မုန်တိုင်း အဓိက တိုက်ခတ်ရာ ဒေသများတွင် ရေနှင့် အစားအစာများ အကြီးအကျယ် ပြတ်လပ်နေ

blackloverOctober 24, 20101min671

ဂီရိ မုန်တိုင်း အဓိက တိုက်ခတ်ရာ ကျောက်ဖြူ၊ မြေပုံနှင့် မင်းပြားမြို့နယ်များတွင် ပြည်သူများ အနေဖြင့် ရေနှင့် အစားအစာ ပြတ်လပ်မူနှင့် ရင်ဆိုင်နေကြရသည်ဟု သတင်း ရရှိသည်။

မုန်တိုင်းသည် ကျောက်ဖြူမြို့နှင့် မြေပုံမြို့ အကြားကို တစ်နာရီ မိုင် ၁၂ဝ နုန်းဖြင့် ဖြတ်သန်း တိုက်ခတ်ခဲ့သဖြင့် မုန်တိုင်းနှင့် အတူ ဒီရေများပါ တက်လာခဲ့သဖြင့် တာရိုးများ ကျိုးပျက်ကာ ကျေးရွာအများအပြားရှိ ရေကန်များကို ဆားငံရေများ ဝင်ရောက်သွားခဲ့သည်။

“အခု ဆိုးဆိုးရွားရွား ဖြစ်နေတာကတော့ ကမ်းသာယာ၊ ငပသုံ၊ လွမ်းလုံပိုက်၊ ငမန်းရဲကျွန်း စတဲ့ နေရာတွေ ဖြစ်ပါတယ်။ အဲဒီမှာ လူတွေ မသေအပျောက်ရှိတယ်လို့ သိရပါတယ်။ ရွာတွေကို ရေမြုပ်သွားတဲ့ အတွက် ရေတွေ သောက်သုံးလို့ မရတော့ဘူး ဆိုပီး သတင်းရတယ်။ အစားအစာ တွေပါ ပြတ်လပ်နေတယ်လို့ သိရပါတယ်” ဟု စစ်တွေမှ လူမူရေး အကျိုးဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

အဆိုပါ သတင်း ထွက်ပေါ်လာပြီးနောက် AZG အန်ဂျီအိုမှ အဆိုပါ ဒေသသို့ အကူ အညီပေးရန် စက်လှေများ ဖြင့် ယမန်နေ့က စစ်တွေမှ ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

“ အခုလောလောဆယ်တော့ အာဏာပိုင်တွေက ဘာသတင်းမှ မထုတ်ပြန်သေးသလို ကူညီ ဆောင်ရွက်ပေးတာတွေလည်း ဘာမှ မရှိသေးဘူးလို့ သိရပါတယ်။ ဖုံးလိုင်းတွေ အခုအချိန်ထိ ပြတ်နေတဲ့ အပြင် အစိုးရက ဘာမှ သတင်း ထုတ်ပြန်တာ မရှိသေးတဲ့ အတွက် အဲဒီ ဒေသမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို တိတိကျကျ မသိရဘဲ ဖြစ်နေတယ်။ လူတွေ အသေအပျောက် ရှိတဲ့ သတင်းတွေတော့ ထွက်နေပါတယ်” ဟု သူက ဆက်ပြောသည်။

အဓိက မုန်တိုင်းကြောင့် ထိခိုက်ခဲ့သော နေရာများမှာ မြေပုံနှင့် ကျောက်ဖြူမြို့နယ် ဖြစ်ကြောင်း သိရသည်။ စစ်တွေနှင့် ပေါက်တောတွင် ထိခိုက်မူ သိပ်မများကြောင်း သူက ပြောသည်။

“ စစ်တွေမှာ မုန်တိုင်း တိုက်ခတ်ခဲ့ပေမယ့် သိပ်အပျက်အစီး မရှိဘူး။ ရေတွေလည်း သိပ်မတက်ခဲ့ပါဘူး။ ပေါက်တောမှာလည်း သိပ်အပျက်အစီး ရှိတယ်လို့ မကြားရပါဘူး။ အဆိုးရွားဆုံးက မြေပုံနဲ့ ကျောက်ဖြူ မြို့နယ်တွေမှာ ဖြစ်ပါတယ်။”

ကျောက်ဖြူဒေသခံ တစ်ဦးကလည်း ကျောက်ဖြူမြို့ပေါ်တွင် ၅ဝ ရာခိုင်နုန်းကျော် ပျက်စီး သွားကြောင်းကို ယခုကဲ့သို့ ပြောသည်။

“ ပျက်စီးတာကတော့ ၅ဝ ရာခိုင်နုန်းကျော် ပျက်စီးတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အိမ်တွေ အလုံးလိုက် ပြိုလဲတာ မရှိပေမယ့် အိမ်ခေါင်းမိုးတွေ အကုန်လုံး ပွင့်ထွက်ကုန်တယ်။ စာသင် ကျောင်းတွေ အထူးသဖြင့် ဆရာအတတ်သင်ကျောင်းဆိုရင် ခေါင်မိုးတွေ ၉ဝ ရာခိုင်နုန်း ပျက်စီး သွားခဲ့တယ်။ အပင်တွေ၊ ဓါတ်မီးတိုင်တွေ လဲပြိုကျသွားတယ်။ အိမ်ပြိုပျက်သွားတဲ့ သူတွေက အခု ဘုန်းကြီးကျောင်းတို့၊ မပြိုပျက်ဘဲ ကျန်နေခဲ့တဲ့ စာသင်ကျောင်းတွေမှာ ခိုလုံနေကြတယ်။ မြို့ထဲက ထမင်းထုတ်တွေ လိုက်ကောက်ပြီး သူတို့အတွက် ပို့ပေးနေရတယ်။ အခုအချိန်ထိတော့ အာဏာပိုင်တွေက လမ်းတွေကို လိုက်ရှင်းတာက လွဲပြီး အကူအညီ ထိထိရောက်ရောက် ဆောင်ရွက်ပေးတာ မရှိသေးပါဘူး။”

ကျောက်ဖြူ ဒေသ အာဏာပိုင်များမှ ကျောက်ဖြူတွင် အလုပ် လာလုပ်နေသော မြန်မာ ရွှေသရဖူ ကုမ္ပဏီပိုင် ကားများကို အကူအညီယူပြီး လမ်းများကို လိုက်ရှင်းနေပြီး မြို့သူ မြို့သားများကလည်း ပြိုပျက်သွားသော ၎င်းတို့၏ အိမ်ယာများကို ၎င်းတို့ ပြင်ဆင် ပြုလုပ်နေကြသည်ဟု သိရသည်။

ကျောက်ဖြူတွင် ဂီရိ မုန်တိုင်းမှာ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁ဝ နာရီမှ အစပျိုး တိုက်ခတ်ခဲ့ပြီး ညနေ ၃ နာခွဲနှင့် ၆ နာရီခွဲတွင် အပြင်းထန်ဆုံး တိုက်ခတ်ခဲ့ကာ ညနေ ၈ နာရီကျော်မှ လေရှိန် ပျော့သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

မာန်အောင်မြို့ကိ်ု အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁ဝ နာရီတွင် တစ်နာရီ မိုင် ၇ဝ နုန်းဖြင့် စတင် တိုက်ခတ်ခဲ့ပြီး ကွမ်းသီးပင်များ ပြိုလဲ ကျမူအပ တခြား ထိခိုက်မူများ မရှိကြောင်း အမျိုးသမီး တစ်ဦးက ပြောသည်။
သို့သော်လည်း တောလက် ကျေးရွာများတွင် ဖြစ်ပေါ်ခဲ့သော အခြေအနေကို သူမအနေဖြင့် အတိအကျ မသိရသေးကြောင်း ပြောဆိုသည်။

@နိရဉ္စရာ

One comment

  • moethidasoe

    October 25, 2010 at 5:31 am

    မြေပုံလေးမှာ ထည့်ဆွဲပြရင်ကောင်းမှာပဲ .. ဘာလို့ဆို သတင်းမှာ မပါတော့ .. နေရာအကျယ်အဝန်း ထိခိုက်မှုတွေ မသိရသေးဘူး

Leave a Reply