ပါတီတချို့၏ မီဒီယာအသစ်ဖြင့် မဲဆွယ်နည်းများ……………..

cobraOctober 26, 20101min490

မြန်မာနိုင်ငံရေးပါတီ ၅ ပါတီထက်မနည်း အင်တာနက် လူမှုကွန်ယက် Facebook နှင့် ဝက်ဘ်ဆိုဒ်များ ဖွင့်ကာ မီဒီယာအသစ်ဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေကြကြောင်း သိရသည်။

ရွေးကောက်ပွဲဝင် ၃ရ ပါတီထဲမှ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၊ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်) UDP ၊ ကြံ့ဖွံ့ပါတီ USDP ၊ ကရင် ပြည်သူ့ပါတီ KPP ၊  မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ DPP တို့ ပါတီ မူဝါဒ ရေးရာများနှင့် လှုပ်ရှားမှုများကို Facebook နှင့် ပါတီ ဝက်ဘ်ဆိုဒ်များတွင် တင်ပြ မဲဆွယ်နေကြသည်။

“Facebook ဝင်ကြည့်တဲ့သူက အများကြီး ဖြစ်နေတယ်။ ကျနော်တို့ကို Add တဲ့ လူ တယောက်ကနေ သူငယ်ချင်း ထောင်-သောင်းမက ပြန့်သွားပါတယ်။ ပါတီကို လူအများကြီးက သိလာတယ်။ နောက်တချက်က လူချင်းတွေ့ပြီး Campaign လုပ်ရတာ၊ ပြောရဆိုရတာ အချိန်နဲ့ နေရာ အခက်အခဲတွေ ရှိပါတယ်။ အဲဒီမှာကျ  သူတို့ သိချင်တာတွေ မေးကြပါတယ်။ အဲဒါ လိုင်းပေါ်မှာ ပြန်ဖြေပေးတဲ့အတွက် မြန်ဆန်တဲ့ အဖြေပေးနိုင်ပါတယ်။ Facebook နဲ့ ပတ်သက်လို့ ဒီဘက်ခေတ် လူငယ်တွေအတွက် ရည်ရွယ်ပါတယ်” ဟု NDF မှ ရန်ကုန်တိုင်းစည်းရုံးရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏ်စိုးက မဇ္ဈိမကို ပြောသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကမူ Facebook သာမက ဝက်ဘ်ဆိုဒ်ကိုပါ ပါတီတည်ထောင်ခွင့် ရပြီးနောက် စသုံးခဲ့သည်။

၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ခေါင်းဆောင်များတွင် Facebook နှင့် ဝက်ဘ်ဆိုဒ်များ မရှိသော်လည်း ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကမူ အထိန်းသိမ်းခံဘဝမှ လွတ်သည်နှင့် တပြိုင်နက် မျိုးဆက်သစ် လူငယ်များနှင့် ထိတွေ့နိုင်ရန် အင်တာနက် လူမှုကွန်ရက် “တွင်စ်တာ” Twitter ကို သုံးရန် ဆန္ဒရှိသည်ဟု  ပြောပြခဲ့သည်။

“သူလွတ်လာတဲ့ အချိန် နိုင်ငံတကာက လူငယ်တွေ၊ ပြည်တွင်းက လူငယ်တွေအနေနဲ့  သူတို့ရဲ့ သဘောထားအတွေးအခေါ်တွေ၊ သူတို့ရဲ့ စိတ်ကူးတွေ ဘယ်လိုရှိတယ်ဆိုတာ  သူ့အနေနဲ့ သိချင်တယ်။ အဲဒါကြောင့် သူတို့နဲ့ အချိန်ယူပြီးတော့ Twitter ကတဆင့် ပြောဆိုချင်တယ်လို့ သူက ပြောခဲ့တယ်” ဟု ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် Friendster, Facebook, Twitter စသည့် အင်တာနက်ကွန်ရက် မီဒီယာများ မပေါ်ခင် ၂ဝဝ၃ မေလ ဒီပဲယင်းအကြမ်းဖက်မှု ဖြစ်ပြီးကထဲက နေအိမ်တွင် တတိယအကြိမ်မြောက် အထိန်းသိမ်းခံနေရသည်။