သရဲနီတို့ရဲ့ သူရဲကောင်း

khinmintatthuOctober 22, 20101min710

မန်ယူအသင်းမှ အဓိကတိုက်စစ်မှူးဖြစ်တဲ့ ရိန်းရူနီသည် အသင်းပြောင်းရွှေ့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပေမယ့်လည်း ယခုအခါ မည်သူမှ ထင်မှတ်မထားသည့် မန်ယူအသင်းနှင့် ၅ နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း အသင်းပိုင်ဝက်ဘ်ဆိုဒ်မှ သိရှိရသည်။

ထိုသဘောတူညီမှုသည် မန်ယူအသင်းမှ တာဝန်ရှိသူများနှင့် ရူနီ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ပြီး အတည်ပြုပြောကြားခြင်းလည်းဖြစ်သည်။ ပြီးခဲ့သော ရက်သတ္တပတ်က ရူနီသည် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆန်ခဲ့သူဖြစ်ပြီး ယခုချုပ်ဆိုလိုက်သော စာချုပ်သစ်အတွက် အလွန်ပင်ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ထုတ်ဖော်ဝန်ခံသွားခဲ့သည်…။ မန်ယူအသင်း တိုက်စစ်မှူးရူနီသည် အခုချုပ်ဆိုလိုက်သော စာချုပ်သစ်ကြောင့် အသင်းတွင် ၁၁ နှစ်ကြာမျှ ကစားဖူးသည့် ကစားသမားဖြစ်လာမည်ဖြစ်သည်။

မန်ယူအသင်းတိုက်စစ်မှူး ရူနီက “ကျွန်တော် မန်ယူနဲ့ နောက်ထပ် သဘော တူညီမှု ထပ်ရခဲ့ တာကို အရမ်းပဲ ဝမ်းမြောက် ကျေနပ်မိ ပါတယ်။ ပြီးခဲ့တဲ့ ရက်တွေက ကျွန်တော်နဲ့ အသင်း မန်နေဂျာ၊ အသင်းပိုင်ရှင် တွေနဲ့ စကားပြောဖြစ် ခဲ့ပြီး ဒါဟာ ကျွန်တော် ပိုင်ဆိုင်တဲ့ နေရာဆိုတာ သေချာစေခဲ့ ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ မန်နေဂျာဟာ အရမ်းတော်တဲ့ လူတစ်ယောက်လို့ ကျွန်တော် ပြောခဲ့ပြီး သူ့ရဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှု တွေက ကျွန်တော့်ကို အသင်းမှာ ဆက်ရှိနေစေ ခဲ့ပါတယ်။ အခုလို စာချုပ်သစ် ချုပ်ဆို လိုက်ခြင်းဟာ အသင်းရဲ့ နည်းပြ အဖွဲ့တွေ အတွက်ရော၊ အုပ်ချုပ်မှု အဖွဲ့တွေ အတွက်ရော၊ ဘုတ်အဖွဲ့နဲ့ ပိုင်ရှင်တွေ အတွက်ရော အပြည့်အဝ ပေးဆပ်ပြီး မန်ယူ အသင်း အတွက် အောင်မြင်တဲ့ သမိုင်းကြောင်းကို ဆက်လက် ထိန်းသိမ်း နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ထုတ်ဖော်ပြောကြားသွားခဲ့သည်။

အရင်ရက်ပိုင်းအတွင်းက အသင်းနဲ့ လစာညှိနှိုင်းရာတွင် အဆင်မပြေမှုများကြောင့် အခြား အသင်းသစ်တစ်သင်းသို့ပြောင်းမည်ဟု သတင်းများတွင် ဆက်တိုက်ဆိုသလိုထွက်ပေါ်နေခဲ့ရာတွင် ရူနီကို စိ်ဝင်စားလျက်ရှိသော အသင်းကြီးများဖြစ်သည့် ရီးယဲလ်မက်ဒရစ်၊ ချယ်လ်ဆီး၊ မန်စီးတီးအသင်းတစ်သင်းသင်းသို့ ပြောင်းရွှေ့မည်ဟု ပရိသတ်များက  ထင်မှတ်နေခဲ့ပေမယ့် ယခုလို မန်ယူအသင်းနှင့်ပင် စာချုပ်ချုပ်ဆိုလိုက်သောကြောင့် ပရိသတ်များ ဟာကနဲ ဟင်ကနဲ ဖြစ်ခဲ့ရပြန်သည်။  ယခုလက်ရှိ မန်ချက်စတာယူနိုက်တက်အသင်းသည်လည်း အခက်များနှင့် ရင်ဆိုင်နေရသလိုဖြစ်နေသည်။ ဖာဂူဆန်အနေဖြင့် ရူနီလို ကစားသမားကောင်းတစ်ယောက်ကို စွန့်လွှတ်လိုက်ရလျှင် အသင်း အတွက် နစ်နာမှုများ ထပ်မံရရှိနေမည်ဖြစ်သည်။  ရူနီသည်လည်း မန်ယူအသင်းသည် သူ့ကစားသမားဘဝအတွက် ခမ်းနားထည်ဝါသော အသင်းဖြစ်ကြောင်းကိုလည်း နားလည်သဘောပေါက်လျက် ထိုသို့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း ဝန်ခံပြောကြားသွားခဲ့သည်။ အသင်းကိုလည်း ယခုထက်အောင်မြင်မှုများ ရယူပေးမည်ဖြစ်ကြောင်းကိုလည်း ဆက်လက်ပြောဆိုသွားခဲ့သည်။