မကွေးတိုင်း ပခုက္ကူမြို့နယ် ၊ကျောက်ခွက်-အရာတော် ရေနံပိုက်လိုင်းပေါက်၊ မီးလောင်မှု သတင်းများ

ဂ်စ္စူOctober 25, 20101min723

မီးလောင်နေသော နေရာကို အဝေးမှ ရိုက်ကူးထားပုံ (photo: AP)

မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေနဲ့ ကျွန်းချောင်း ဓါတ်မြေဩဇာ စက်ရုံအကြားရှိတဲ့ ညောင်နီပင်နဲ့ ညောင်လှ ကျေးရွာအကြားဖြတ်သန်းသွားတဲ့ ကျောက်ခွက် အရာတော် ရေနံပိုက်လိုင်းမှာ ယမန်နေ့ အောက်တိုဘာ ၂၄ ရက်နေ့ညက မီးလောင်မှုဖြစ်ပြီး လူ၈ ဦးသေဆုံးကာ ၇ဝ ကျော်ဒဏ်ရာရခဲ့သည်။

ဒီဖြစ်ရပ်ဖြစ်ပွားပုံနဲ့ ထိခိုက် ဒဏ်ရာ ရရှိမှုကို ဒေသခံ တဦးက

“မနေ့ညက မြစ်ခြေတောင်ဘက် ညောင်လှနဲ့ ၄မိုင်လောက်အကွာမှာဗျာ ရေနံပိုက်လိုင်းပေါက်တော့ ရေနံပြင်ကြီးဖြစ်နေတယ် အဲဒါကို ရွာသားတွေက သွားခပ်ကြတာပေါ့ အဲဒီမှာ မီးလောင်မှုဖြစ်ပြီး လူ၈ ဦးသေပြီး ၇ဝ ကျော်ဒဏ်ရာရသွားတယ်”
ဟုပြောသည်။ ဒဏ်ရာရသူတွေဟာ ဆေးရုံဆေးခန်းကို သွားမပြရဲကြပဲ ကိုယ့်အစီအစဉ်နဲ့ကို ကုသနေကြတဲ့အကြောင်းကိုလည်း အဆိုပါ ဒေသခံက

” အားလုံးက အရေးပေါ်ကုသရမဲ့လူနာတွေ ဒါပေမဲ့ အစိုးရ ရေနံပိုက်လိုင်းကပေါက်တာကို သွားခပ်တာဆိုတော့ အဖမ်းခံရမှာစိုးလို့ ဘယ်သူမှဆေးရုံမသွားကြဘူး နောက်ထပ်သေဆုံးမှုတွေ ရှိလာနိုင်သေးတယ်”

အဆိုပါ ကိစ္စကို ပခုက္ကူရဲစခန်းကို စုံစမ်းကြည့်တဲ့အခါ တာဝန်ကျအရာရှိက အတိအကျမသိသေးကြောင်း ပြောပြီး ဖုန်းချသွားပါတယ်။

အခုပေါက်ကွဲမီးလောင်မှုဖြစ်တဲ့ ရေနံပိုက်လိုင်းဟာ ပခုက္ကူခရိုင် မြိုင်မြို့နယ် ကုန်းတွင်းပိုင်းကျတဲ့ ကျောက်ခွက်ရေနံမြေကထွက်ရှိသော ရေနံတွေကို သဘောင်္နဲ့ သယ်ယူရအဆင်ပြေအောင် အရာတော်ရေနံမြေကို ပိုက်လိုင်းနဲ့ ပို့ဆောင်တာဖြစ်ပါတယ်။ လူအဆက်အပြတ်တဲ့ နေရာတချို့မှာ ဒေသခံ ရေနံချက်သူတွေက ပိုက်လိုင်းခိုးဖေါက်ပြီး သယ်ယူရောင်းချတာတွေ အရင်ကတည်းက ရှိခဲ့ပေမဲ့ အခုလိုဖြစ်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
Ref:အညာနွေတမာမြေ
ရေနံပိုက်ပေါက်နေတာကနေ ထွက်လာတဲ့ ရေနံတွေကို သွားခပ်ကြတာဟာ ရေနံခိုးမှုမြောက်တာမို့ အခုလို မီးလောင်ဒဏ်ရာရတာတွေကို ဆေးရုံသွားပြီး မကုရဲကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။ သွားရင် ခိုးမှုနဲ့ ဖမ်းဆီးခံရမှာ စိုးလို့ပါတဲ့။
တနင်္ဂနွေညက ကျောက်ခွက်-အရာတော် ရေနံပိုက်လိုင်း မီးလောင်မှုကြောင့် ဒဏ်ရာရသူတွေထဲက တချို့ဟာ မြစ်ခြေဆေးရုံနဲ့ ပခုက္ကူဆေးရုံတွေကို ရောက်လာတယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

မြစ်ခြေဆေးရုံကို ဒဏ်ရာရသူ ၂၁ ယောက် ရောက်လာပြီး သေဆုံးသူ အလောင်း ၂ လောင်းလည်း ပါဝင်တယ်လို့ တာဝန်ကျ ဆရာဝန်တဦးက ပြောပါတယ်။

ပခုက္ကူဆေးရုံကိုတော့ ဒဏ်ရာရသူ ၆ဝ ကျော်ရောက်လာပြီး သေဆုံးသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒေသခံ အာဏာပိုင်တွေကို ဆက်သွယ်ကြည့်ရာမှာတော့ ဒဏ်ရာရသူ သေဆုံးသူစာရင်းတွေ ကောက်နေဆဲပဲ လို့ပဲ သိရပြီး အသေးစိတ်ကို ပြောဆိုဖို့ ငြင်းဆန်သွားပါတယ်။

ရေနံခိုးမှုနဲ့ ဖမ်းဆီးခံရမှာစိုးလို့ အိမ်မှာပဲ ကြိတ်ပြီးကုတဲ့သူတွေလည်း ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ ဧရာဝတီက ကနဦးရထားတဲ့ စာရင်းကတော့ ၈ ဦးသေ ၇ဝ ကျော် ဒဏ်ရာရကြပါတယ်။ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ ဒဏ်ရာပြင်းထန်သူတွေလည်း ရှိလို့ သေဆုံးသူ တိုးလာနိုင်တယ်လို့ ပြောဆိုကြပါတယ်။

ရေနံပိုက်ပေါက်တဲ့နေရာကို ပိတ်ထားပြီး သက်ဆိုင်ရာက ပိုက်ပေါက်ကို ပိတ်လိုက်ပြီး မီးကိုလည်း ငြှိမ်းသတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

ဒေသခံတွေကတော့ ရေနံတွေကို ယူနေချိန်မှာ ဆေးလိပ်သောက်တာမျိုး၊ ရေနံစက်ရုံတွေကနေ ရေနံတွေ ပိုက်လိုင်းထဲ တွန်းပို့တဲ့အချိန်မှာ အရှိန်နဲ့ပွတ်တိုက်ပြီး ပတ်ဝန်းကျင်က အပူရှိန်နဲ့ မီးထတောက်မျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းက ရေနံထွက်တဲ့ ဒေသတွေဖြစ်တဲ့ အရာတော်ရေနံမြေ၊ မန်းရေနံမြေ၊ ချောက်ရေနံမြေ စတဲ့နေရာတွေမှာ ဒေသခံတွေရော တခြားဒေသကလာတဲ့သူတွေကပါ ရေနံပိုက်လိုင်းတွေကို ဖောက်ပြီးရေနံခိုးယူတာတွေ၊ ဒီလို ပိုက်ဖောက်လိုက်တာကို ပြန်မပိတ်တာ၊ ပြန်ပိတ်တဲ့နေရာက ပိုက်တွေပေါက်ပြီး ထွက်လာတဲ့ ရေနံတွေကို ခပ်ယူတာတွေက မကြာခဏ ဖြစ်နေတဲ့ ပြဿနာတွေပါ။

ရေနံစိမ်း တပေပါကို ရေနံစိမ်းရဲ့ အဆင့်အလိုက် အနည်းဆုံး ကျပ် ၅ သောင်းကနေ တသိန်းနီးပါးအထိ ရတတ်ကြတာမို့ စီးပွားဖြစ် ခိုးယူသူတွေကတော့ ပေပါလိုက် ခိုးယူကြပါတယ်။ တချို့ကျတော့လည်း အိမ်သုံးဖို့ဆိုပြီး တနိုင်တပိုင် ဆိုင်းထမ်းတွေနဲ့ ခပ်ယူတတ်ကြပါတယ်။

ပိုက်လိုင်းဖောက်ခိုးသူက ပိုက်တွေ ဖောက်ပြီးရင် သေချာ ပြန်ပိတ်တဲ့သူရှိသလို တချို့ကျတော့လည်း သေချာပြန်မပိတ်တာကြောင့် ရေနံတွေ ယိုစီးနေတာတွေလည်း မကြာခဏ ဖြစ်လေ့ရှိပါတယ်။ တနိုင်တပိုင် ခပ်ယူသူတွေကတော့ အဲ့လို ပိုက်ပေါက်နေရာတွေမှာ သွားပြီး ရေနံခပ်ယူကြပါတယ်။

အရင်ကလည်း ရေနံမြေတွေက ရေနံခပ်သူတွေ မီးလောင်မှု ဖြစ်ခဲ့ဖူးပြီး အဲ့ဒီတုန်းကတော့ တယောက်စ နှစ်ယောက်စပဲ ဒဏ်ရာရကြတာမို့ အခုတခေါက် ဖြစ်တာကတော့ အဆိုးဝါးဆုံးပဲလို့ ပြောကြပါတယ်။

ရေနံပိုက်လိုင်းတွေကနေ ရေနံခိုးယူခြင်း၊ ရေနံခပ်ယူခြင်းတွေ လုပ်ရင် ထောင်ဒဏ်၊ ငွေဒဏ်တွေ ကျခံရမယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
Ref;Irrarywaddy blog
ဒီနေ ့ မိုးမခ သတင်း မှာ

“ပခုက္ကူမြို့နယ်အတွင်း ပေါက်နေသည့် ပိုက်လိုင်းမှ ယိုထွက်သည့် ရေနံကို ဒေသခံ ရွာသားများ သယ်ယူကြစဉ် တနင်္ဂနွေနေ့ ည ၈ နာရီခန့်က မီးလောင်မှု ဖြစ်ပွားသောကြောင့် ၁၂၁ ဦး မီးလောင်ဒဏ်ရာ ရခဲ့သည်ဟု ယနေ့ထုတ် သတင်းစာများတွင် ရေးထားသည်။ ဒဏ်ရာကြောင့် သေဆုံးသူ ၁၄ ဦး ရှိသည်ဟု ဆိုသည်။ ရေနံ သယ်ယူသူ ဒေသခံများမှာ ညောင်လှ၊ ညောင်နီပင်၊ သိန်တော၊ အိုင်ကြီး ကျေးရွာတို့မှ ဖြစ်ကြောင်း၊ ရေနံပိုက် ပေါက်သည့် နေရာမှာ ညောင်လှကျေးရွာအနီး မြစ်ခြေ-ဆိတ်ဖြူ ကားလမ်း မိုင်တိုင်အမှတ် ၂၂ မိုင် ၄ ဖာလုံ နေရာတွင် ဖြစ်ကြောင်း သိရသည်။ “

ဟုဖော်ပြထားပါသည်။

3 comments

  • unclegyi1974

    October 25, 2010 at 3:54 pm

    လောဘလို့ပြောရမလား
    နိုင်ငံကြီးသားစိတ်မရှိကြဘူးပြောရမလား
    အချောင်သမားစိတ်လို့ပြောရမလား
    ခေတ်စနစ်ကိုပြောရမလား
    မလား မလား မလားးး

  • ဆူး

    October 26, 2010 at 2:31 am

    ဖြစ်မှ ဖြစ်ရလေ.. လူတွေလည်း ခက်တော့ ခက်တယ်.. အသားတုံးကို အကောင်ကြီးက စား.. အောက်ကနေ တိုးတိုးတိတ် ပုရွက်ဆိတ် အစာသယ်သလို ဖြစ်နေပြီ.. မီးလောင်မှု ဖြစ်တာတော့ မကောင်းဘူးပေါ့လေ..

  • etone

    October 26, 2010 at 3:27 am

    အသိပညာဗဟုသုတနည်းပါးလို့ ဒီလိုမီးလောင်မှူတွေဖြစ်ရတာပါ ။ ရေနံလိုမီးတောက်လွယ်တဲ့လောင်စာဆီနားမှာ ဆေးလိပ်မီးကလည်း အန္တရယ်ရှိတယ်ဆိုတာ သူတို့မသိခဲ့လို့ဖြစ်ရတာပါ ။ ငါးစာပဲမြင်ပြီးငါးမျှားချိတ်မမြင်ခဲ့ကြဖူးကိုး ။

Leave a Reply