ဖြစ်ချင်ရာ

manawphyulayOctober 25, 20101min540

အကွေ့အကောက်၊ ဖြောင့်တန်း
လျှောပြေ မတ်စောက်
ကြမ်းတမ်း ချောမွတ်
ဘယ်လိုပင် ဖြစ်စေ
လမ်းဟာ လမ်းပါပဲ။
ဝန်တွေ ဘယ်လောက်ပိပိ
ဘယ်သူတွေ ဘယ်လိုသုံးသုံး
သူကတော့ ခံနိုင်ရည်အပြည့်နဲ့လေ
အဲဒီဘဝ ငါ ရချင်တယ်။

နှစ်တွေကြာ အသက်တွေရ
အိုမင်းလာတဲ့ ဓာတ်တိုင်အို
သူ့တာဝန်သူထမ်း
ပခုံးထက် အမာရွတ်တွေနဲ့ပေါ့
အဲဒီဘဝ ငါ ရချင်တယ်။

ပြိုလဲတော့မယ့်အိမ်
အထောက်လိုနေပေါ့
အဲဒီအချိန်မှာ
ငါ ဝါးတစ်လုံးဖြစ်ချင်တယ်။

ဒါပေမဲ့…
ငါဟာ လမ်းတစ်ခုဖြစ်ခဲ့ရင်
ဘယ်သူမှ မသုံးတဲ့ လမ်းပဲ ဖြစ်လိမ့်မယ်။

ဓာတ်တိုင်တစ်ခုဖြစ်ခဲ့ရင်
ယိုင်နဲ့နဲ့ ခါကြိုးနေတဲ့
သစ်သားချောင်းတစ်ချောင်းပဲ ဖြစ်မယ်

ငါဟာ ဝါးတစ်လုံးဖြစ်ခဲ့ရင်
ဆွေးနေတဲ့ ဝါးပဲ ဖြစ်မယ်။

ဘဝရဲ့ လှိုင်းကြား
ခိုင်မြဲတဲ့ ငါ ဖြစ်ချင်တယ်….