလ်သန်းရွှေဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အတည်ပြုနိုင်ဖို့ သူ့ဆန္ဒအတိုင်း ကောက်ကျစ်ယုတ်မာပြီး သူ့ရဲ့ကိုယ်ပွား ကြံ့ဖွံ့ပါတီကြီးကို နိုင်လဲနိုင်၊ ရှုံးလည်းနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အပိုင်တော်ကြံပြီး တိုင်ပေါ်အလံစိုက်ဖို့ အရှက်မရှိ ကြိုးစားနေတာ တွေ့နေရပါပြီ။ ဗိုလ်သန်းရွှေတခေတ်လုံးမှာ “မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကို ထား” ဆိုတဲ့ ဗုဒ္ဓရဲ့အဆုံးအမတရား မရှိခဲ့ပါဘူး။ ရက်စက်ယုတ်မာကောက်ကျစ်တဲ့ လူသတ်သမား စစ်အာဏာရှင်အနေနဲ့ရယ်၊ လောဘ၊ ဒေါသ၊ မာန်မာနတွေနဲ့ အာဃာတကြီးသူ၊ အငြိုးကြီးသူ၊ စစ်ဘီလူးအသွင်နဲ့ရယ် နှစ်မျိုးပဲ တွေ့မြင်နေရပါတယ်။ ပြည်သူအားလုံးက စက်ဆုပ်ရွံရှာ မုန်းတီးသလားမပြောနဲ့၊ တိုင်းပြည်ကြီး ဆင်းရဲမွဲတေနေသလောက် ဗိုလ်သန်းရွှေရဲ့ လက်ပါးစေအုပ်စုတွေကတော့ သားစဉ်မြေးဆက် ဆယ်သက်ဆယ်ကမာ္ဘ မဆုံးနိုင်အောင် ကျိကျိတက်ကောင်းစား ချမ်းသာကြီးပွားနေကြပါပြီ။ ဒါကိုက တိုင်းပြည်နဲ့ လူမျိုးအကျိုးထက် ကိုယ်ကျိုးကြည့် အတ္တလောက်ကောင်တွေဆိုတာ ထင်ရှားနေပါပြီ။ဗိုလ်သန်းရွှေ ကျင်းပပေးမယ့် ၂၀၁ဝ ရွေးကောက်ပွဲရဲ့ အကြိုရလဒ်အဖြေဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ကတည်းက ကြိုမြင်နေခဲ့ရပါပြီ။ ခုတော့ ရုပ်လုံးက ပိုကြွပြီး ၂၀၁ဝ ရွေးကောက်ပွဲအဖြေဟာ မကျင်းပမီကတည်းက အတွင်းသားကို အထင်းသားမြင်နေရပြီ။ စိတ်ကူးယဉ်ပြီး ဉာဏ်တထွာတမိုက်နဲ့ ဗိုလ်သန်းရွှေရဲ့ ရွေးကောက်ပွဲ နွားတင်းကုပ်ထဲကို ခွေးတိုးပေါက်က ဝင်မိကြတဲ့ သူတွေကတော့ နောက်ဆုံးမှာ နွားသတ်ရုံထဲ အပို့ခံရတော့မယ့် နွားတွေဖြစ်နေမှာ သနားမိပါတယ်။ တကယ်တော့ ဗိုလ်သန်းရွှေရဲ့ ၂၀၁ဝ ပါတီစုံရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ရွေးကောက်ပွဲဝင် ပါတီတွေဟာ အဖြည့်ခံအကူသဘောနဲ့ ပံ့ပိုးကူညီပေးသလို အသုံးချခံသက်သက် ဖြစ်နေပါတယ်ဆိုတာကို ရွေးကောက်ပွဲအလွန်ကျရင် နောင်တရကြမှာ သေချာပါတယ်။ ဗိုလ်သန်းရွွှေရဲ့ ရွေးကောက်ပွဲအလွန်ကာလကို မှန်းမျှော်ကြည့်လိုက်ရင် လွှတ်တော်ထဲမှာ နအဖရဲ့ အမိန့်နာခံတော် ဘောင်းဘီဝတ် တပ်မတော်သား ကိုယ်စားလှယ်များက (၂၅) ရာခိုင်နှုန်း အပိုင်ယူထားပြီး ပူပူနွေးနွေး ဘောင်းဘီချွတ်ထားတဲ့ တသွေးတသံတမိန့် ခေါင်းတော်ညိတ် ပုဆိန်ရိုး ကြံ့ဖွံ့ပါတီကိုယ်စားလှယ်များ၊ နအဖ ကျောထောက်နောက်ခံပေးထားတဲ့ အခြားကိုယ်စားလှယ်များ၊ ပြီးတော့ မဆလခေတ်ဟောင်းက ဘောင်းဘီချွတ် ဗိုလ်ချုပ်ဟောင်းကြီးများ ပါဝင်တဲ့ တစည ကို်ယ်စားလှယ်များ … စတဲ့ ကိုယ်စားလှယ်များကလည်း လွှတ်တော်ထဲမှာ အများစု လွှမ်းမိုးနေမှာဖြစ်ပါတယ်။ အရပ်ဘက် ဒီမိုကရေစီအင်အားစုပါတီများက ကိုယ်စားလှယ်များအနေနဲ့ကတော့ ခပ်ပါးပါးမျှသာ တွေ့နေရမှာပါ။ အဲဒီတော့ အာဏာဟာ ပြည်သူက ဆင်းသက်ရမယ်ဆိုတဲ့ ဒီမိုကရေစီစံနှုန်းနဲ့ ရွေးကောက်ပွဲဆိုတာထက် အာဏာဟာ တပ်မတော်က ဆင်းသက်ရမယ်ဆိုတဲ့ အာဏာရှင် ရွေးကောက်ပွဲသာ ထွက်ပေါ်လာပါလိမ့်မယ်။ ရွေးကောက်ပွဲရဲ့ အခြေခံအဓိက ရည်ရွယ်ချက်မှာကိုက လွတ်လပ်မှု၊ တရားမျှတမှု၊ ညီမျှမှုဆိုတာတွေ မရှိဘဲကို။ ကြံ့ဖွံ့ပါတီတဖွဲ့တည်းသာ ချွန်ပြီး မြန်မာပြည်အနှံ့ တောရောမြို့ပါမကျန် ခရီးဆန့်ပြီး၊ အာဏာအင်အား၊ ဓနအင်အား၊ လူအင်အားတွေနဲ့ တဖက်သတ် လွတ်လပ်စွာ စည်းရုုံးရေးဆင်းနေတာတွေကိုသာ နအဖသတင်းစာတွေထဲမှာ နေ့စဉ်တွေမြင်နေရပါတယ်။ လမ်းတွေ ဖောက်ပြမလား၊ တံတားတွေ ဆောက်ပြမလား၊ ဆေးရုံဆေးခန်းတွေ ဖွင့်ပြမလား၊ ကျေးလက်စာကြည့်တိုက်တွေ ဖွင့်ပြမလား၊ ကျန်းမာရေး အခမဲ့ ကုသပေးမလား၊ ငွေထုတ်ချေးမလား၊ နိုင်ငံပိုင်ငွေတွေနဲ့ ပြည်သူကို မျက်နှာလုပ် စည်းရုံးနေတာ ရှက်စရာကောင်းတဲ့အပြင် ဗိုလ်သန်းရွှေရဲ့ ငွေများမဲနိုင် ဒီမိုကရေစီပဲဖြစ်မယ်။ ပြီးတော့ ဝန်ကြီးချုပ်ရာထူး၊ ဝန်ကြီးရာထူးတွေက တဘက်၊ ကြံ့ဖွံ့ပါတီဥက္ကဋ္ဌရာထူးနဲ့ အဖွဲ့ဝင်ရာထူးတွေကတဘက် နိုင်ငံတော်စရိတ်နဲ့ မြန်မာပြည်တနံတလျား ခရီးသွားအကြောင်းပြ ကြံ့ဖွံ့အနိုင်ရဖို့ စည်းရုံးရေးလုပ်နေတာကတော့ ရှက်စရာအပြင် သိက္ခာကော ရှိပါသေးရဲ့လား၊ လူကြီးလူကောင်းကော ပီသပါရဲ့လား။ ဗိုလ်သန်းရွှေကတော့ သူနှင့် ကြံဖော်ကြံဖက် မိုက်ဖော်မိုက်ဖက် အာဏာရှင်လူတစု မိသားစုဘဝ လွတ်မြောက်ဖို့အတွက် ထွက်ပေါက်အဖြစ် သူတို့တတွေကို အကာအကွယ်ပေးနိုင်မယ့် ၂၀၀၈ အခြေခံဥပဒေ အတည်ပြုနိုင်ဖို့ ၂၀၁ဝ ရွေးကောက်ပွဲကို တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ ဥပဒေနဲ့ ညီညွတ်သည်ဖြစ်စေ မညီညွတ်သည်ဖြစ်စေ ကြိမ်းသေအနိုင်ရအောင် ဆောင်ရွက်တော့မှာဖြစ်တယ်။ အာဏာလက်နက်အရှိန်အဝါနဲ့ အနိုင်ကျင့် မတရားရယူတဲ့ ‘နိုင်ပွဲ’ ဟာ ဘဝမှာ ရေပွက်ပမာ ခဏသာခံမယ်၊ ကြာရှည်မခံဘူးဆိုတာ ဗိုလ်သန်းရွှေ နားလည်သင့်တယ်။ ဒီလို နိုင်ပွဲဟာလည်း မြန်မာ့အလယ်၊ ကမာ္ဘ့အလယ်မှာ မတင့်တယ် မထည်ဝါ ဂုဏ်သိက္ခာညှိုးစွာနဲ့ မြန်မာ့သမိုင်းကို စွန်းထင်းညစ်နွမ်းစေအောင် ကမ္ပည်းမော်ကွန်း အတင်ခံရမှာ အလွန်ပဲ ရှက်ဖွယ်လိလိ ဖြစ်ရပါလိမ့်မယ်။ ဒါ့ကြောင့် အနာဂတ်မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အစိုးရ ဘယ်တော့မှ မပေါ်ထွန်းရေးအတွက် ဒီနေ့ ဗိုလ်သန်းရွေရဲ့ ရွေးကောက်ပွဲကို အန်အယ်လ်ဒီရဲ့ဆောင်ပုဒ်အရ “မတရားသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတာလို ကျွန်ုပ်တို့အားလုံး (ရွေးကောက်ပွဲဝင်ပါတီများနဲ့ ပြည်သူအားလုံးမကျန်) တညီတညွတ်တည်း မဲမပေးဘဲ သပိတ်မှောက်ဆန့်ကျင်ကြပါစို့ ဟူ၍သာ …။ ။

One comment

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 25, 2010 at 9:28 pm

    (အာဏာလက်နက်အရှိန်အဝါနဲ့ အနိုင်ကျင့် မတရားရယူတဲ့ ‘နိုင်ပွဲ’ ဟာ ဘဝမှာ ရေပွက်ပမာ ခဏသာခံမယ်၊ ကြာရှည်မခံဘူးဆိုတာ ဗိုလ်သန်းရွှေ နားလည်သင့်တယ်)
    ဆိုလိုခြင်တာက သူ ့ကို နားမလည်ဘူး အိုက်ဒီလိုလား အထင်ပြောရရင်တော့ ကျွန်တော်တို ့အားလုံး ညံ့တယ်လို ့ပြောမလား အကြင်နာကင်းတဲ့ အလုပ်ကို မလုပ်နိုင်ဘူးလို ့ ပြောမလား

Leave a Reply