အိပ်မက်ဆိုးက နိုးမထချင်

PhyoOctober 27, 20101min1100

အပြင်မှာတော့ မိုးလေးတဖွဲဖွဲ ကျဆင်းနေတုန်း… ဒီလိုမိုးအေးအေးမှာ ကျမအကြိုက်ဆုံး ကော်ဖီတခွက်နဲ့ အနှစ်သက်ဆုံး စာအုပ်တအုပ်အုပ်ကို ဖတ်ပြီးတော့ ဇိမ်ယူရတာကို ကျမ သိပ်သဘောကျတယ်… အဲဒီအရာသာကို ကျမ ဘယ်အရာတွေနဲ့မှ လဲပြစ်လို့ မရနိုင်အောင် ကျမစွဲမက်တာပါ…

အားလပ်ရက် တရက်ဖြစ်တဲ့ တနင်္ဂနွေတရက်ကတော့ ကျမ သွားနေကျ သောက်နေကျ ကော်ဖီဆိုင်လေးကို ကျမ အပတ်တိုင်းရောက်ဖြစ်နေကျပေါ့… ကျမကိုဆို ဆိုင်က ကောင်မလေးတွေ ကောင်လေးတွေတောင် မှတ်မိကုန်ပြီ… ဒီလိုနဲ့ ကျမရဲ့ တနင်္ဂနွေ နေ့တွေတိုင်းကို အဲဒီ ကော်ဖီဆိုင်လေးမှာပဲ အချိန်တွေကုန်လွန်စေခဲ့တာ…

ဒီနေ့ တနင်္ဂနွေနေ့… လှေကားပေါ်ကနေ ခုန်ဆွခုန်ဆွဆင်းလာတဲ့ ကျမကို မေးစရာမလို ဖြေစရာမလိုအောင် တမိသားစုလုံးက ဒီနေ့က ကျမနေ့ဆိုတာကို သိထားသူတွေမို့ ဘာမှ ပြောနေစရာမလိုတော့… ကျမရဲ့ဂိတ်ဆုံး ကားဘီလှည့်ရာကတော့ ကော်ဖီဆိုင်လေးပေါ့…

ဆိုင်ထဲကို ရောက်တယ်ဆိုရင်ပဲ ကျမထိုင်နေကျ ထောင့်ကျကျ စားပွဲလေးပေါ်ကို သယ်ယူလာတဲ့ စာအုပ်ထုပ်ကို ပစ်ချလိုက်တယ်… အဖတ်ချင်ဆုံး စာအုပ်တအုပ်ကို ကောက်ကိုင်လိုက်ချိန်မှာ ဝန်ထမ်း ကောင်လေးတယောက်က ကျမနားရောက်လာပြီ… “Espresso အပူတခွက် မောင်လေး”လို့ ဆိုပြီး ကျမ ဖတ်လက်စ စာအုပ်တအုပ်ကို ဖတ်နေမိတယ်…

အဲဒီအချိန်မှာ… “ဘာ သုံးဆောင်မလဲခင်ဗျ” မေးသံအဆုံးမှာ “Espresso အပူနှစ်ခွက်ပေးပါနော်” လို့ မှာလိုက်တဲ့ စကားသံအဆုံးမှာ ကျမနှလုံးသား “ဒုတ်…ဒုတ်…” နဲ့ အဆက်မပြတ် မြည်နေသံကို ကျမတောင် ပြန်ကြားရတယ်… ကျမ ရုတ်တရက် ခုန်နေတဲ့ ရင်ဘတ်ကို လက်နဲ့ ဖိအုပ်ထားလိုက်မိတယ်… “ငါ ဘာဖြစ်တာလဲ… ဘာဖြစ်တာလဲ” လို့ ကိုယ့်ကိုယ်ကို တအံ့တဩ မေးနေမိတယ်… အသံ… အဲဒီ အသံ… အဲဒီ စကားတခွန်းက ကျမကို ဒီလောက်တောင် တုန်လှုပ်သွားစေတာလား…

အသံလာရာကတော့ ကျမရဲ့ အရှေ့တည့်တည့် ထောင့်စားပွဲလေးကပဲဆိုတာ ဒီဆိုင်ရဲ့ နေရာထိုင်ခင်းတွေကို အလွတ်ရနေတဲ့ ကျမ သိပ်သိတာပေါ့… “ဘုရား… ဘရား” ကျမနားတွေ ဘာလို့ ပူထူလာတာလဲ… အတန်းရှေ့မှာ အပြစ်ပေးခံရတော့မယ့် ကျောင်းသူတယောက်ကို အတန်းသားတွေ ဝိုင်းဟားလို့ ရှက်တာထက်ကို ကျမပိုခံစားနေရတယ်… ကျမမျက်နှာ အရှေ့တည့်တည့်မှာ ကိုင်ထားတဲ့စာအုပ်ကို ကျမဖယ်လိုက်ရင်တော့ အသံပိုင်ရှင်လေးကို ကျမတွေ့မှာပါ… ဒါပေမယ့် စာအုပ်လေးကို ဖယ်ပြီး ကြည့်ဖို့တောင် ကျမမှာ သတ္တတွေ မရှိတော့ပါလား… ကျမခုန်နေတဲ့ နှလုံးတစုံနဲ့ ခွက်ထဲက ကော်ဖီပူပူကို ခဏခဏမြိုချပြီး သောက်နေမိတယ်…

“အမ မိတ်ဆွေက ဘယ်တော့ရောက်မှာလဲ… အမက အခုကတည်းက ကော်ဖီနှစ်ခွက်မှာတော့ အမမိတ်ဆွေ မရောက်သေးခင် အေးသွားမှာစိုးလို့ပါ”လို့ ထပ်ပြောနေတဲ့ ဝန်ထမ်း ကောင်လေးရဲ့အသံကို ထပ်ကြားရတယ်… “ဟင့်အင်း… နှစ်ခွက်စလုံး တခါတည်း ယူလာပေးပါနော်” တိုးတိတ်ညင်သာစွာ ထွက်ပေါ်လာတဲ့ အသံပိုင်ရှင် ကောင်မလေးတယောက်ရဲ့ အဖြေလေးမှာ ကျမပျော်ဝင်သွားတယ်… ပူထူလာတဲ့ ကျမရဲ့နားတွေ… ပြီးတော့ လက်တွေမှာလည်း ချွေးစေးတွေနဲ…

တဒိတ်ဒိတ် ခုန်နေတဲ့ရင်အစုံနဲ့ ကျမ ပထမဦးဆုံး မြင်လိုက်တာကတော့ ဖြူဖွေးသန့်စင်နေတဲ့ ခြေတောက်တစုံ… သိပ်ချစ်စရာကောင်းတဲ့ ခြေချောင်းသွယ်သွယ်လေးတွေ… ပြီးတော့ မျက်နှာချင်းဆိုင်ထားထားတဲ့ ကော်ဖီခွက်လေးနှစ်ခွက်… ပြီးတော့ ထွေးဆုပ်ကိုင်ထားတဲ့ လက်တစုံ… ပြီးတော့ ဖူးဖူးငုံငုံလေးနဲ့ ဘာအရောင်မှမကူပဲ စိမ်းစိုစိုလေးဖြစ်နေတဲ့ နှုတ်ခမ်းတစုံ… ပြီးတော့ မှန်တံခါးတွေကို ထိုးဖောက်ပြီးတော့ မိုးဖွဲဖွဲလေးကို ငေးကြည့်နေတဲ့ ရီဝေဝေမျက်ဝန်းတစုံ… အဲဒီ မျက်ဝန်းတစုံမှာ မငိုပေမယ့် ဝဲနေတဲ့ မျက်ရည်ဥတွေ…

ဒါပေမယ့် သူက ကောင်မလေးတယောက်… ကျမကိုယ့်ကိုယ်ကို ရယ်ချင်မိသွားတယ်… ကိုယ့်ခေါင်းကို ကိုယ်တခါပြန်ရိုက်ပြီးတော့ “ရူးလိုက်တာဟာ” ဆိုပြီးတော့ တချက် အသံထွက်ရယ်လိုက်တော့ ရင်ထဲမှာ နည်းနည်းပေါ့သွားသလိုပါပဲ…

မီနစ်တွေ နာရီတွေက ပြောင်းပြောင်းသွားပြီ… ကောင်မလေးက သူ့ရှေ့က ကော်ဖီခွက်ထဲက ကော်ဖီတွေ ကုန်သွားသည့်တိုင်အောင် ရောက်မလာသေးတဲ့ နောက်ကော်ဖီတခွက်ရဲ့ ပိုင်ရှင်ကို ကျမအလိုလို မုန်းနေမိတယ်… ဘယ်သူဘယ်ဝါဆိုတာ မသိပေမယ့်… ကျမ တကယ်ကို မုန်းနေမိတယ်… ရစ်သီခိုတွဲနေတဲ့ မျက်ရည်စတွေနဲ့ မျက်ဝန်းကိုမြင်ရင် ကျမရင်မှာ တချက်ချက် စူးစူးတက်လာတယ်…

အရင် အပတ်အပတ်တွေတိုင်းမှာ မတွေ့ဖူးတဲ့ ကောင်မလေးကို ဒီအပတ်တနင်္ဂနွေမှာ ကျမ စတင်ဆုံစည်းတာပါ… နှစ်နာရီလောက်ကြာချိန်မှာ ကောင်မလေးက ကော်ဖီဖိုးပိုက်ဆံကို ကော်ဖီခွက်ဘေးမှ ချထားပြီးတော့ ဘယ်သူတဦးတယောက်ကိုမှ မကြည့်ပဲနဲ့ ထွက်သွားတယ်… ကောင်မလေးမရှိတဲ့ ခုံကိုကြည့်ပြီး ကျမ ကျောက်ရုပ်တခုလို ငြိမ်သက်နေမိတယ်… မိန်းကလေးချင်းမို့ ကျမ ခင်မင်ချင်သွားခဲ့တာလား… သူက သိပ်လှလို့ ပိုခင်ချင်သွားတာလား… သူ့အကြောင်းကို ပိုသိချင်တာလား… ကျမရဲ့အာရုံ အတွေး ခံစားချက်တွေကို ကောင်မလေးနဲ့ အတူပါသွားတာသေချာတယ်…

ဘာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တခု ကျမ အိမ်အပြန်လမ်းမှာ ချလိုက်မိတယ်… မနက်ဖြန်များစွာ တွေအတွက်ကိုပေါ့…

နောက်နေ့ တနင်္ဂနွေမဟုတ်ပေမယ့် ကျမအစောကြီး ရောက်သွားဖြစ်ခဲ့တယ်… ကျမ စားပွဲလေးကို လှမ်းအကြည့် သူမလာသေးတာကိုမြင်ရတယ်… ကျမတမင်ပဲ ကောင်မလေးထိုင်ခဲ့တဲ့ စားပွဲကို ဝင်ထိုက်လိုက်တော့ စားပွဲထိုးကောင်လေးက အမြန်လာပြောရှာတယ်… “အစ်မ… ဒီခုံကလေ သူများယူထားပြီးသားမို့ အမထိုင်နေကျ ခုံလေးမှာပဲ ထိုင်ပေးလို့ရမလား” … ကျမ ရုတ်တရက် အတွေးဝင်လာတာနဲ့ ကောင်မလေးတယောက် ယူထားတာ မဟုတ်လားလို့မေးတော့ “ဟုတ်ကဲ့” လို့ ပြန်ဖြေရှာတယ်… ကျမလည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး “သူက အမသူငယ်ချင်းပဲ အေးဆေးနော် ဘာမှဖြစ်ဘူး” လို့ ပြောလိုက်တော့ ကောင်လေး လှည့်ထွက်သွားတယ်…

တဒိတ်ဒိတ် ခုန်နေတဲ့ရင်နဲ့ ကျမနာရီကိုကြည့်တော့ ၁၁ ထိုးတော့မယ်… တံခါးလေးတချပ် ပွင့်အလာမှာ ဖြူလွလွ ခြေထောက်တစုံနဲ့ လှမ်းဝင်လာတဲ့ မိန်းကလေး… ကျမကို သူယူထားတဲ့ခုံမှာ မြင်လိုက်ရတော့ သိပ်အလိုမကျတဲ့ မျက်လုံးတွေနဲ့ မျက်မှောင်ကြုတ်နေရှာတယ်… ကျမလည်း ပြုံးပြလိုက်တယ်… သူ့စားပွဲကို ကိုယ်က ဝင်ထိုင်ထားတာကိုး… သူမ အနားရောက်လာပြီးတော့… “တဆိတ်လောက် ခုံနေရာပြောင်းပေးလို့ ရမလားရှင့်” တဲ့… ချိုသာတဲ့အသံလေးနဲ့ တောင်းဆိုနေပေမယ့် အလိုမကျမှုတွေက အထင်းသားပါနေတယ်… ကျမလည်း ဘာမှမဆိုင်ပါပဲ “ယူနဲ့ ခင်ချင်လို့” လို့ ပြောလိုက်မိတယ်… ပြီးတော့ ကျမ သူ၏မျက်လုံးတည့်တည့်ကို အားယူပြီးတော့ စိုက်ကြည့်လိုက်မိတယ်…

သူမ ခဏတာ တိတ်ဆိတ်သွားတယ်… မျက်ဝန်းမှာလည်း ခဏတာ ရီဝေသွားသလိုပါပဲ… ပြီးတော့ စကားတခွန်းမှ မပြောပဲ သူမ လွတ်နေတဲ့ခုံမှာ ဝင်ထိုင်လိုက်တယ်… ကျမ ကြိတ်ပြီး ဝမ်းသာနေမိတာ… ဒီလိုနဲ့ သူမနဲ့ ကျမ တဖြေးဖြေး ခင်မင်လာရင်းနဲ့ စိတ်ချင်း အရမ်းရင်းနှီးလာသလို သူ့အကြောင်း ကျမအကြောင်းလည်း ပြောပြမိလာကြတယ်… သံယောဇဉ်တွေ တိုးပြီးတော့ ကျမသူ့ကို မကြာမကြာ သတိရတတ်ကြောင်း ဖွင့်ပြောမိတယ်… ပြီးတော့ စသလို နောက်သလိုနဲ့ ကျမက “ရှင်က သိပ်ချစ်ဖို့ကောင်းတယ်… ရှင့်ကိုကျမ ချစ်တယ်”လို့ ပြောလိုက်ရော… သူ ကျမကို အဲ့ဒီနေ့က ချက်ချင်း မတ်တပ်ရပ်ပြီးတော့ တချက်အကြာကြီး စိုက်ကြည့်နေတာကို ကျမအမှတ်ရနေမိတယ်… ပြီးတော့ တခွန်းတည်း မေးလိုက်တဲ့ မေးခွန်းတခု…

“ရှင့်မှာသတ္တိရှိရဲ့လား တဲ့… သတ္တိမရှိရင် ရင်ထဲမှာပဲ သိမ်းထားလိုက်ပါ” တဲ့လေ… ကျမ ပထမတော့ နားမလည်ဘူး… သူမ ရုတ်တရက် ထထွက်သွားတယ်… ကျမ အိမ်ပြန်ခဲ့တဲ့ လမ်းပေါ်မှာ အတွေးတွေက တရိပ်ရိပ်နဲ့ ကိုယ့်ကိုယ်ကို ဒေါသဖြစ်နေမိတယ်… အိမ်ရောက်တော့ အခန်းအောင်းနေမိတယ်… ပြီးတော့ ကျမ သူငယ်ချင်းနှစ်ယောက်ဆီ ဖုန်းဆက်ပြောပြမိတော့ ကျမ ထင်တဲ့အတိုင်းပဲ ကျမကို “အရူးမ” တဲ့ “နင်ကလည်း မဟုတ်က ဟုတ်က ဇာတ်လမ်းတွေဆို သိပ်ထွင်ချင်နေတာ” တဲ့… ကျမ သူတို့နဲ့အတူ ရောပြီး  ရယ်လိုက်မိပေမယ့် ကျမ ရင်ဘတ်တခုလုံး ငိုကြွေးနေသလို ခံစားနေရတာ ကျမသာအသိဆုံးပါ…

သူမရဲ့ မေးခွန်းကို ကျမ အပြန်ပြန် ပြန်ရွတ်ပြီး ကိုယ့်ကိုယ်ကို မေးနေမိတယ်… ကျမရုတ်တရက် အိပ်ယာကုတင်ကနေ အမြန်ထလိုက်မိတယ်… “ဘုရားဘုရား… ငါဘာတွေဖြစ်နေတာလဲ” မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး… ကျမ ခေါင်းကို အခါခါ ခါယမ်းနေမိတယ်… ဘယ်အချိန်ကမှန်း မသိပေမယ့် တလိမ့်လိမ့် ကျဆင်းနေတဲ့ မျက်ရည်တွေ… ဘယ်ဖြစ်နိုင်မှာလဲနော်… ကျမ မိဘတွေ အသိုင်းအဝိုင်းတွေ သူငယ်ချင်းတွေက ကျမကို မိန်းကလေးချင်း လိင်တူချင်း ချစ်နေတယ်ဆိုတာကို ဘယ်လို လက်ခံပေးကြမှာလဲ… ကျမမှာ အားအင်တွေ ရှိပါ့မလား… လိင်တူချစ်သူအကြောင်းဆို အမြဲဟာသလုပ်ပြောနေတဲ့ ကျမအသိုင်းအဝိုင်း… ကျမကို အခြားနေရာတွေမှာ အလိုလိုက်သလောက် ဒီလိုနေရာမျိုးဆို အသေတောင် သတ်နိုင်လောက်တယ်… ကျမ သူမ မေးသွားတဲ့ မေးခွန်းရဲ့ အဓိပ္ပါယ်ကို နားလည်လာတယ်…

မိန်းကလေး တယောက်ကနေ အခြားလိင်တူ မိန်းကလေးတယောက်ကို ချစ်ဖို့ဆိုတာ ကျမတို့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ တကယ်ကို မလွယ်ကူမှန်း ကျမနားလည်လာတယ်… ဒါပေမယ့် ကျမရင်ဘတ်က တောင်းဆိုနေတာက အချစ်တခုလေ… ကျမချစ်မိတာက  သူမ ပဲ… ဒါဆို ကျမ သတ္တိရှိရမှာပေါ့… သူမပြောတာကို  ကျမ သဘောပေါက်လာတယ်… ဒီလို လိင်တူနှစ်ယောက် ပွင့်လင်းစွာချစ်ဖို့ဆိုတာ ကျမတို့ သတ္တိရှိဖို့ လိုတယ်… အရင်ဦးဆုံး ကိုယ့်ကိုယ်ကို လက်ခံဖို့… ပတ်ဝန်းကျင်က လက်ခံအောင် ကျမတို့ သတ္တိရှိဖို့ လိုတယ်… သတ္တိမရှိရင် ရင်ထဲမှာပဲ သိမ်းထားတာ အကောင်းဆုံးဖြစ်မယ်လို့ ကျမကို သူမပြောသွားတယ်… ဒါဆို သူမ ရင်ထဲမှာလည်း ကျမရှိနေတာပေါ့…

ဒီလိုနဲ့ ကျမနဲ့ သူမ  ချစ်သူတွေ ဖြစ်ခဲ့ကြတယ်… ကျမတို့နှစ်ယောက် သိပ်ကိုချစ်ခဲ့ကြတယ်… သူမက ကျမအတွက် အချစ်ဦးဖြစ်ပေမယ့်  ကျမက သူ့အတွက်တော့ ဒုတိယလူပေါ့… သူမရဲ့ ပထမချစ်သူ မိန်းကလေးက ချစ်လျှက်နဲ့ သတ္တိမရှိလို့ ဆန္ဒမပါ နှလုံးသားမပါပဲ အိမ်က သဘောတူပေးစားတဲ့ အမျိုးသားကို လက်ထပ်လိုက်ရတယ်တဲ့… သူမ လာလာစောင့်နေတဲ့ ကော်ဖီဆိုင်ထဲက ကော်ဖီနှစ်ခွက် အကြောင်းလည်း ကျမသိလာရတယ်… အချစ်ဦး မဖြစ်ခဲ့ပေမယ့် နောက်ဆုံးအချစ်နဲ့ အချစ်တွေ အောပုံပြီးချစ်တဲ့ သူမကို ကျမကိုယ်တိုင်လည်း သိပ်ချစ်တယ်…

အခု ကျမ မိဘ အသိုင်းအဝိုင်းကို သူမကို ချစ်တဲ့  ကျမရဲ့ အချစ်တွေနဲ့ ရင်ဆိုင်ဖို့ ကျမမှာ သူမကပေးတဲ့ ခွန်အားတွေ အပြည့်ရှိနေပြီ… ပုန်းသျှိုးကွယ်သျှိုးနဲ့ ကျမချစ်သူကို မချစ်ချင်ဘူး… သူမကို တန်ဖိုးထားတယ်… အဲဒီအတွက် ကျမက ဘာလဲဆိုတာကို ကျမပြောရမှာ မရှက်တော့ပါဘူး… လူသားတွေဖြစ်တဲ့ ကျမတို့မှာ ကိုယ်ပိုင်ရွေးချယ်ခွင့် ရှိရမယ်ဆိုတာကို လက်ခံထားရင် ကျမနှလုံးသားက ရွေးချယ်တဲ့သူဟာ လိင်တူမိန်းကလေးပဲဖြစ်ဖြစ်… ယောက်ျားလေးပဲ ဖြစ်ဖြစ်ပေါ့…

ကျမ နှလုံးသားတခုလုံးနဲ့ ရင်းပြီးချစ်ရတဲ့ ချစ်သူက မိန်းကလေးတယာက် ဖြစ်နေလို့ လိင်တူတယောက် ဖြစ်နေလို့ ဆိုတဲ့ အကြောင်းပြချက် တခုတည်းနဲ့ ရူးနေတာ… ရောဂါထနေတာ… ဖောက်ပြန်နေတာ ဆိုပြီး  ပြစ်တင် ဝေဖန် ကဲ့ရဲ့ မေးငေါ့ ဖျက်စီးနေတဲ့ သူတွေကို  ကျမ တကယ်ရင်ဆိုင်တော့မယ်… တကယ်ဆို မချစ်မနှစ်သက်တဲ့ သူနဲ့သာ ပေါင်းဖက်နေထိုင်ခြင်းက ဒုက္ခတစ်ခုဆိုရင် ကျမ အဲ့ဒီဒုက္ခကို မလိုချင်ဘူး… ကျမချစ်တဲ့ ကောင်မလေးနဲ့အတူ ဘဝတခုကို ဒုက္ခပေါင်းများစွာ အခက်အခဲပေါင်းများစွာ ကနေပဲ ရင်ဆိုင်ဖြတ်ကျော်သွားမယ်… လိင်တူချင်း ချစ်မိတာ အမှားတခု… အိပ်မက်ဆိုးတခု မက်နေခြင်းဆိုရင်တောင် အဲဒီ အိပ်မက်ဆိုးကို ကျမတို့နှစ်ယောက် ဆက်ပြီးတော့ မနိုးတမ်း မက်ချင်နေပါဦးမယ်…

ကြယ်စင်လေး

http://www.coloursrainbow.com/articles/2010-09-20-04-28-13/341-2010-06-28-15-00-13.html