ဘဝကို နေ့ပြန်တိုး ပေး၍…

winkyawaungOctober 29, 20101min1035

တစ်နေ့လုပ်မှ တစ်နေ့စား
ယောင်္ကျားက ဆိုက်ကားသမား
မိန်းမက ဟင်းရွက်သည်
သား၊သမီး ကလေးတွေ တစ်ကြိတ်နဲ့
အဖေ၊အမေပြန်မလာမီ တစ်ရေးအိပ်လို့စောင့်ကြရ။

အဖေမှာ ဆိုက်ကား အုံနာခ(၅၀၀)ကျပ်ကို အရင်ရှာ
ပိုတဲ့ငွေ နဲ့ ဆန်ဝယ် ဆီဝယ်
ညနေစောင်းလို့ အိမ်ကို အပြေးပြန်ခဲ့ရတယ်။

အမေဟင်းရွက်သည် နွမ်းလျှတဲ့ ကန်ဇွန်းရွက်ကို
ရေလုံပြုပ်၊ ခေါင်းတစ်ရာသား ငါးအိုးကပ်ဟင်းကိုတည်
အရင်း အနှီးငွေက တစ်ရာကို နှစ်ဆယ်အတိုးနဲ့
ဈေးဂေါင်းကတော် မစိန်ချယ်ဆီက နေ့ပြန်တိုး ချေးရပါတယ်။

အာဂ ဟင်းရွက်သည် သားသမီးတွေရှင်ပြုဖို့
တစ်ရက် ငွေငါးဆယ်နဲ့ နှစ်တော်တော်ကြာအောင် စုခဲ့တယ်
တတ်အားသမျှ ဒါန သီလ ဘာဝနာကို လက်ကိုင်ပြုထားတယ်
သာရေး၊နာရေး လူမှုရေးဆိုလည်း ပန်းကန်ဆေး၊ခွက်ဆေး ကူညီပါတယ်။

ဆိုက်ကားဆရာနဲ့ ဟင်းရွက်သည် သားရှင်ပြုတဲ့နှစ်မှာ
နေကြပ်၊ လကြပ်တဲ့နှစ် ၊စီးပွားရေးကြပ်တဲ့နှစ်
အလှူမှ ဓာတ်စက်က သားအဇာတသတ်မင်းက
ထီးနန်းအပ်တဲ့ ဖခင် ဗိမ္မိသာရမင်းကို အပြတ်ရှင်း ဇာတ်ထုပ်ကိုဖွင့်။

အင်း.. ရာထူး အာဏာရှိသူ ငွေအသပြာ ချမ်းသာသူများ
လောဘ အတော မသတ်ကြ ၊ အဖေကိုတောင် အရှင်မထားချင်ကြ
ဒင်း တို့ဘဝနဲ့ ငါတို့ဘဝ၊ ဘာနဲ့မှ နှိုင်းယှဉ်လို့မရ
နေ့ပြန်တိုး ချေး၍ လှူတဲ့ ကျွန်တော်၊ ကျမတို့အလှူမှ
အမျှ..အမျှ..အမျှ ………………………………………
သာဓု..သာဓု..သာဓု ခေါ်ဆိုနိုင်ပါလေစ…………………………………..။

(မြန်မာပြည်မှ လူဆင်းရဲသော်လည်း…ဘဝအသိနဲ့ ချမ်းသာနေကြသူ များကို ဂုဏ်ပြုပါသည်။)

5 comments

  • winkyawaung

    October 29, 2010 at 6:39 pm

    ကွန်နရှင် မကောင်းလို့လား မသိပါ။ ဓာတ်ပုံတင်ဖို့ နေရာလေးတွေ မပေါ်ဘူး ဖြစ်နေပါတယ်.. အယ်ဒီတာ ဆရာတို့ ခင်ဗျား.။

  • mG

    October 29, 2010 at 6:49 pm

    စာလေးအရမ်းကောင်းပါတယ်။ဒီစာလေးဟာ အချိန်ကောင်းလေးမှာ တင်ပြပေးသွားတဲ့ (winkyawaung) ကိုကျေးဇူးတင်ပါတယ်။ဒါဟာ မြန်မာပါ။

  • bigcat

    October 30, 2010 at 12:26 am

    ကိုယ်တိုင်ရေးနဲ့ သူများရဲ့ အပယ်ခံကဗျာများ၊ စာမူများကို စုပြီးအခုလို တင်ပေးရင် ရေးခဲ့သူများရော၊ ဖတ်ရသူများပါ ဝမ်မြောက်ကြပါလိမ့်မည်။

  • winkyawaung

    October 30, 2010 at 12:58 am

    အားလုံးကို ကျေးဇူးအထူးတင်ပါတယ်.။ မန္တလေးဂေဇက် မှာ လွတ်လပ်စွာ ရင်ဖွင့်ရလို့ လည်း ကျေးဇူးတင်ပါတယ်။ ဒါကြောင့် ဆက်လက်ပြီး ရှာဖွှေ တင်ပေးပါအုံးမယ်..။ ဒါပေမဲ့ လက်ခုပ် သံများရင်တော့…?

Leave a Reply