သင်္ကြန်တွင်းကုသိုလ်ရေးနှင့် ပျော်မွေ့ကြမည့်အနုပညာရှင်များ

BayoteApril 2, 20101min1122

မြန်မာနှစ်သစ်ကူးသင်္ကြန်အခါသမယသို့ မကြာမီကာလအတွင်း ရောက်ရှိတော့မည်။ သင်္ကြန်ကာလတွင် ဖျော်ဖြေရေးအဖြစ်တစ်မျိုး၊ ကိုယ်တိုင်ပါဝင်ဆင်နွှဲ၍တဖုံ ပုံစံအမျိုးမျိုးဖြင့်ဆင်နွှဲကြမည့် အနုပညာရှင်များရှိနေသကဲ့သို့ ယခုနှစ်သင်္ကြန်ချိန်ခါတွင်တရားစခန်းဝင်ခြင်း၊ ရဟန်းဘောင်ဝင်ခြင်းအစရှိသည့် ကုသိုလ်ကောင်းမှုများဖြင့် ဖြတ်သန်းရန် စီစဉ်နေကြသူများလည်းရှိနေကြပြန်သည်။ မြန်မာနှစ်သစ်ကူးကာလတွင် ဟိန်းဝေယံ၊ သင်ဇာဝင့်ကျော်၊ မေကဗျာ၊ မင်းသွေး၊နိုဘယ်လ်ကျော်ကျော်၊ မိုးအောင်ရင်၊ မမများအဖွဲ့၊ ရတနာခင်၊ ဒါရိုက်တာကြည်ဖြူသျင်စသည့် အနုပညာရှင်အချို့သည် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်း၊ တရားစခန်းဝင်ခြင်း၊ သာသနာ့ဘောင်သို့ ဝင်ရောက်ခြင်းစသည့်  ကုသိုလ်ကောင်းမှုအဖုံဖုံဖြင့် သင်္ကြန်ကာလအားဖြတ်ကျော်ရန် စီစဉ်လျက်ရှိရာ . . . .

ဟိန်းဝေယံ
ကျွန်တော် ဒီနှစ်သင်္ကြန် တရား စခန်းဝင်ဖို့ စဉ်းစားထားတယ်။ မနှစ်ကလည်း သင်္ကြန်တွင်းကို ရဟန်းခံ ဖြစ်တယ်လေ။ ဒီနှစ်ကတော့ ကျွန်တော်တို့ဇာတိ မော်လမြိုင်ကိုပြန်ပြီး တရားစခန်း အေးအေးဆေးဆေးဝင် မယ်လို့ စိတ်ကူးဖြစ်တာပါ။ ကျွန်တော့် ပင်ကိုစရိုက်ကိုက လူတွေအများကြီး ရှုပ်နေတဲ့နေရာမှာ သိပ်မနေချင်ဘူး။ ဒါကြောင့်သင်္ကြန်ဆိုရင် အရမ်းကြီး ပျော်တာဆော့တာမျိုး သိပ်မလုပ်ဖြစ်ဘူး။  ဒီနှစ်ကတော့ တစ်နှစ်လုံး အနုပညာအလုပ်တွေ လုပ်ထားတယ် ဆိုတော့ သင်္ကြန်တွင်းမှာ တရားစခန်းဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ သဘောပါ။
မေကဗျာ
သင်္ကြန် ဘယ်မှသွားဖြစ်မှာ မဟုတ်ပါဘူး။ မိသားစုနဲ့အတူ အိမ် မှာပဲရှိနေမယ်။ ဘုန်းကြီးကျောင်းနဲ့ အိမ်မှာဆွမ်းကျွေးမယ်။ တရားစခန်း လည်းဝင်မလားလို့ စဉ်းစားနေပါ တယ်။ နောက်တစ်ခုက ကဗျာတို့ အနုပညာမောင်နှမတွေစုပြီး မုံရွာမှာ သိမ်လှူထားတာရှိတယ်။ မစိုးမိုးကြည်၊ ကိုရန်လေး(ရန်အောင်)၊ မမျိုး (မျိုးသန္တာထွန်း)တို့ရော စုပြီးလှူ ထားတာပါ။ အဲဒီသိမ်ကို ရေစက်ချဖို့ရှိတယ်။ သိမ်ရေစက်ချပွဲကို သွားဖြစ်ရင်သွား ဖြစ်ပါမယ်။

ဒါရိုက်တာကြည်ဖြူသျှင်
ဒီနှစ်သင်္ကြန်တော့ တရားစခန်းဝင်ဖြစ်မှာပါ။ မနှစ်ကတရားစခန်း ဝင်မယ်လို့ စိတ်ကူးထားပေမယ့် မဝင်ဖြစ်လိုက်ဘဲ အိမ်မှာပဲနေဖြစ်လိုက်တယ်လေ။ ဒါကြောင့်ဒီနှစ်တော့ တရားစခန်းဝင်ဖို့ စာရင်းပေးထားပါ တယ်။ မေမေတို့နဲ့အတူတူဝင်ဖြစ်မှာပါ။

မင်းသွေး
ငယ်ငယ်တုန်းက သင်္ကြန်ဆိုရင် ပျော်ချင်ပါးချင်စိတ်တွေရှိပေမယ့် အခုနောက်ပိုင်းတော့ သင်္ကြန်တွင်း ဆိုရင် အေးအေးချမ်းချမ်းနေချင်တဲ့ စိတ်ပဲရှိတော့တယ်။ မနှစ်ကသင်္ကြန် မှာဘုန်းကြီးဝတ်ဖြစ်တယ်။ ဒီနှစ်သင်္ကြန်လည်း ဘုန်းကြီးဝတ်ဖြစ်ရင်ဖြစ် မဖြစ်ရင် တရားစခန်းဝင်မယ်လို့ စိတ် ကူးထားပါတယ်။ တခြားအစီအစဉ်တော့ မရှိသေးပါဘူး။

မမများအဖွဲ့
ကျွန်မတို့အဖွဲ့ သင်္ကြန်မှာ ကပြဖျော်ဖြေလို့ရတဲ့ အနုပညာငွေထဲက  သင်္ကြန်မှာ အဖွဲ့အတွက်ကုန်ကျငွေကိုနုတ်ပြီး အလုပ်ပုံမှန်မရှိတဲ့မမတွေ ကို ထောက်ပံ့ငွေအဖြစ်ခွဲပါတယ်။ ကျန်တဲ့ငွေကို နှစ်စဉ်အလှူလုပ်လာခဲ့ တာပါ။ မနှစ်ကရတဲ့ငွေထဲက လှည်းကူးမှာသိမ်ဆောက်ဖို့ မတည်လှူဒါန်း ခဲ့တယ်။ ဒီနှစ်မှာတော့ လှည်းကူး သိမ်ရေစက်ချဖို့ရှိပါတယ်။  ကိုယ့် အနုပညာကြေးလေးနဲ့ လှူဒါန်းခွင့် ရတာဆိုတော့ ပီတိအရမ်းဖြစ်မိပါ တယ်။

ရတနာခင်
အရင်နှစ်တွေတုန်းကတော့ ဖိတ်တဲ့မဏ္ဍပ်မှာ သင်္ကြန်လည်ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဘယ်မှသွားဖြစ်မှာ မဟုတ်ပါဘူး။ အိမ်မှာပဲမိသားစုနဲ့ အတူနေဖို့စဉ်းစားထားသလို  တရား စခန်းလည်းဝင်ဖို့ အစီအစဉ်ရှိပါ တယ်။ အစ်မတရားစခန်းဝင်ရင် ၈ မိုင်က သက္ကမရံသီကျောင်းမှာဝင်ဖြစ်မှာပါ။

နိုဘယ်လ်ကျော်ကျော်
နိုဘယ်လ့်ကို ဒီနှစ်မဏ္ဍပ်ထိုင်ဖို့ ဖိတ်ထားတာတွေတော့ရှိတယ်။ ဒါပေမယ့် ဇာတ်ကားရိုက်ကူးမှုတွေ သာမရှိဘူးဆိုရင် ဒီနှစ်သင်္ကြန်ကို တရားစခန်းဝင်ဖို့ စိတ်ကူးထားတယ်။

မိုးအောင်ရင်
ကျွန်တော် ဒီနှစ်သင်္ကြန် ဘုန်းကြီးဝတ်ဖို့ စဉ်းစားနေပါတယ်။ သင်္ကြန်ဆိုရင် အရမ်းကြီးပျော်ချင် ပါးချင်တဲ့စိတ်သိပ်မရှိတော့သလို လူတွေအရမ်းများတဲ့ နေရာတွေကို သိပ်မသွားချင်တာကြောင့်လည်း ပါပါတယ်။ ဒါကြောင့် ဘုန်းကြီးဝတ် ဖို့ပဲ စဉ်းစားဖြစ်တာ။ ဝတ်ရင်တော့ သင်္ကြန်ရက်တွင်းကို အပြည့်ဝတ် ဖြစ်ပါမယ်။ ကျောင်းကိုတော့မသတ် မှတ်ရသေးပါဘူး။

သင်ဇာဝင့်ကျော်
သင်ဇာ ဒီနှစ်သင်္ကြန်တရား စခန်းဝင်ဖြစ်ပါမယ်။ အသက်ကြီးလာတာနဲ့အမျ သင်္ကြန်ဆိုရင်တရားစခန်း အေးအေးချမ်းချမ်းလေး ဝင်ရတာကို သဘောကျတယ်။ မနှစ်ကလည်း သင်္ကြန်တွင်းကို တရားစခန်းဝင်ဖြစ် တယ်လေ။ ဒါကြောင့်ဒီနှစ်လည်း သင်္ကြန်တွင်းတရားစခန်းကို ရန်ကုန် မှာပဲဝင်ဖြစ်ဖို့ များပါတယ်။

Source:Weekly Eleven ဂျာနယ်

2 comments

  • susunosuki

    April 15, 2010 at 3:14 pm

    ဖတ်ရတဲ့ အတွက်ကျေးဇူးတင်ပါတယ်
    ဘယ်သူပါပါ မပါပါ ကျွန်တော်တို့ မဟာသင်္ကြန်ကတော့ စည် ပါတယ်
    ဒီနေ့ဆို လမ်းမပေါ် လမ်းလျှော်သီးသန့်ပြည့်နေတယ်

  • mzm

    July 27, 2011 at 3:54 pm

    သာဓုပါကွယ်.သာဓု.သာဓု….

Leave a Reply