မြန်မာတွေ ဆေးမင်ကြောင်ကို ဂုဏ်ယူစွာထိုးခဲ့ကြသည်

poeticApril 2, 20101min1968

ဆေးမင်ကြောင် (Tattoo)ကို ယနေ့ခေတ် လူငယ်များ မိမိ ခန္ဓာကိုယ်ပေါ်တွင် နှစ်ခြိုက်စွာ ဆေးခြယ် လာကြသည်ကို တွေ့ရှိနေရသည်။ ယနေ့ခေတ် မြန်မာ သရုပ်ဆောင် လောကတွင် ၎င်းဆေးမင်ကြောင်များ ဂယက်သည် လူတိုင်းနီးပါး ကိုယ်ပေါ်၌ စွဲထင်လာ နေကြပေသည်ကို တွေ့ရှိနေရသည်။ အမျိုးသား၊ အမျိုးသမီးမှန်သမျှ အလှအပအဖြစ် ထိုးသွင်းနေကြသည်ကို တွေ့နေရသည်။ ၎င်း Tattoo ထိုးခြင်းသည် မြန်မာအနုပညာ လောကတွင် လွန်ခဲ့သော (၅၊၆)နှစ်မှစ၍ ခေတ်စား လာခဲ့သည်ကို တွေ့မြင်ပေရသည်။ ဆေးမင်ကြောင် ထိုးခြင်းနှင့် ပတ်သက်၍ ယနေ့ခေတ် လူငယ်များ သေသေချာချာ ဂဃနဏ သိသာစေရန် တင်ပြလိုက်ရပေသည်။ ဆေးမင်ကြောင် ဟူသည် လူ၏ကိုယ်ခန္ဓာ အရေပြားပေါ်တွင် စွဲမြဲစွာသေရာပါ ထင်နေစေရန် တုတ်၊ဆူးချွန် အစရှိသော အရာများဖြင့် ဆေးရောင်သွင်းကာ အရုပ်များ၊ အမှတ်အသားများ၊ စာများ၊ ပန်းကနုတ်များစသည်တို့ကို အလှအပအလို့ငှာ ထိုးခြင်းကို ခေါ်ဝေါ် ခြင်းဖြစ်သည်။

ဆေးမင်ကြောင်ကို ပေါ်လီနေရှင်း လူမျိုးများက စတင်ခဲ့ပြီး ၎င်းလူမျိုးတို့၏ ဘာသာစကား၊ Ta Tau မှ Tattoo သို့ ပြောင်းလဲ ဆင်းသက်လာခြင်း ဖြစ်သည်။ ဆေးမင်ကြောင်ကို အစောဆုံး တွေ့ရသည့် အထောက်အထားမှာ ဆိုက်ဘေးရီးယားရှိ ရေခဲပြင်မှ တူးဖော်ရရှိသော ဆေးမင်ကြောင်ရုပ် ပါသည့် ရုပ်အလောင်း ဖြစ်သည်။ ၎င်းရုပ်အလောင်းသည် ဘီစီ(၅)ရာစုမှ ရုပ်အလောင်းဖြစ်ပြီး လန်ဒန်မြို့ရှိ ဗြိတိသျှပြတိုက်တွင် ပြသခဲ့ဖူးသည်။ အီဂျစ်နိုင်ငံတွင်မူ (၁၅)ရာစုခန့်က ဆေးမင်ကြောင် အတတ်ပညာ ပေါ်ထွန်းခဲ့သည်ဟု အထောက်အထားများ တွေ့ရသည်။ ဆေးမင်ကြောင်ကို ဗြိတိသျှလူမျိုးများက အပျော်တမ်းသဘော၊ အလှအပ သဘောဖြင့် ထိုးနှံလေ့ရှိကြသည်။ ဟာရိုလ်ဘုရင်ကြီး၏ ကိုယ်ပေါ်တွင် ဘယ်ဘက်ရင်အုံ၌ Edith ဟု ထိုးခဲ့သည်။ သတ္ထမမြောက် အက်ဒွပ်ဘုရင်သည်လည်း ဝေလမင်းသား ဘဝကပင် ဆေးမင်ကြောင်ထိုး ဝါသနာပါကာ တစ်ကိုယ်လုံးတွင် ဆေးမင်ကြောင်ထိုးနှံခဲ့သည်။ ပဉ္စမမြောက် ဂျော့ဘုရင်နှင့် စစ်သေနာပတိဟောင်းကြီး မောင့်ဂိုမာရီတို့သည်လည်း ၎င်းတို့၏ ကိုယ်ပေါ်တွင် နဂါးရုပ်နှင့်လိပ်ပြာရုပ်များ ထိုးခဲ့သည်။ ဒိန်းမတ်ဘုရင်ကြီး ဖရက်ဒရစ်သည် ၎င်း၏ကိုယ်ခန္ဓာတွင် တစ်ကိုယ်လုံးအနှံ့ ဆေးရောင်စုံအရုပ်များ ထိုးနှံခဲ့ခြင်းကြောင့် ဆေးမင်ကြောင် ပြခန်းကြီးဟု ဖရက်ဒရစ်ဘုရင်ကို ချီးကျူးခဲ့ကြသည်။

ဂျပန်လူမျိုးတို့တွင် ဆေးမင်ကြောင်ထိုးသည့် ဓလေ့မှာ အနုပညာသဘော ပိုမိုပါရှိ သည်။ ဂျပန်လူမျိုးတို့ ထိုးနှံလေ့ရှိသော အရုပ်များမှာ ရိုးရာဓလေ့နှင့် ရှေးဟောင်းသမိုင်းဝင် ဇာတ်ကောင်များ၏ ပုံသဏ္ဌာန်အမျိုးမျိုး ပါဝင်သည်။ လူ့အလုံးအရပ်နှင့် ညီသော လူစွမ်းကောင်းပုံများ၊ ဘီလူးသဘက်ပုံများ၊ နဂါးရုပ်များအပြင် သစ်ပင်ပုံ၊ ငှက်ပုံ၊ ငါးပုံ၊ ပန်းပုံ များ ထိုးနှံလေ့ရှိကြသည်။ (၁၉)ရာစုတွင် ဂျပန်နိုင်ငံတွင် ဆေးမင်ကြောင်ထိုးခြင်းကို ဥပဒေဖြင့် ပိတ်ပင်ခဲ့သော်လည်း ပပျောက်မသွားခဲ့ပေ။ ငွေကုန်ကြေးကျခံကာ လပေါင်းများစွာ ကြာမြင့်သည်အထိ သည်းခံပြီး ကြိုးစားပန်းစား အနုစိတ်ပြီးစီးအောင် ထိုးနှံလေ့ရှိကြသည်ကို တွေ့ရှိရသည်။

ဒုတိယကမ္ဘာစစ်က နာဇီ စစ်အကျဉ်းစခန်းရောက် အကျဉ်းသားများ၏ ကိုယ်ခန္ဓာပေါ်တွင် ဆေးမင်ကြောင် ထိုးထားသူများသည် အခြားသော အကျဉ်းသမားများထက် ပိုမိုကံဆိုး ခဲ့ကြသည်။ အကြောင်းမှာ အကျဉ်းစခန်း အရာရှိများသည် အကျဉ်းသားများ၏ ရင်ဘတ်နှင့် ကျောပြင်မှ ဆေးမင်ကြောင်ရုပ်များကို အရေခွံခွာယူပြီး မီးအုပ်ဆောင်း လုပ်ခဲ့ကြသည်ဟု သိရသည်။ မလေးရှားလူမျိုးတို့သည် ဆေးမင်ကြောင်ကို တင်ပါးတွင် ထိုးနှံကြပြီး ဆေးမင်ကြောင်မှာ အရုပ်များမဟုတ်ဘဲ လှပဆန်းကြယ်သော ပန်းကနုတ်ဒီဇိုင်းများ၊ အကွက်များ ဖြစ်ကြသည်။ ဖော်မိုဆာကျွန်း မြောက်ပိုင်းတွင် နေထိုင်သော တေးရဲလ်လူမျိုး လူငယ်များ ကမူ အရွယ်ရောက်ခြင်း အထိမ်းအမှတ်အဖြစ် နဖူးတွင် ဆေးမင်ကြောင်ထိုးကြရာ မျက်နှာ တစ်ပြင်လုံး ရောင်ကိုင်းလာသည်အထိ ပြင်းထန်သည်ဟု သိရှိရသည်။
ဥရောပတိုက်တွင် ရှေးခေတ်အခါက ဂျာမန်လူမျိုး၊ ဂေါလလူမျိုးများနှင့် အင်္ဂလန် ကျွန်းသား တိုင်းရင်းသားများတွင် ထိုးကွင်းထိုးသော ဓလေ့ ရှိခဲ့ဖူးသည်။ မြောက်အမေရိကမှ အင်ဒီးယန်းလူမျိုးများသည်လည်း ကလေးအရွယ်မှ စတင်ပြီး ထိုးကွင်းထိုးနှံ လေ့ရှိကြသည်။ ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ကျွန်းများမှ ပေါ်လီနီးရှင်းလူမျိုး၊ မာအိုရီလူမျိုး၊ မာကေဆ လူမျိုးကျွန်းသားများမှာလည်း ယောက်ျားရော၊ မိန်းမပါ ဆေးမင်ကြောင် ထိုးနှံကြသည့် ရှေးအစဉ်အလာ ရှိသည်။ ဆော်လမွန်ကျွန်းသူ မိန်းကလေးများမှာမူ မျက်နှာနှင့် ရင်ဘတ်၌ ဆေးမင်ကြောင်ထိုးပြီးမှသာ အိမ်ထောင်ပြုနိုင်သည်။ ဖော်မိုဆာ ကျွန်းသူများမှာလည်း ထိုနည်းတူ လက်ထပ်ပွဲ မကျင်းပမီ မျက်နှာ၌ ဆေးမင်ကြောင် ထိုးနှံကြရသည်။ နယူးဂီနီ ကျွန်းမှ ပါပူအန်အမျိုးသမီးများမှာမူ လက်မထပ်မီတွင် မျက်နှာကိုချန်ကာ တစ်ကိုယ်လုံး အနှံ့ ဆေးမင်ကြောင် ရေးခြယ်ထိုးနှံပြီး မင်္ဂလာပွဲ ကျင်းပသောအခါတွင် မျက်နှာကို ဆေးမင်ရည် စုတ်ထိုးကြရပြန်သည်။ (၁၇)နှစ်ရာစုအထိ အင်္ဂလန်နှင့် အနောက်ဥရောပတွင် ဆေးမင် ကြောင်ကို မြင်ပင်မမြင်ဖူးခဲ့ကြပေ။ ဥရောပတိုက်သား ဒမ်ပီယာဆိုသူသည် ထိုးကွင်း ထိုးသော ပစိဖိတ်တောင်ပိုင်း ကျွန်းသားများကို ခေါ်ယူ၍ ပြပွဲ ပြခဲ့ဖူးသောကြောင့် ဖြစ်သည်။

ဆေးမင်ကြောင် ထိုးနှံကြရာတွင် အမှတ်အသား အဖြစ် ထိုးနှံခြင်း၊ အလှအပ အဖြစ် ထိုးနှံခြင်း၊ စွဲလမ်းမှုကို အခြေခံ၍ အဆောင်သဘောဖြင့် ထိုးနှံခြင်း၊ ထုံးတမ်းအစဉ်အလာ အရ ထိုးနှံခြင်းတို့ ဖြစ်ကြသည်။ အင်္ဂလန်နိုင်ငံတွင် အမျိုးသား လယ်သမားသမဂ္ဂသည် ယင်းအဖွဲ့ပိုင် မွေးမြူရေးခြံများမှ ကြက်ဆင်များကို လျှို့ဝှက်အမှတ်အသား ထိုးထားတတ် ကြသည်။ ၎င်းအမှတ်အသားကို မှတ်ပုံတင်ထားသည့်အတွက် အဖွဲ့ပိုင်ကြက်ဆင်များ အခိုးခံရပါက ရှာဖွေဖမ်းဆီးရန် ခိုင်လုံသောသက်သေအဖြစ် ရှိခဲ့ကြသည်။ ဩစတြေးလျ မှ သိုးမွေးသော သူဌေးတစ်ဦးသည် ¤င်း၏သေတမ်းစာကို သူ၏ကျောပြင်တွင် ဆေးထိုးကာ ရေးသားထားခဲ့ဖူးသည်ဟုလည်း မှတ်သားရသည်။
ပထမကမ္ဘာစစ် မတိုင်မီနှစ်များနှင့် စစ်အတွင်းကာလတွင် သူလျှိုများသည် ဆေးမင်ကြောင်ထိုးသော ပညာကို အသုံးချခဲ့သည်ဟု မှတ်သားရဖူးသည်။ ရန်သူ၏ အရေးကြီးသော နေရာများကို စက္ကူတွင် မှတ်တမ်းတင် ယူဆောင်ရန် မလွယ်ကူသောကြောင့် ဦးခေါင်းကို ပြောင်အောင်ရိတ်ကာ လျှို့ဝှက်မြေပုံများကို စုတ်ဖြင့်ရေးထိုး၍ ဆံပင်ရှည်အောင်ထားပြီးမှ ကိုယ့်နိုင်ငံ ကိုယ်ပြန်သွားကြသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ကုန်းဘောင်ခေတ်နှောင်းမင်းများလက်ထက်၌ လူ့ခန္ဓာပေါ်တွင် အမှတ်အသားပြုမှုကို ဆေးမှင်ကြောင်ထိုးနှံ၍ အမှတ်အသားပြုလေ့ရှိကြောင်း အမှတ် အသားမှာ နှစ်မျိုးရှိပြီး အကောင်းဘက်ရော အဆိုးဘက်တွင်ပါ သုံးခဲ့ကြောင်း သိရသည်။ ထိုခေတ်အခါက ခိုးသားဓားပြများကို အဆုံးစီရင်လေ့ရှိပြီး အဆုံးစီရင်မခံရသည့် ခိုးသား ဓားပြများကို နဖူးတွင် ‘ဓားပြ’ဟူ၍ လည်းကောင်း၊ ‘သူခိုး’ဟူ၍ လည်းကောင်း၊ လက်ဖျံတွင် ‘နောက်မဆိုးနဲ့’ ဟူ၍လည်းကောင်း ဆေးမင်ကြောင် ထိုးလွှတ်ပြီး အဆိုးဘက်တွင် အမှတ် အသားဖြင့် အသုံးပြုခဲ့သည်ဟု သိရှိရသည်။ မြန်မာမင်းများ လက်ထက်တွင် အမြဲတမ်း တပ်မတော်ဖွဲ့စည်းခြင်း မရှိခဲ့သော်လည်း ကုန်းဘောင် ခေတ်နှောင်းပိုင်းတွင် အမြဲတမ်း တပ်အချို့ ဖွဲ့စည်းထားခဲ့သည်။ လွှတ်ရုံးနှင့် ရွှေနန်းတော်အတွက် လတ်တလော အသုံးမပြု လိုသည်များမှာ လယ်ယာကိုင်းကျွန်း လုပ်ကိုင်စားသောက် နေထိုင်ကြရသည်။ ယင်းတို့ကို အစုအဝန်းဖြင့် သတ်မှတ်ထားရာ မင်းမှုထမ်းတို့ လည်ကုပ်တွင် ဆေးထိုးကာ အမှတ်အသား ပြုထားသဖြင့် ‘ဆေးထိုးထမ်း’ ဟူ၍ခေါ်သည်။ သေနတ်စွဲ အမှုထမ်းတို့မှာလည်း လည်ကုတ်၊ လက်ဖမိုးတို့ပေါ်၌ ‘နတ်ဘီလူး လက်ယာသံလျက်ထမ်း’ ခြင်္သေ့ရုပ်များ ဆေးတော် ရေးမှတ်ထားကြသည်။ အာဏာပါးကွက်သားများဟု ခေါ်သော ရာဇဝတ် အမှုထမ်းများမှာလည်း ပါးတွင်အကွက်ကြီးများ ဆေးထိုးထားကြရသည်။ ၎င်းအမှုထမ်းများကို ‘ပါးကွက်’ ဟူ၍ ခေါ်သည်။ ထိုပါးကွက်တို့မှာ ပါးနှစ်ဖက်တွင် မင်နက်ဖြင့် ဒင်္ဂါးဝိုင်းအရွယ်ခန့် ထိုးနှံထားကြသည်။ ရင်ဘတ်တွင်လည်း ‘သူသတ်’ ဟူ၍ စာတန်းကို မင်နက်ဖြင့် ထိုးနှံထားကြရသည်။ ဂဠုန်ဆရာစံက သူပုန်ထသောအခါတွင် ဂဠုန်တပ်သားများကို ‘က’တပ်သား၊ ‘ခ’တပ်သားဟု ဆေးမင်ကြောင်ထိုးကာ အမှတ်အသားပြု ခွဲခြားခဲ့သည်။
ကမ္ဘာပေါ်တွင် လူမျိုးအသီးသီးတို့ ဆေးမင်ကြောင် ထိုးနှံကြရာတွင် အလှအပ အလို့ငှာ ထိုးနှံကြသည်လည်း ရှိသည်။

မြန်မာနိုင်ငံတွင် ထိုးကွင်းမင်ကြောင် ခေတ်ကောင်းခဲ့စဉ်က အမျိုးသမီးများလည်း အားကျမခံ ဝင်ထိုးခဲ့ကြသည်ကို တွေ့ရသည်။ ထိုသို့ထိုးရာတွင် ပေါင်တစ်ဖက်၌ ငုံးရုပ်၊ တစ်ဖက်၌ ကြက်ရုပ် တစ်ဖက်တစ်ရုပ်စီ ထိုးနှံကြခြင်းမျိုး ဖြစ်သည်။ မှိန်းကဲ့သို့ အခွစုတ်ဖြစ်သော မြန်မာစုတ်ဖြင့်ထိုးသော ဆေးမင်ကြောင်ခေတ် မှေးမှိန်ချိန်တွင် ဓာတ်ခဲအားသုံး အပ်ဖြင့်ထိုးသော မင်ကြောင်ရုပ်များ ပေါ်ပေါက်လာခဲ့သည်။ နှစ်ပေါင်း များစွာကြာပြီးမှသာ အဝတ်ချုပ်အပ်ဖြင့် ထိုးသော ဆေးမင်ကြောင်ထိုးနည်း အသစ် ပေါ်ပေါက်လာခဲ့သည်။ ထိုနည်း နှစ်နည်းနှင့် ထိုးသော ဆေးမင်ကြောင်များသည် အားလုံးနီးပါး အလှအပ သက်သက်သာ ထိုးခဲ့ကြခြင်းဖြစ်သည်။

စွဲလမ်းမှုကို အခြေခံ၍ ထိုးခြင်းမှာ များသောအားဖြင့် ခန္ဓာကိုယ်အထက်ပိုင်းတွင် ထိုးလေ့ရှိကြသည်။ နတ်ရုပ်၊ ဘီလူးရုပ်များ၊ အခြားအရုပ်များကို မန္တာန်စာလုံးများ ခြံရံ၍ ထိုးခဲ့ကြသည်။ အင်းကွက်များတွင် အင်းစာများသွင်း၍ဖြစ်စေ၊ စာလုံးများချည်းဖြစ်စေ ထိုးနှံကြသည်။ အချို့လည်း လျှာပေါ်တွင်ပါ ထိုးနှံကြသေးသည်။ သို့ရာတွင် အစက်အ ပြောက်မျှသာ အထိုးခံနိုင်ပေသည်။ စွဲလမ်းမှုကိုအခြေခံ၍ အဆောင်အဖြစ် ဆေးမင်ကြောင် ထိုးနှံကြရာတွင် ခန္ဓာကိုယ်အထက်ပိုင်းတွင်သာ ဆေးအနီဖြင့် အထိုးများတတ်ကြသည်။ သို့ရာတွင် ရံဖန်ရာခါ၌လည်း အနက်ရောင်ဖြင့် ထိုးတတ်ကြသေးသည်။ လက်ယာဘက် လက်ဆစ်၊ လက်ဖမိုးလက်ကောက်ဝတ်များတွင် တွေ့ရလေ့ရှိသော ဆေးမင်ကြောင် အနီစက်၊ အနက်စက်များနှင့် ခြေမျက်စိဝန်းကျင်တွင် တွေ့မြင်ရသော အနက်စက်များမှာ အဆောင်သဘောဖြင့် ထိုးကြခြင်းဖြစ်သည်။
မြန်မာအမျိုးသားများသည် ရှေးဦးပိုင်းတွင် အဆောင်သဘောဖြင့် ဆေးမင်ကြောင် ထိုးခဲ့ရာမှ နောင်သော် အလှအပ သဘောသို့ ရွေ့လျောလာခဲ့သည်။ ၎င်းမှတစ်ဖန် ထိုးကွင်းရှိမှ ယောက်ျားပီသသည်ဟူသော သဘောထားများ ဝင်ရောက်လာခဲ့ပေရာ ထုံးတမ်းစဉ်လာသဘော သက်ရောက်သွားပေသည်။ မြန်မာနိုင်ငံသား ချင်းအမျိုးသမီးများသည် မျက်နှာတစ်ပြင်လုံး မည်းမှောင်နေအောင် ပါးရဲ ထိုးခဲ့ကြဖူးသည်။ ချင်းအမျိုးသမီးတို့တွင် ပါးရဲမပါသော အမျိုးသမီးသည် ပွဲမဝင်၊ မတင့်တယ်ဟု သဘောထားခဲ့ကြသည်။ နောင်အခါကာလ ရွေ့လျောပြီး ပါးကြောင်၊ ပါးကြားဖြင့် စတိသဘောထိုးခြင်းသို့ သက်ရောက် သွားတော့သည်။

မြန်မာနိုင်ငံတွင် ဆေးမင်ကြောင်ထိုးခြင်း အစမှာ အယူအဆသုံးမျိုး ကွဲပြားလျက်ရှိပြီး ပုဂံခေတ် အရည်းကြီးများက စခဲ့သည်ဟူ၍ လည်းကောင်း၊ သရေခေတ္တရာ ဥတ္တမ သီရိမထေရ်က စခဲ့သည်ဟူ၍ လည်းကောင်း၊ ထိုးကွင်းအစ မောင်ကံက ဟူ၍လည်းကောင်း၊ သုံးမျိုးကွဲပြားလျက်ရှိသည်ဟု သိရသည်။ ဆေးမင်ကြောင်ထိုးရာတွင် အထက်ဆေး၊ အောက်ဆေးဆိုပြီးတော့လည်း ရှိခဲ့သေးသည်။ အထက်ဆေးတွင် ဘုရားဆေး၊ နတ်မှော် ဆေး၊ ဝိဇ္ဇာမှော်ဆေးဟူ၍ရှိပြီး အောက်ဆေးတွင် ကာယသိဒ္ဓိဆေး၊ ပီယသိဒ္ဓိဆေးဟူ၍ ထိုးကြသည်ဟု သိရသည်။ ရှေးအခါက ပေါင်တွင်ထိုးကွင်းမရှိသူကို မိန်းကလေးများက မနှစ်သက်ကြသည့် အတွက် ‘ပေါင်ဖြူချင်း မယူချင်ဘူး’ ဟုငြင်းလေ့ရှိကြရာ အမျိုးသားများမှာ မျက်ရည်တောက်တောက်ယို၍ ထိုးကွင်း ထိုးခဲ့ကြရသည်ဟု သိရသည်။ ထိုးကွင်းမင်ကြောင်ထိုးရာတွင် ချစ်သူမိန်းကလေးက ထောင်ပုဆိုး၊ ရာပုဆိုးဟူ၍ မင်ခံပုဆိုးကို ပေးကြရသည်ဟုလည်း သိရသည်။ မင်ခံပုဆိုးမှာ ထိုးကွင်းထိုးရာတွင် မင်နှင့်သွေးများ ရောထွေးနေပြီး ခန္ဓာကိုယ်အောက်ပိုင်းမှာ သွေးစိမ်းရှင်ရှင် ထွက်သည့်အတွက် ခန္ဓာကိုယ်အောက်တွင် ခံထားရသော ပုဆိုးဖြစ်သည်။ ၎င်းပုဆိုးကို ချစ်သူမိန်းကလေးမှ လက်ဆောင်အဖြစ် ပေးကြရသည်ဟူ၍ သိရသည်။ အကြောင်းမှာ မိမိ၏ ချစ်သူအမျိုးသားမှာ ယောက်ျားပီသသည်ကို ဂုဏ်ယူကြသည့် သဘောမျိုးဖြစ်သည်။ ထိုးကွင်းမင်ကြောင်ထိုးသော အချိန်၌ အချို့မှာ မထနိုင်တော့ဘဲ မင်ကြောင်ရုံထဲမှ ကတ်ဖြင့် ဆွဲထုတ်ယူရသူများရှိသလို အချို့လည်း လူတွဲထုတ်ရသူများရှိသည်။ အချို့ကတော့ အံခဲလျက် အကူအတွဲမပါဘဲ ထွက်လာနိုင်သည်။ မင်ကြောင်ထိုးပြီး အပြင်သို့ ထွက်လာသူတိုင်း လက်ခမောင်းခတ်၍ ‘ငါယောက်ျားဟေ့၊ ယှဉ်ရဲသူထွက်ခဲ့’ဟု လောကကြီးကို စိန်ခေါ်သည့် သဘောဖြင့် လက်ခမောင်း သုံးကြိမ်ပြည့်အောင် ခတ်ရသည်။ ကတ်ဖြင့်ထွက်လာသူကို ‘အဝါခတ်’ ဟုခေါ်သည်။ အကူအတွဲဖြင့် ထွက်လာသူကို ‘အမြှောင်ခတ်’ဟုခေါ်သည်။ တစ်ကိုယ်တည်းထွက်လာသူကို ‘အထီးခတ်’ ဟု ခေါ်သည်။ ၎င်းမင်ခံပုဆိုးကို တစ်သက်တာ ဂုဏ်ယူနိုင်ရန်အတွက် အမျိုးသားများက မိမိ၏ချစ်သူ အမျိုးသမီးများကို လက်ဆောင်အဖြစ် ပြန်ပေးလေ့ရှိကြသည် ဟုလည်း သိရသည်။ ထိုးကွင်းမထိုးသူများကို မိန်းကလေးရှင်များကလည်း လောကဓံ၏ အထုအထောင်းကို မခံနိုင်သူဟူ၍ မိမိ၏ သမီးမိန်းကလေးနှင့် ပေးစားရန် ဝန်လေးခဲ့ကြသည် ဟုလည်း သိရသည်။ ထိုးကွင်းမထိုးသူများ အိမ်ထောင်ပြုလျှင် ‘ပေါင်ဖြူချင်း သေမင်းခေါ်တတ်တယ်’ ဟူ၍ ဆိုကြသည်။ ‘ပေါင်ဖြူစင်းမို့ နတ်စိမ်းပွယ်ရတယ်၊ မင်ကြောင်စိမ်းမို့ ပျိုသိမ်းပါရမယ်’ ဟူသော စကားကြောင့် ယောက်ျားမပီသသော ပေါင်ဖြူသူကို ယူမိလျှင် ရိုးရာနတ်ကို တောင်းပန်ပသရသဖြင့် မင်ကြောင်စိမ်းနှင့် လူကိုသာ ယူတော့မည်ဟု ဆိုခြင်းဖြစ်သည်။

(၂ဝ)ရာစုနှောင်းပိုင်းတွင်မှ ထိုးကွင်းမင်ကြောင် ထိုးသည့် ဓလေ့သည် မြန်မာပြည်တွင် တဖြည်းဖြည်း ပပျောက်လာပေသည်။ အကြောင်းမှာ ရောဂါ ကူးစက်ခံရခြင်း၊ ထိုးကွင်းထိုးသူများကို မိန်းကလေးအများစု ရွံကြောက်လာကြခြင်းတို့ကြောင့် အဓိက ဖြစ်သည်ကို တွေ့ရသည်။ ဆေးမင်ကြောင် ထိုးကြရာတွင် တချို့မှာ အလှအပသက်သက်သာ ထိုးကြလေ့ ရှိကြတော့သည်ကိုလည်း တွေ့ရသည်။
ယခု(၂၁)ရာစု အစောပိုင်းတွင်တော့ တစ်ခါသုံးအပ်များဖြင့် ဆေးမင်ကြောင်ထိုးသည့် ဓလေ့သည် ပြန်လည် ခေါင်းထောင်လာခဲ့ပြီ ဖြစ်သည်။ ဆယ်ကျော်သက် လူငယ်အများစုသည် ယနေ့ခေတ်တွင် လှပသော အရုပ်ဒီဇိုင်းများကို မိမိခန္ဓာကိုယ်ပေါ်တွင် ရေးတင်လာကြသည်မှာ လူငယ်တိုင်းလိုလိုတွင် တွေ့နေရပေသည်။ ယခုခေတ်တွင် မြန်မာပြည်၌ ဆေးမင်ကြောင်များ ပြန်လည် ခေတ်စားလာခြင်းမှာ အနောက်တိုင်း အနုပညာရှင်များ၊ လူငယ်များမှ ယဉ်ကျေးမှု ရွေ့လျောလာသည့်သဘော ဖြစ်ပေသည်။ ဆေးမင်ကြောင်သည် ရှေးခေတ်အခါက ဂုဏ်ယူဖွယ်တစ်ရပ် အဖြစ် ထိုးနှံခဲ့ကြသည်ကို ယခုခေတ်လူငယ်များ အလှအပ သက်သက်၊ အပျော်သဘော သက်သက် ထိုးနှံနေကြခြင်းနှင့် စပ်လျဉ်း၍ တင်ပြလိုက်ရပေတော့သည်။

ဇေယျာမြတ်ခိုင် (ဆင်ဖြုူကျွန်းအောင်သိန်း၏ မြန်မာ့ထိုးကွင်းမင်ကြောင် ဓလေ့အား မှီငြမ်း ရေးသားသည်။)

8 comments

  • susunosuki

    April 17, 2010 at 4:26 pm

    ခုလိုစုံစုံလင်လင်သိရတဲ့အတွက် ဗဟုသုတ တိုးစေပါတယ်
    ကျွန်တော်လည်း မကြာခင် တစ်ပုံတစ်ပုံလောက်ထိုးမယ်စိတ်ကူးတယ်

  • char too lan

    July 31, 2010 at 8:05 am

    တချို ့လူတွေ ဆေးမင်နဲ ့တော်တော်လိုက်တယ်ဗျ
    တခါတလေကျနော်လည်း ထိုးချင်တဲ့စိတ်ဖြစ်ခဲ့တယ်

  • မန်း ရိပ်

    August 17, 2010 at 2:02 pm

    ဆေးမင်ကြောင်းထိုးရတာ ဝါသနာ မပါဘူး
    ဒါပင်မယ့် ဗဟုသုတ တော့ရတယ် ကျေးဇူးပဲ

  • nyimalay

    September 13, 2010 at 8:39 am

    ဗဟုသုတ တော့ရတယ် ကျေးဇူးပဲ
    but i really afried this habit & have a person.

  • winkhant

    September 13, 2010 at 9:15 am

    tattoo ထိုးချင်တဲ့သူတွေရှိရင် ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ်
    tattoo ထိုးခြင်းဟာ ကိုယ်သေတဲ့ထိ ပါသွားမှာဖြစ်တဲ့အတွက် ကိုယ်တကယ်နှစ်သက် သဘောကျတဲ့ပုံကိုတွေ့မှသာ ထိုးသင့်ပါတယ်။ ပုံတွေ့ပြီဆိုပါတော့ ဒီပုံကိုထိုးပေးနိုင်မယ့်သူကိုလဲ သေချာစဉ်းစားစေလိုပါတယ်။
    ပုံကတော့ကောင်းပြီး ထိုးတဲ့သူမကောင်းရင် နောင်တရနေမှာစိုးလို့ပါ။ နောက်ပြီး ဈေးနှုန်းကိုမကြည့်ပါနဲ့။ သေရာပါဖြစ်တဲ့အတွက် ဈေးမဆစ်သင့်ပါဘူး။ နောက် ထိုးနေတဲ့အချိန်မှာ ပြီးအောင်ထိုးနိုင်ဖို့ အရေးကြီးပါတယ်။
    ဘာလို့လဲဆိုတော့ တစ်ခါပဲအနာခံသင့်တယ်လေ။ ခွဲထိုးရင် အနည်းဆုံး နှစ်ပတ်လောက်နေပြီးမှ ထိုးသင့်တယ်။ မဟုတ်ရင် အနာမကျက်သေးတော့ ပိုနာတယ်။ သူများတွေပြောသလို tattoo ထိုးတာ အရမ်းနာတယ်။ မခံနိုင်အောင်နာတယ်ဆိုတာ မဟုတ်ပါဘူး။
    ကျွန်တော်လဲ tattoo ထိုးထားပါတယ်။ ကျွန်တော်ကြုံတွေ့ခဲ့ဖူးတဲ့ အတွေ့အကြုံတွေကို ပြောပြတာပါ။
    အမှားပါလဲ စိတ်မရှိကြပါနဲ့

  • windtalker

    January 25, 2012 at 1:05 pm

    အင်ဂျလီနာဂျိုလီ့ ကိုယ်ပေါ်မှာ သူ ့ယောက်ျားနာမည် ကို တက်တူးထိုးထားတယ်တဲ့ ။ ( ဘရက်ပစ်နာမည် မဟုတ်ပါ ။ ) ။ အဲဒီတက်တူး အခုထိ ရှိသေးရင် ၊ ဘရက်ပစ် ဘယ်လို ခံစားသလဲ စဉ်းစားလို ့ကို မရဘူး ။

  • htet way

    January 25, 2012 at 3:08 pm

    ပြည့်ပြည့်စုံစုံရေးပြတာကျေးဇူးပါ။
    ဆေးမင်ကြောင်နှင့်ပတ်သက်၍ ရန်ကုန်ဘဆွေရေးမြန်မာပြည်သားဝတ္ထုတွင်
    မြန်မာတို့၏ဆေးမင်ကြောင်အကြောင်းလေ့လာမိပါကြောင်း

  • Wai Phyoe

    January 25, 2012 at 3:31 pm

    ကျေးကျေးပါဗျာ ဆေးမင်ကြောင်ထိုးတယ်ဆိုတာကောင်းလဲကောင်းပါတယ် ကောင်းလဲမကောင်းပါဘူး
    ထိုးမယ်ဆိုရင်တော့ဗျာ ဘော်ဒီ တောင့်အောင်ကစားပြီးမှထိုးမယ်ဆိုရင်ပိုကောင်းမယ်နဲ့တူတယ်။

Leave a Reply