Memory ကောင်းဖို့ လမ်းလျှောက်စို့

Zaw WonnaOctober 28, 20101min963

အသက် ၅၅ နှစ်ကျော်အရွယ် အမေရိကန် နိုင်ငံသားတို့အနေဖြင့် မှတ်ဉာဏ်ယိုယွင်း ကျဆင်းခြင်းကို စိုးရိမ်မှု ကြီးမားနေကြသည်။ အယ်လ်ဇိုင်းမား ဖောင်ဒေးရှင်းအဖွဲ့၏ အဆိုအရ လူဦးရေ ၄ သန်းကျော်သည် အယ်လ်ဇိုင်းမား ရောဂါဝေဒနာကို ခံစားနေရပြီး ၎င်းအရေအတွက်သည် ၂၀၅ဝ ခုနှစ်သို့ ရောက်ရှိလျှင် ၄ ဆခန့် တိုးပွားလာဖွယ်ရာ ရှိသောကြောင့် ထိုသို့စိုးရိမ်မှုကို နားလည်သင့်ပေသည်။ ထို့ကြောင့်ပင် ဦးနှောက်၏ အလုပ်လုပ်နိုင်မှုစွမ်းရည် တိုးတက်မြင့်မားစေနိုင်သည်ဟု ကြော်ငြာရောင်းချသော ဆေးဝါးများသည် ဈေးကွက်တွင် အလျှံပယ် ဖြစ်လျှက်ရှိသည်။

ဆုဒိုကုနှင့် စကားလုံးဉာဏ်စမ်း ကစားနည်းများသည် မှတ်ဉာဏ်ကို တိုးတက်စေသည်ဟု ပြောဆိုမှုများ ရှိသော်လည်း ဝေဖန်သူများကမူ ထိုဉာဏ်စမ်းများကို ကစားနေချိန်တွင်သာ တိုးတက်မှု ဖြစ်ပေါ်နိုင်သည်ဟု ယုံကြည်ကြသည်။ မှတ်ဉာဏ်ယိုယွင်းမှုကို ကာကွယ်ပေးနိုင်သည်ဆိုသော အသီးအရွက် ဓါတ်စာများမှာလည်း များသောအားဖြင့် အထောက်အထား အခိုင်အမာ မရှိလှပေ။

အမှန်တကယ်တွင် လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည်သာ သင့်မှတ်ဉာဏ်အား ထိန်းသိမ်းနိုင်မည့် သေချာသော နည်းလမ်းဖြစ်သည်။ အေရိုးဗစ် လေ့ကျင့်ခန်းလုပ်လေ့ ရှိသူများသည် လေ့ကျင့်ခန်း မလုပ်သူများထက် ပိုမို အကျိုးရှိကြောင်း Pittsburgh တက္ကသိုလ်မှ စိတ်ပညာရှင် Kirk Erickson က ပြောကြားသည်။
ချွေးထွက်အောင် အလုပ်လုပ်ခြင်းသည် စကားလုံးဉာဏ်စမ်း ကစားခြင်းထက် သင့်မှတ်ဉာဏ်စွမ်းရည်အား ထိန်းသိမ်းရန် ပိုမို သင့်တော်ပေသည်။

သင့်အနေနှင့် မာရသွန်ပြေးရန် မလိုအပ်ပဲ တစ်ပါတ်လျှင် ၆ မိုင်ခန့် လမ်းလျှောက်ခြင်းဖြင့် အသက်အရွယ် ကြီးရင့်မှုကြောင့် ဖြစ်သော မှတ်ဉာဏ်ယိုယွင်းမှုကို ကာကွယ်နိုင်သည်ဟု Neurology ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသော Erickson ၏ သုတေသနပြုချက်အရ သိရှိရသည်။ လူတို့အနေနှင့် မှတ်ဉာဏ်ကောင်းမွန်နေသည့် အသက်အရွယ်မှ စတင်ကာ လေ့ကျင့်ခန်းပုံမှန် ပြုလုပ်သွားပါက အသက်အရွယ်ကြောင့် ဖြစ်သော မှတ်ဉာဏ်ယိုယွင်းမှုကို နှောင့်နှေးစေနိုင်မည် ဖြစ်ကြောင်း Erickson ကရှင်းပြထားသည်။

သင့်အနေနှင့် အလေးမ လေ့ကျင့်ခန်းကိုလည်း ပြုလုပ်ရန် မလိုအပ်ပေ။ Erickson နှင့် သူ၏အဖွဲ့သည် အသက်ကြီးရင့်သူ အယောက် ၃၀ဝ အား ၁၃ နှစ်ကြာ လေ့လာစောင့်ကြည့် ခဲ့ကြသည်။ ထိုလေ့လာချက်အရ အလုပ်သဘောအရ ဖြစ်စေ၊ လေ့ကျင့်ခန်းအနေနှင့် ဖြစ်စေ၊ တစ်ပတ်လျှင် ၆ မိုင်မှ ၉ မိုင်အထိ ပုံမှန် လမ်းလျှောက်လေ့ ရှိသူများသည် လမ်းမလျှောက်သူများထက် မှတ်ဉာဏ်ယိုယွင်းမှုနှုန်း ထက်ဝက်ခန့် နည်းပါးကြောင်း တွေ့ရှိရသည်။ လေ့ကျင့်ခန်း
လုပ်ခြင်းသည် ဦးနှောက်၏ အခြေခံ လုပ်ဆောင်မှုများကို တိုးတက်စေနိုင်ကြောင်း၊ ဆဲလ်အသစ်များ ပွားများမှုနှင့်
သင်ကြားလေ့လာမှုနှင့် မှတ်ဉာဏ်နှင့်ဆိုင်သော ကလာပ်စည်းများ၏ လုပ်ငန်းစဉ်ကို တိုးတက်စေကြောင်း Erickson က
ရှင်းပြခဲ့သည်။

ယခုနှစ်ဦးပိုင်းတွင် ထုတ်ဝေခဲ့သည့် အခြားသော လေ့လာမှု တစ်ခုတွင်လည်း လေ့ကျင့်ခန်းလုပ်ခြင်းသည် ဦးနှောက် ဖွံ့ဖြိုးမှုကို အမှန်တကယ် အထောက်အကူပြုကြောင်း ဖော်ပြထားသည်။ ကာယလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းသည် ဦးနှောက်ဆဲလ် များသာမက မှတ်ဉာဏ်များ ခွဲခြားခြင်းကို အထောက်အကူပြုသည့် ဆဲလ်အသစ်များကိုပါ ပိုမို ထုတ်လုပ်စေနိုင်ကြောင်း တွေ့ရှိရသည်။
ဆရာဝန်များ၏ အကြံပေးချက်အရ အိုမီဂါ ဖက်တီးအက်ဆစ် ပါဝင်သော အစားအစာများကို စားသုံးခြင်းဖြင့်လည်း အသက်အရွယ်ကြောင့် ဖြစ်ပွားသော ဦးနှောက်ယိုယွင်းမှုကို ကာကွယ်နိုင်ကြောင်း သိရသည်။ ဆဲလ်မွန် အမျိုးအစားဝင် ငါးများကို တစ်ပတ်လျှင် နှစ်ကြိမ် စားသုံးခြင်းဖြင့် ဦးနှောက် တစ်ရှုးများနှင့် နာ့ဗ်ဆဲလ်များ၏ လုပ်ဆောင်မှုကို အထောက်အကူပေးနိုင်သည်။ ထို့အပြင် ငါးနှင့် အသီးအရွက်များကို မျှတစွာ စားသုံးခြင်းဖြင့် မှတ်ဉာဏ်ကျဆင်းမှုကို
ကာကွယ်နိုင်ပါသည်။

မှတ်ဉာဏ်လျော့ကျခြင်း ဖြစ်ပါက မိမိဘာသာ စမ်းသပ်ခြင်းသည် အကျိုးရှိသည်။ စာဖတ်သောအခါ စာတစ်ပိုဒ် ဖတ်ပြီးပါက ရပ်နားပြီး စာပိုဒ်ပါ အချက်အလက်များကို မိမိကိုယ်မိမိ ပြန်လည် မေးမြန်းပါ၊ သို့မဟုတ် စာပါ အကြောင်းအရာ တစ်ခုကို ပြန်ရွတ်ကြည့်ပါ။ အကယ်၍ ထိုစာသည် အခြားဘာသာစကားနှင့် ရေးထားပါက ထိုသို့ပြုလုပ်ရန် အခက်အခဲ ရှိမည် မဟုတ်ပါ။ ဤနည်းဖြင့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကို ၄ နှစ်ကျော်ခန့် ကာကွယ်ထားနိုင်ကြောင်း လေ့လာမှုတစ်ခုအရ သိရှိရသည်။ သို့သော် လုံးဝမဖြစ်ပွားအောင်ကား မတတ်နိုင်ပေ။

ထို့ကြောင့် အကောင်းဆုံး အကြံပေးလိုသည်မှာ “လမ်းလျှောက်ပါ”။    ။

The number one way to improve your memory

Memory loss is the single biggest fear for Americans over the age of 55. And it’s understandable: over 4 million currently suffer from Alzheimer’s disease, and those numbers are expected to quadruple by 2050, according to the Alzheimer’s Foundation. . . . . . . . . . .


Source Article: Yahoo, The number one way to improve your memory
by Piper Weiss, Shine Staff on Wed Oct 20, 2010.

3 comments

  • kai

    October 28, 2010 at 9:45 pm

    စရိတ်စက အသက်သာဆုံး ကိုယ်လက်လှုပ်ရှားမှုပါပဲ..။
    သူငယ်ပြန်တာကို သိပ်သတိမထားမိကြတဲ့ မြန်မာအဖိူးအဖွားတွေ … လုပ်သင့်ပါတယ်.။
    တတိယအရွယ်မှာ … အိမ်မှာနေပြီး ပုတီထိုင်စိတ်နေတာထက်စာရင် ဘုရားသွားကျောင်းတက် ကပိုအဆင်ပြေမဲ့ပုံပါပဲ..။

  • zawana

    October 29, 2010 at 1:25 am

    ရန်ကုန်က အထပ်မြင့် တိုက်ခန်းတွေမှာ နေကြရတဲ့ လူကြီးပိုုင်းတွေဆိုရင် တော်တော်လေးကို သနားဖို့ ကောင်းပါတယ်။ ဓါတ်လှေခါး မရှိတော့ အောက်ကိုဆင်းဖို့ တက်ဖို့က ခက်ပြန်ရော။ လမ်းလျှောက်ထွက်ဖို့က သိပ်မလွယ်လှပါဘူး။ အဲလိုနဲ့ တီဗွီရှေ့မှာပဲ တနေကုန် ထိုင်နေကြရတယ်။ တကယ်တမ်း သူငယ်ပြန်တဲ့ အဆင့် ရောက်သွားရင် စောင့်ရှောက်နေတဲ့ မိသားစုအတွက်လည်း အခက်အခဲ အရမ်းဖြစ်ပါတယ်။
    မြန်မာစကားမှာ “ငရဲလို၊ လူအိုမွေး ဆိုတာ ရှိပါတယ်” ။ တကယ် ကြုံဖူးမှ ဘယ်လောက် စိတ်ညစ်စရာကောင်းတယ်ဆိုတာ သိရပါတယ်။

  • ဆူး

    October 29, 2010 at 5:25 am

    လူအိုမမွေးဘဲ ပြစ်ထားတော့လည်း ဘယ်ကောင်းမလဲ ဆရာ ဇဝန ရဲ့..
    အမှန်တော့ ကိုယ်တိုင် လုပ်ချင်စိတ်ရှိမှ ဖြစ်တာပါ.. အသက်ကြီးလို့ လမ်းလျောက်ပါပြောရင်.. နင်တို့ကို ငါတို့က ငယ်ငယ်တည်းက ဆုံးမလာတာ.. ငါပေးတဲ့ အသိနဲ့ ကြီးလာပြီး ဆရာ လာမလုပ်နဲ့ မာန်တက်နေတဲ့ အဘိုးကြီး အဘွားကြီးတွေလည်း ရှိတတ်ပါသည်။
    အမှန်တော့ အဘိုးအဘွား အများစုက မြေးထိန်းပြီး အလုပ်ရှုပ်နေကြတာ များတယ်.. မြေးငယ်လျောက်ပြေးတဲ့ နောက်လိုက်နေတဲ့ ဘိုးဘိုးဘွားဘွား ကျန်းမာ နေတယ်…

Leave a Reply