မြန်မာနိုင်ငံကို ဖိအားပေးဖို့ အမေရိကန် အမတ်များ တိုက်တွန်း

poeticApril 2, 20101min471

အမေရိကန် နိုင်ငံရေးလောကမှာ အရှိန်အဝါ ကြီးမားတဲ့ အထက်လွှတ်တော်အမတ် ၉ ဦးတို့က မြန်မာစစ်အစိုးရကို ပိုပြီး တင်းတင်းကျပ်ကျပ် ဖိအားပေးနိုင်အောင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နဲ့ မူဝါဒ ညှိနှိုင်းရေးမှူး ခန့်ထားဖို့နဲ့ စစ်အစိုးရရဲ့ လက်ဝေခံ စီးပွားရေးသမားတွေကို ပိုမိုဖော်ထုတ် ဒဏ်ခတ်ဖို့အတွက် သမ္မတ အိုဘားမား (Obama) ဆီကို စာတစောင် ရေးသား တောင်းဆိုလိုက်ကြပါတယ်။

ရီပတ်ဘလီကန် အမတ်တွေ ဖြစ်ကြတဲ့ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် မစ်ချ် မက်ကောနယ် (Mitch McConnell) နဲ့ သမ္မတ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့သူ ဂျွန် မက်ကိန်း (John McCain) တို့နဲ့အတူ ထင်ရှားတဲ့ ဒီမိုကရက်အမတ် ဘောက်ဆာ (Boxer) လည်း ပါဝင်ပြီး လက်မှတ်ရေးထိုးပါတယ်။ ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဘယ်လောက် အရေးပါသလဲဆိုတာ ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

တကယ်တော့ ဒီ ဆီနိတ်တာ (Senator) တွေရဲ့ တောင်းဆိုချက်ဟာ သမ္မတဘုရှ် (Bush) လက်ထက် ၂၀၀၈ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ Jade Act လို့ခေါ်တဲ့ ကျောက်စိမ်းဥပဒေမှာ ပြဋ္ဌာန်းထားပေမဲ့ အကောင်အထည် မဖော်ရသေးတဲ့ အချက်တွေ ဖြစ်ပါတယ်။ သမ္မတ အိုဘားမား တက်လာတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒကို ပြန်လည်သုံးသပ်ပြီး ဒီမိုကရေစီရေး ရှေးရှုတဲ့ လုပ်ရပ်တွေကို စစ်အစိုးရဘက်က တကယ်လုပ်ရင် ဆက်ဆံရေး တိုးမြှင့်မယ်ဆိုတဲ့ မူအရ ဒါတွေကို ဆက်မလုပ်ဘဲ ရပ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုအခါမှာ မမျှတတဲ့ ရွေးကောက်ပွဲ ဥပဒေ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို NLD ပါတီနဲ့ သက်ဆိုင်ရာပါတီက ဖယ်ထုတ်ရမယ်လို့ အတင်းအကျပ် လုပ်ထားတဲ့ ဥပဒေတွေကြောင့် ဒီကျောက်စိမ်းဥပဒေ အတိုင်း အတိအကျ အကောင်အထည်ဖော်ဖို့ အချိန်ကျရောက်လာပြီ ဆိုပြီး သမ္မတ အိုဘားမားကို ဆီနိတ်တာတွေက တောင်းဆိုကြတာ ဖြစ်ပါတယ်။

သူတို့တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး USCB ခေါ် အမေရိကန် ပြည်ထောင်စု မြန်မာ့အရေး လှုပ်ရှားတဲ့အဖွဲ့က ကိုအောင်ဒင်က အခုလို ရှင်းပြပါတယ်။

“သူတို့အားလုံး တောင်းဆိုတာက ၂၀၀၈ ခုနှစ်ထဲက ချထားတဲ့ Tom Lantos Block Burma Jade Act ဆိုတာ ရှိတယ်။ အဲဒီမှာပါတဲ့ အချက်တွေကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုတာပါ။ နံပါတ်တစ်အချက် မြန်မာနိုင်ငံဆိုင်ရာ Special Coordinator အထူးကိုယ်စားလှယ်နဲ့ Policy Coordinator ခန့်ဖို့ဆိုတာ ၂၀၀၈ ခုနှစ်ကတည်းက ဥပဒေ ပြဋ္ဌာန်းပြီးသား ဖြစ်တယ်။ အခု ၂၀၁ဝ ရောက်ပြီ၊ သမ္မတ အိုဘားမားက တယောက်မှ အမည်စာရင်း တင်သွင်းတာတောင် မလုပ်ရသေးဘူး။

“အခုချိန်မှာ မြန်မာပြည် အရေးကိစ္စကို အမေရိကန် အစိုးရက လေးလေးနက်နက် ဆောင်ရွက်တယ် ဆိုတာကို ထင်ထင်ရှားရှား ပြချင်တယ်ဆိုရင် ဒီရာထူးကို အမြန်ဆုံးခန့်ဖို့ လိုအပ်တယ်။ အဲဒီလို ခန့်မှလည်း အမေရိကန် အစိုးရရဲ့ လက်ရှိ မူဝါဒတွေကို သတ်သတ်မှတ်မှတ် တာဝန်ပေးတဲ့ ပုဂ္ဂိုလ်က ပိုပြီးတော့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှာပါ။ ဆိုတော့ အခုလို တောင်းဆိုတာ ဖြစ်ပါတယ်။

“ဒုတိယအချက်လည်း အတူတူပဲ၊ သမ္မတဘုရှ် လက်ထက်ကတည်းက မြန်မာစစ်အစိုးရရဲ့ အလိုတော်ရိ စီးပွားရေးသမားတွေ အပေါ်မှာ ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှု လုပ်ခဲ့တာ ရှိတယ်။ အဲဒါကို သမ္မတဘုရှ် လက်ထက်ကတည်းက ချမှတ်ခဲ့တဲ့ ဥပဒေအရ ဆက်ပြီးတော့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက နအဖအလိုကျ စီးပွားရေး သမားတွေကို ရှာဖွေ ဖော်ထုတ်ပြီးတော့ စီးပွားရေးအရ အရေးယူ ဒဏ်ခတ်ရမှာ။ ဒါပေမဲ့ အဲဒါကိုလည်း မလုပ်ဖြစ်တာ ၂ နှစ်လောက် ရှိသွားပြီ။”

စစ်အစိုးရရဲ့ အလိုတော်ရိ စီးပွားရေးသမားတွေကို ဒဏ်ခတ် အရေးယူရေးဆိုတဲ့ ကိစ္စမှာ ဦးတေဇ၊ စတီဗင်လောနဲ့ ဦးပိုင်လီမိတက် စတဲ့ စီးပွားရေး လုပ်ငန်းရှင်တချို့၊ စီးပွားရေးလုပ်ငန်း တချို့ကို အရေးယူခဲ့တာ ရှိပေမဲ့ သမ္မတ အိုဘားမား တက်လာပြီးနောက် ထပ်ပြီး အလားတူ စီးပွားရေး လုပ်ငန်းတွေကို ရှာဖွေ ဖော်ထုတ် ဒဏ်ခတ်တာမျိုးကို ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

ဒီဟာ ဘယ်လောက် အရေးပါသလဲဆိုတော့ အချက် ၂ ချက် တွေ့ရပါမယ်။ ပထမတချက်က ဒီစာကို ရေးသား တောင်းဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ အမေရိကန် နိုင်ငံရေးမှာ အင်မတန် ဩဇာတိက္ကမ ကြီးမားတဲ့ ဝါရင့် အထက်လွှတ်တော် အမတ်ကြီးတွေ ဖြစ်ပါတယ်။ အာဏာရပါတီရော အတိုက်အခံ ပါတီကပါ ပါဝင်ပြီး လက်မှတ်ရေးထိုးထားကြတာ ဖြစ်ပါတယ်။ နောက်တချက်က အိုဘားမားရဲ့ မူဝါဒသစ်အရ လုပ်ဆောင်နေတဲ့ စစ်အစိုးရနဲ့ ဆွေးနွေးမှုတွေဟာ အလားအလာ မရှိတော့ဘူးဆိုတာ ပြသလိုက်တဲ့ အချက်ပဲ ဖြစ်ပါတယ်ဆိုပြီး ကိုအောင်ဒင်က ရှင်းပြပါတယ်။

“အဓိကတော့ အမေရိကန် အစိုးရနဲ့ မြန်မာစစ်အစိုးရအကြား လုပ်နေတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ မအောင်မြင်ဘူး ဆိုတာကို အထင်အရှား ပြတာပဲလေ။ အဲဒီလို မအောင်မြင်တဲ့ အတွက်ကြောင့် အမေရိကန် အစိုးရနဲ့ တကမ္ဘာလုံးက တောင်းဆိုနေတဲ့ကြားက နအဖက တဖက်သတ် လုပ်ရပ်တွေ လုပ်နေတဲ့အခါမှာ အမေရိကန် အစိုးရက နအဖလုပ်တဲ့ လှုပ်ရှားမှုနဲ့ တန်းတူတဲ့ တုံ့ပြန်မှုပေါ့ဗျာ။ အမှန်တော့ ကောင်းတာလုပ်ရင် ကောင်းတဲ့အလျောက် တုံ့ပြန်ဖို့ အစီအစဉ် ရှိပြီးသား။ ကောင်းတာမလုပ်တဲ့ အတွက်ကြောင့် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ပြန်လုပ်ဖို့။

“အဲဒါနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရ အပေါ်မှာ အကျိုးသက်ရောက်မှု ဘယ်လောက်ရှိမယ်ဆိုတာ ကျနော်တို့ ပြောလို့မရနိုင်ဘူး။ ရှိတာကတော့ မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းပြီး တိုင်းပြည်ကို ဆင်းရဲတွင်းထဲ ပို့နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက်တော့ ပြဿနာ ရှိနိုင်တယ်။ နောက် မြန်မာစစ်အစိုးရ ရွေးကောက်ပွဲကို ထောက်ခံဖို့ အာသီသ ပြင်းပြနေတဲ့ တချို့ နိုင်ငံတကာ အစိုးရတွေ အတွက်လည်း အမေရိကန် အစိုးရရဲ့ မကျေနပ်မှုနဲ့ အသိအမှတ် မပြုမှုက ဒီအတွက် အဟန့်အတား ဖြစ်စေနိုင်တယ်။”

အမေရိကန် အထက်လွှတ်တော်မှာ ဂျင်မ်ဝက်ဘ် (Jim Webb) လို စစ်အစိုးရနဲ့ သင့်မြတ်လိုတဲ့ သဘောထားရှိသူတွေ ရှိတယ်ဆိုပေမဲ့ သူတို့ရဲ့ အရှိန်အဝါဟာ အခု လက်မှတ်ရေးထိုးကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အရှိန်အဝါကို ထိုးဖောက်နိုင်လိမ့်မယ် မဟုတ်ဘူးလို့လည်း ကိုအောင်ဒင်က သုံးသပ်သွားပါတယ်။

One comment

  • susunosuki

    April 19, 2010 at 7:11 am

    အပြောင်းအလဲကို လူတိုင်းနီးပါးစိတ်ဝင်စားတယ်
    ကောင်းမွန်တဲ့ ပြောင်းလဲမှု့ ဖြစ် ဖို့ပဲလိုတယ်

Leave a Reply