ခက်ဆစ်

စေနOctober 26, 20102min950

က်ဆစ် ( ၃ )

from ကိုဇော် by ကိုဇော်


အမှား ၂

ကြက်ခြေခတ်ခြင်း တူတာတောင်မှ

သူများတွေက ကန့်လန့်ဖြတ်တော့ “ ကြက်ခြေနီ ” တဲ့။

ဘေးတိုက်ချင်း ထူးခတ် ၊ “ အမြှောက် ” နဲ့ တူတာတောင်မှ. .
ငါ့ကျတော့. . .
“ အမှား ” တဲ့. . . ။

ကား

သူ့အသံထွက် အတိုင်းပဲ
ကြည့်ရတာ ဆင်မယဉ်သာကို မရှိဘူး။
ခြေအစုံကို ဘေးကားထားပြီး
ကို့ယို့ကားယား ပြေးလွှားနေတယ်။


အနုပညာ

“ ဒါ အနုပညာပဲ ”

“ ဟင် ဘယ်ဟာလဲ ”

“ ဒါပဲလေ ”

“ အင်းလေ. . ဘယ်ဟာလဲ ”

“ ကြည့်တတ် ၊ မြင်တတ် ၊ ခံစားတတ်ရင် အရာရာဟာ အနုပညာပဲပေါ့ ”


ကြိတ်ကြံ
သူငယ်ချင်း သုံးယောက် စကားပြောနေတာကို ကျွန်တော် ထိုင်ကြည့်နေမိတယ်။
၁။ “ ကြိတ်ကြံ ဆိုတာကို မကြိုက်ဘူး။ တိုင်တိုင်ပင်ပင် ပွင့်ပွင့်လင်းလင်း လုပ်ရင် ဒီထက် ပိုကောင်း လာနိုင်တယ်။ ”
၂။ “ ငါကတော့ ကြိတ်ကြံတာကို ပိုကြိုက်တယ်။ ကိုယ့်အကြံ သူများ မဦးဘူးပေါ့ ”
“  – – – – – – – – ”
“ – – – – – – – –  ”
“ – – – – – – – – ”
သူတို့ နှစ်ယောက် အပြင်းအထန် ငြင်းနေကြတုန်း တတိယတစ်ယောက် ဝင်ပြောတယ်။
၃။ ငါကတော့ ကြိတ်ကြံ ကို ပိုကြိုက်တယ်။
၁။ က မဲ့တယ်။
၂။ က ပြုံးတယ်။
၃။ က ဆက်ပြောတယ်။
“ ကြိတ်ကြံ ဆိုတာ ရိုးရိုးကြံထက် ပိုချိုတယ်။ ”


ဂျာနယ်

ခုနစ်မျက်နှာ ကြော်ငြာပါ
ရှစ်မျက်နှာက အတင်းပွဲ
မျက်နှာဝက်က သတင်းပဲ။


မြားနတ်မောင်

လက်တည့်ပုံလည်း မရပါဘူး။
မကောင်းသူထိပ် ၊ ကောင်းသူထိပ် ဆိုပြီး
သူ မျက်စိမှိတ် ပစ်နေတာပါ။

ဒါတောင်မှ. . .
နာမည်က ကြီးနေသေး။



စာအုပ်

သူ့နာမည်ကို ကျွန်တော် ကြိုက်တယ်။
ပညာသားပါပါ ပါပဲ။
မသိသူ ကျော်သွား ၊ သိသူ ဖော်စား ဆိုသလို . . .
“ စာ ” တမ်းတွေ အားလုံးကို အသာလေး “ အုပ် ” ထားတယ်။
တူးဖော် ယူတတ်မှ. . . ။



လူရိုင်း

တကယ်တမ်း ဖြစ်ခွင့်ရမယ် ဆိုရင်
ကျွန်တော် “ လူရိုင်း ” ဖြစ်ချင်ပါတယ်။
အချွန် ၊ အတတ်တွေနဲ့ ထိုးထိုးထောင်ထောင်
သူ့အဝတ်အစားကို ဝတ်ကာ ဘတ်စ် စီးရင်
တော်တော် ပျော်ဖို့ ကောင်းမှာပါ။

“ ဒူးရင်းသီး ” ကိုင်ပြီး ဘတ်စ် တိုးစီးရသလိုပေါ့။


လေးစားစွာဖြင့်

ကိုဇော်