မဝေးတော့ပါ

GomenasaiOctober 24, 20101min822

ဟိုးအမေရိကန်ကသမ္မတကြီး၊ ဗြိတိန်ကဝန်ကြီးချုပ်ကြီး နဲ့ မြန်မာပြည်ကလူတယောက် (ဘယ်သူလဲတော့မသိဘူး အသက်တော့တော်တော်ကြီးနေပြီ) တို့သေပြီးတော့ငရဲပြည်ကို ရောက်သွားကြတယ်ဆိုပါတော့။အဲဒီမှာ အမေရိကန်ကသမ္မတကြီးက လူ့ပြည်မှာကျန်ခဲ့တဲ့ သူ့ မိန်းမကို လွမ်းတော့ ဖုန်းဆက်ပါရစေ ဆိုပြီး ငရဲမင်း ကြီးဆီမှာခွင့်တောင်းပါတယ်။ ငရဲမင်း ကြီးလဲ ဆက်တော့ဆက် ကျသလောက် ဖုန်းခတော့ပေးရမယ်ဆိုပြီးခွင့်ပြုလိုက်တယ်။ အမေရိကန်ကသမ္မတကြီး လဲဝမ်းသာပြီး ဆက်တာပေါ့။ဒါပေမယ့် ပိုက်ဆံကလဲ သိပ်မရှိတော့ ၁ဝမိနစ်ပဲဆက် ပါတယ်။ အဲဒါကိုငရဲမင်းကြီးက ဒေါ်လာ၁၀ဝ ကျတယ်ဆိုပြီးတောင်းတော့အမေရိကန် ကြီးလဲ ဘာလို့အဲလောက် ကျ ရသလဲမေးတော့ ငရဲမင်းကြီး က Oversea Call မို့ပါလို့ ပြောလိုက်ပါတယ်။နောက်ဗြိတိန်ဝန်ကြီးချုပ် အလှဲ့ ၊သူ့ ကျ ၂ဝမီနစ် ကိုဒေါ်လာ၁၀၀။ အဲ့ဒီမှာအမေရိကန် ကြီး ကမေးတာပေါ့ သူ့ကျ ၂ဝမီနစ် ကို မှဒေါ်လာ၁၀ဝ ဆိုတော့ မတရားဘူးပေါ့။ အဲဒီမှာငရဲမင်းကြီးက သူလဲ Oversea Call ဒါပေမဲ့ ငရဲပြည်နဲ ့နဲနဲပိုနီးတယ် လို့ပြောလိုက်ရတယ်။နောက်ဆုံး ကျနော်တို့ဇာတ်လိုက်ကျော်ကြီး အလှဲ့။ သူ့ကျ သူ့မိန်းမ နဲ့ပြောတာ ၁ဝမီနစ် လဲမဟုတ်နာရီဝက် လဲမက ပြောနေလိုက်တာ ၃နာရီ ကြာသွားရော။ ဟို၂ကောင်ကတော့ထင်တာပေါ့၊ ဒီ ဘဲကြီးတော့မွဲပြီလို့။ဘယ်ဟုတ်မလဲသူလဲဒေါ်လာ၁၀ဝပဲ။ အဲဒီမှာဟို၂ကောင် တင်းပြီပေါ့ ၃နာရီပြောမှဒေါ်လာ၁၀ဝ ဆိုတော့။ အဲဒီမှာတင် ငရဲမင်းကြီး က ဟို၂ကောင်ကိုကြည့် ပြီး ” ဒီကောင်(မြန်မာပြည်သားကြီး) ခေါ်တာကOversea Call မဟုတ်ဘူးကွLocal Call” လို့ပြောလိုက်ပါတော့တယ်။

အထက်ပါဟာသလေးက ဟာသဆိုပေမဲ့ တကယ့်အပြင်လောက မှာဖြစ်ပျက်နေတာ တွေကိုထင်ဟက်နေသလိုပါပဲ။ ငရဲ နဲ့ပတ်သက်ပြီး ဆရာတော်တပါးဟောကြားတာခုလို ကြားနာဖူးပါတယ်။ ငရဲဆိုတာမြင်ချင်ရင်ဝေးဝေး လိုက်ရှာနေစရာမလိုပဲ မိမိအနီးဝင်းကျင် မှာတင်မြင် နိုင်ပါတယ်တဲ့။ ဟောဒီလူ့လောကမှာတင် နေ့စဉ်တွေ့မြင်နေရတဲ့ သူတောင်းစား၊သူနာ(ဝဋ်နာကံနာခံနေရသူများ)၊မိန်းမလျှာ၊အနူ၊သူဆင်းရဲ( ဘာပဲလုပ်လုပ်မအောင်မြင်နိုင်ပဲဆင်းရဲမြဲဆင်းရဲသူ) စသည့်သူများမှာ ယခင် ဘဝဘဝ များကပြု ခဲ့ဖူး တဲအကုသိုလ် များ ကြောင့် ယခုဘဝတွင် ဝဋ်ကြွေး( ငရဲ) ခံနေရသူများ ဖြစ်တယ် လို့ဆိုပါတယ်။

ဒီလိုဆိုရင် ကျနော် အပါအဝင် တော်တော်များများဟာလဲငရဲခံနေရ သလိုပါပဲ။မိုးရာသီ ကုန်ခါနီးလို့ဆောင်းရာသီတောင် ကောင်းကောင်းမရောက်သေးပါဖူးတော်တော်ကိုပူနေပါပြီ။ကမ္ဘာကြီး ပိုပြီးပူနွေးလာပြီဆိုတော့နဂို ထဲကပူပြင်းတဲ့ရာသီရှိတဲ့မြန်မာပြည်ကြီးကလဲပို ပူလာတာမဆန်းပါ။အပြင်ထွက်ရင်ပူလို့အိမ်မှာပဲ အဲယားကွန်းလေးနဲ့နေမလားစဉ်းစားမဲ့သူတော်တော်များများ ရှိမှာပါ။ သို့သော်ပေါ့လေ အဲယားကွန်းဖို့နေနေ သာသာ ပန်ကာတောင် (အကြောင်းအမျိုးမျိုးကြောင့်)မီးမလာသဖြင့် မဖွင့်နိုင်လို့ အ ပူဒဏ်ကိုကြံ့ကြံ့ခံခါ နေနေကြရတာလဲကြာပါပြီ။ဒါကရောလောကငရဲပါပဲလား။(တော်ပါပြီဒီအကြောင်းတွေလျှောက်ရေးလို့လဲမဖြစ်သေးပါဘူး)

တလောက Fwd Msg ကရတဲ့ ” မြန်မာပြည်တွင်လုပ်သည်” ဆိုတဲ့post လေးကိုဖက်မိတော့တော်တော်စဉ်းစား စရာဖြစ်ရပါတယ်။စားစရာထဲ ကို ဆိုးဆေးထဲ့တာ၊ အကြော် ကြော်တာက ိုပလတ်စတစ် ထဲ့ကြော်တာ၊ ဆီ ကိုဆပ်ပြာ ရောတာ၊ ငါး ဟင်းသီးဟင်းရွက်ကို လတ်ဆပ်အောင်ဓာတ်မြေဩစာ စိမ်တာ၊ အသားတွေမှာ ယမ်းစီမ်းထဲ့တာ၊ပိုးလောက်လန်းရေသန့်ဗူး၊ ဖွဲနုငရုတ်သီးမှုန့် ၊မြေမှုန့် သနပ်ခါး ၊ပါရာစီတမောသွေးဆေး ၊Expired မုန့်၊စသဖြင့်စုံ နေတာပါပဲ။

အဲဒီလို ကျန်းမာရေးနဲ့လွတ်ညီညွတ်တဲ့ အစားအသောက်တွေကိုစားတဲ့သူတွေ ကတော့ကံဆိုး စွာနဲ့မကြာခင်မှာ ရောဂါ မျိုးစုံ ကိုရပါတယ်။ တခါထဲကိတ်စ ပြတ်သေသွားရင်တော်ပါသေးတယ်။သို့သော် အဲဒီလိုရောဂါတွေကတခါထဲကိတ်စမချော ပဲ နစ်ရှည်လများ ကျန်းမာရေး၊လူမှူရေး၊စီးပွါးရေး စသည့်ရေးပေါင်းများစွာ ဒုက်ခများစွာကို အားပါးတရခံပြီးမှ ကိတ်စပြတ်မှာပါ။ (အဲဒါကြောင့်လဲဝဋ်နာကံနာလို့ခေါ်တာဖြစ်မယ်ထင်ပါတယ်။)

လွန်ခဲ့တဲ့ 4 – 5နှစ် လောက်က မုန့် ဟင်းခါးတပွဲကို(အကြော်နဲ့) စားရင်ဗိုက်ဝအောင်စားလို့ရပါသေးတယ်။ ခုတော့ မုန့်ဟင်းခါးတပွဲဆိုတာ တကယ့် ဘုရားစူး မုန့်ဟင်းခါးပါ။ ၃နစ်သားကလေး လက်နဲ့တဆုပ် လောက်ဆိုဒါ မုန့်တပွဲ ဖြစ်ပါပြီ။အကြော်ဆိုတာကလဲရှယ် ပလပ်စတစ်နဲ့ကြော် ထားတဲ့သေးသေး လေးတွေပါ။လူတော်တော်များများကမုန့်ဆိုရင်လဲတပွဲပဲစားနိုင်ကြတာပါ။ မုန့်တပွဲကိုတောင်ပိုက်ဆံမရှိလို့မှန်မှန် မစား နိုင်တဲ့လူတွေဆိုတာလဲအများကြီးရှိပါတယ်။

ဒုတိယ ကဘာ စစ် ကာလတုန်းက ကျနော်တို့မြန်မာ တွေက ဂျပန် လူမျိုးတွေကို ” ဂျပု ” တွေလို့ ခေါ်တယ်လို့စာအုပ်တွေထဲမှာဖတ်ဖူးပါတယ်။ခုတော့ အဲဒီဂျပန် တွေနဲ့မြန်မာနဲ့ ရှင်လိုက်ရင်(ပျမ်းမျအားဖြင့်) ဂျပန်တွေကပို ထွားကျိုင်းနေပါပြီ။ ဟိုတုန်းက ဂျပန်ငပု ဆိုသူ တွေက ပုသာပုပေမဲ့ ကျန်းမားသန်စွမ်း ကြတယ်(အနီးကက်ကျားထိုးတဲ့အခါပြိုင်ဘက်ကင်းတယ်လို့ )စာအုပ်တွေထဲမှာ ဖတ်ဖူးပါတယ်။အထက်မှာဖော်ပြ ခဲ့တဲ့ အစားအစာ တွေနဲ့ နောက် နှစ် ၅ဝ လောက် ဆိုရင် တော့မြန်မာတွေရဲ့ ထွားကျိုင်းသန်မာမှုကို ကမ္ဘာက ဘယ်လိုအသိအမှတ်ပြုမယ်မသိ၊ ”ငပု” နိုင်ငံလို့ပဲခေါ်ကြမလား ”လူပု” နိုင်ငံလို့ပဲခေါ်ကြမလား။

(ပြိတာဘုံဆိုတာလဲအပယ်ဘုံထဲကတခု လို့မှတ်သားဖူးပါတယ်။အဲဒီ ပြိတာဆိုတာတွေကမဝရေစာ ၊အညစ်အကြေးတွေပဲစားရပါတယ်။ဒါဆို အထက်မှာဖော်ပြသလိုပဲ မဝရေစာလေးနဲ့ အညစ်အကြေးနဲ့တူ တဲ့ (ပလတ်စတစ်၊ဆပ်ပြာ၊ဆိုးဆေး၊မြေဩစာ၊ယမ်းစီမ်း) စတာတွေ စားနေရတဲ့သူတွေကရော???)

စားစရာတွေကိုတင်အဲသလိုပေါက်တက်ကရလုပ်တာမကပါဘူး။အဆောက်အအုံ တွေရော။ တရုတ် ပစ်ဆည်း ဆိုတာနဂိုထဲက မကောင်းပါ(ကြာရှည်မခံပါ)ဘူး။အဲဒီလိုညံ့ ပါတယ်ဆိုတဲ့ တရုတ်ပ္ပစ်ဆည်းကိုတောင်ပိုပြီးပေါပေါလောလောရအောင် အရည်အသွေးချပီးသီးသန့်ထုတ်ထားတဲ့ ဟာမျိုးတွေကို ခု မြန်မာပြည်မှာ အထူးသုံးနေတဲ့ အကြောင်းလဲ တလောက Journal တခုထဲမှာဖတ်လိုက်ရပါတယ်။ဘိလပ်မြေလောင်းတာတို့ အောက်ခံ ဆလပ်လောင်းတော့လည်း သံချည်သံကွေးမလုပ်ပဲ ဝါးပိုးဝါးနဲ့ ဆလပ်လောင်းတဲ့ နည်းပညာသစ်ကို အသုံးပြုနေတာကို တွေ့ရပါသတဲ့။

ဆရာတော်ဟော သလိုပါပဲ။ ငရဲဆိုတာဝေးဝေး လိုက်ရှာနေစရာမလိုပဲ မိမိအနီးဝင်းကျင်မှာတင်ရှိနေတာပါ။ ကို ကို တိုင်လဲငရဲသား ဖြစ်မှန်းမသိဖြစ်နေပါပြီ။တခုခံသာသေး တာက ကို့ထက်ပိုဆိုးတဲအီရတ်၊အာဖဂန် စတာတွေကျန်နေသေးလို့ပါ။ အင်း… ဒါပေမဲ့ဂလိုကျိုးစားပုံမျိုးနဲ့ဆိုသိပ် အကြာကြီး မစောင့်ရလောက်တော့ပါဘူး အဲဒီနိုင်ငံတွေကိုအသာလေးမှီလာတော့မှာပါ……………..

2 comments

  • bigcat

    October 24, 2010 at 7:27 pm

    ဟုတ်လို့လားငါ့တူရယ်။ ဦးကြီးတော့ ကြေးမုံသတင်းစာတို့ MRTV4 တို့မှာ မြန်မာပြည်ကြီးက ရွှေအတိပြီးတဲ့ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်နဲ့ နိုင်ငံတော်သစ်ကြီးဖြစ်နေပြီလို့ပဲ တွေ့မိပါတယ်။ ဆင်ဖြူတော်တွေ ငါးစီးတောင် ရှိပြီဆိုမှတော့ စိတ်ရှည်ရှည်နဲ့ နောင်အနှစ်၅ဝလောက် စောင့်လိုက်ရင် ငရဲပြိတ္တာဘဝကနေ လွတ်တော့မှာပါကွယ်။ မလွတ်သေးလဲ နောက်ထပ်အနှစ် ၅၀ဝပေါ့။ တနေ့တလံပုဂံ ဘယ်ရွေ့မလဲ။

  • naywoonni

    October 25, 2010 at 3:02 pm

    နှစ်500နဲ့မရောက်တော့လည်း5000ပေါ့
    ရန်ကုန်မှာဖြေးဖြေးပေါ့….ရန်ကုန်မှာဖြေးဖြေးပေါ့
    ရန်ကုန်မြို့ကြီးထွက်မပြေးပါဘူး
    ကိုထီးသီချင်းနော်

Leave a Reply