နေပြည်တော်-တောင်ကြီးသွား တော်ဝင်ယာဉ်လိုင်းမှ ခရီးသည်တင် ဘတ်စ်ကားသည် ယခုလ ၂၇ ရက်နေ့က ချောက်ထဲထိုးကျသဖြင့် လူ ၆ ဦး သေဆုံးသွားကြောင်း သိရသည်။

မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီပိုင် တော်ဝင်ယာဉ်လိုင်း လေအိတ် Express ကားသည် ခရီးသည် ၂၉ ဦး တင်ဆောင်ကာ နေပြည်တော်မှ ရှမ်းပြည်နယ် မြို့တော်တောင်ကြီးသို့ သွားရောက်နေရင်း နံနက် ၄ နာရီခန့်တွင် အောင်ပန်း-ဟဲဟိုကြားရှိ ဘဝသံသရာ တံတားအနီးတွင် တောင်ပေါ်မှ ချောက်ထဲသို့ ထိုးကျရာမှ လူသေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“တော်ဝင်ယာဉ်လိုင်းက ဖြစ်တာပါ။ ၂၇ ရက်နေ့ မနက်က ချောက်ထဲကျသွားတာပါ။ ၆ ယောက်သေတယ်” ဟု တောင်ကြီးမြို့ ယာဉ်ထိန်းရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

တော်ဝင်ယာဉ်လိုင်းမှ တာဝန်ရှိသူ တဦးကလည်း မော်တော်ယာဉ် ချောက်ထဲကျသဖြင့် လူ ၆ ဦး သေဆုံးကြောင်း အတည်ပြုသော်လည်း အသေးစိတ် ပြောဆိုရန် ငြင်းဆိုသည်။

တောင်ကြီးရှိ တောင်ပေါ်သားယာဉ်လိုင်းမှ ဝန်ထမ်းတဦးက “ကားသမားတွေ ပြောတာတော့ ကားဘီးပေါက်လို့ ကားမောင်းတဲ့ သူရယ်၊ စပယ်ယာရယ်၊ ကားတာဝန်ကျ In-charge ရယ် ကားအောက်ကို ဆင်းကြည့်တဲ့ အချိန်မှာ ချောက်ထဲကို ကျသွားတာလို့ ပြောပါတယ်။ ကားသမားတွေ ကျန်ခဲ့ပြီး ခရီးသည်တွေပဲ ပါသွားတာ။ မိန်းကလေး ၃ ယောက် ၊ ယောက်ျားလေး ၃ ယောက် သေသွားတယ်။ ကျန်တဲ့လူတွေက စဝ်စံထွန်းဆေးရုံ (တောင်ကြီး) မှာ အတွင်းလူနာအဖြစ် ကုသခံနေရပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ကားတာဝန်ရှိသူ ၃ ဦးအား တောင်ကြီးရဲစခန်းတွင် ချုပ်နှောင်ကာ စစ်ဆေးလျက်ရှိကြောင်းနှင့် နေပြည်တော်-တောင်ကြီး ကားလမ်းမှာ မြွေလိမ်မြွေကောက် တောင်ပေါ်လမ်းဖြစ်သဖြင့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

About poetic

Poetic has written 6 post in this Website..