ရန်ကုန်တွင် မီးပြီးတော့ ရေပြဿနာ ပေါ်ပြန်

parparaziApril 2, 20101min560

ရန်ကုန်မြို့တွင် မီးလာသော်လည်း ရေမရ၊ မီးပျက်ပြန်လည်း ရေမရသည့် အခက်အခဲဖြင့် ရင်ဆိုင်နေရကြောင်း မြို့ခံများက ပြောသည်။

ထိုသိုု့ ရေမရမှုသည် တကြိမ်ဖြစ်ပွားပါက (၁၀) ရက်ခန့်ဆက်တိုက် ရေမရသည့်အတွက် ပြည်သူများမှာ ပုဂ္ဂလိက မီးစက်များက တနာရီ ကျပ် (၅,၀၀၀) ဖြင့် စုပ်ယူရောင်းချသည့် အဝီစိတွင်းရေများကို ဝယ်သုံးနေရကြောင်း သိရသည်။

ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်တွင် နေသူတဦးက “မီးလာချိန်ကျပြန်တော့ အခန်းတွေအားလုံးက ဝိုင်းပြီး ရေတင်ကြတော့ မီးအားမနိုင်တော့ဘဲ ရေမရပြန်ဘူး။ ရေတင်တဲ့အခါ ရေသံက တက်လာတယ်၊ အပေါ်ထိမရောက်ဘူး၊ ပြန်ကျသွားပြန်ရော။ မီးပျက်ချိန်ကျတော့လည်း ရေတင်လို့မရ။ ကျနော်တို့ မိသားစုဆိုရင် ည ည မအိပ်ဘဲ ရေစောင့်တင်ရတာ။ အဲဒီလို ဖြစ်နေတာ ကြာပြီ” ဟု ပြောသည်။

ယင်းသို့ ရေအခက်အခဲဖြစ်နေသည်ကို တာမွေမြို့နယ် စည်ပင်အရာထမ်းတဦးက “စည်ပင်အနေနဲ့တော့ မီးမလာတာကိုဘဲ ပြောစရာရှိတယ်။ ဘာမှလုပ်ပေးလို့ မရဘူး၊ ရမယ်လို့ပြောရင်လည်း လူတွေက မယုံဘူးလေ။ အဖြစ်မှန်က မီးပျက်တာများ နေတယ်၊ ရေမရတာလည်း မှန်နေတယ်” ဟု ပြောသည်။

ရန်ကုန်မြို့လယ် ပန်းဆိုးတန်းလမ်းတွင် ပြည်ပအလုပ်အကိုင် အေဂျင်စီရုံးခန်း ဖွင့်လှစ်နေထိုင်သူ တဦးကမူ ယခင်က မီးလာချိန်တွင် ရေတင်နိုင်သော်လည်း ယခုမီးလာချိန်တွင်ပင် ရေတင်၍ မရသည်ကို စိတ်ပျက်မိကြောင်း ပြောသည်။

“ဒီမှာ ရုံးခန်းဖွင့်နေတာ ကြာပြီဗျ။ စည်ပင်သာယာက ပေးတဲ့ရေဆိုတာ မီးလာရင် မော်တာနဲ့ စုပ်လိုက်ရုံပဲ။ ဘယ်အချိန်စုပ်စုပ် ရေတက်ရမယ်။ အခု ဒီမြို့လယ်အနေနဲ့ မီးလာပေမယ့် ရေတင်ရင် ရေပိုက်ကရေတက်တဲ့ ရေသံမကြားရတာလည်း ရှိတယ်။ ရေက လုံးဝကို မတက်တာလေ၊ ရေပိုက်ကကို ရေမလာတာလေ။ အဲဒီတော့ စည်ပင်က ရေမလွှတ်လို့ပေါ့” ဟု ၎င်းက ပြောသည်။

ရန်ကုန်စည်ပင်ဥက္ကဋ္ဌ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ရေခက်ခဲသော မြို့တွင်း မြို့နယ်များတွင် မီးပျက်သော်လည်း ရေရရန်အတွက် မီးစက်များအသုံးပြုကာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်တွင်း သတင်းဂျာနယ်များကို ပြောဆိုခဲ့သည်။

ယုဇနပလာဇာအနီး နေထိုင်သူတဦးက “ရေသန့်ကိုဝယ်ပြီးတော့ သုံးနေရတာကြာပါပြီ၊ ရေသန့်ဖိုးနှင့်မွဲတော့မယ်။ ဒီလိုသာ ရေမရဘဲ ကြာနေရင်တော့ ဘယ်လိုရပ်တည်ရမလဲ မသိတော့ဘူး” ဟု ညည်းညူပြောဆိုသည်။

ရေမရသည့်ကိစ္စကို မြို့နယ်အလိုက်ရှိနေသော စည်ပင်ရုံးများကို ရေမရကြောင်း ပြောကြည့်ကြသော်လည်း လျှပ်စစ်ပြတ်တောက်သည့်အတွက်သာ ရေမရခြင်းဖြစ်သည်ဟု ဖြေကြားကြောင်း သိရသည်။

“ဗိုလ်တထောင်မြို့နယ် စည်ပင်သာယာရုံးကို မေးကြည့်တယ်။ လျှပ်စစ်မီးအပျက်များလို့ ရေတွန်းစက်တွေက ရေမတွန်းနိုင်လို့ ပိုက်တွေထဲ ရေမရောက်နိုင်တာ ဖြစ်နိုင်တယ်တဲ့” ဟု ဗိုလ်တထောင်မြို့နယ်သားတဦးက ပြောသည်။

အထပ်မြင့်တိုက်ခန်းတို့တွင် နေထိုင်သူအများစုမှာ ရေကို ထမင်းဟင်းချက်ခြင်း၊ မျက်နှာသစ်ခြင်းနှင့် ကိုယ်လက်သန့်စင်ရန် ရေပတ်တိုက်ခြင်းလောက်ကိုသာ အဓိကထားပြီး ချွေတာသုံးစွဲနေရကြောင်း သိရသည်။

ရန်ကုန်စည်ပင်ကမူ ရေပေးဝေမှုများကို ဂျိုးဖြူ၊ လှော်ကား၊ ဖူးကြီးနှင့် ငမိုးရိပ် ရေပေးဝေရေးစီမံကိန်းများက တနေ့လျှင် ရေဂါလန် သန်း (၁၄၀) ပေးဝေနေကြောင်း ပြောကြားသည်။

Source : Khitpyaing