PH-Care နဲ့သန့်စင်ဖို့လိုနေတဲ့ ခင်ဗျားရဲ့မျက်နှာ

ကျန်းမာတော်မူကြပါစခင်ဗျာ…ဆိုတဲ့ ထေ့သလိုငေါ့သလိုပဋိသာရမျိုးနဲ့
သယံဇာတမကောင်းရှာတဲ့ ဦးနှောက်လေးကို ညှစ်ထုတ်ပြီး
ကဗျာတွင်းနက်ချင်ယောင် ဆောင်ခဲ့တယ်
သမိုင်းတစ်ခေတ်မှာ ကိုယ့်ကိုယ်ကိုယ်ယဇ်ပူဇော်ခဲ့ပေမယ့်
ခေတ်ပေါ်ဘဝဟာ နေသားတကျ မရှိလှဘူး။
ရိုးမဒေသက လာတယ်
သဇင်တစ်တောင်းလည်း ပါတယ်
မောင်ဥက္ကာဟာ ပင်လယ်ရောင်တောက်တောက်နဲ့
သေတစ်နေ့ မွေးတစ်နေ့လမ်းကို လျှောက်ရဲ့
အချိန်ရှိသရွေ့ သက်ပြင်းချတာ ကျွမ်းကျင်လာရဲ့။
နိုင်ငံရေးစကားတွေ ဟိတ်ကြီးဟန်ကြီးပြောရင်း
အင်တာနက်ပေါ်က မလုံ့တလုံပေါင်သားတွေကို လိင်ကိစ္စမြူဆွယ်ရင်း
၁၉လမ်းရဲ့ညနေခင်းမှာ ချီးယားစ်ပေးသံ ဂွမ်ဂွမ်ညံရင်း
ပန်းဆိုးတန်းတစ်ဝိုက်က မီးနီနီလေးလင်းနေတဲ့ ဗြူတီဆလွန်းတွေဆီ
မင်္ဂလာဈေးက အထပ်မြင့်ကေတီဗီနဲ့ နိုက်ကလပ်အပေါစားတွေဆီ
စစ်ချီတေးတစ်ပုဒ်နဲ့ ကကြိုးသီရဲ့။
ငြိမ်းချမ်းကြပါစေ………
G-Talk Account ထဲက အာရေဗျပုံပြင်များ
မျက်နှာဖုံးစွပ်တဖားဖားနဲ့ ခိုးသားငါးရာမိတ်ဆွေများ
ကင်မရာမီးရောင်တဖျတ်ဖျတ်နဲ့ အမဲလိုက်တေးသံများ
““ အား…ခင်ဗျားက HIV ဖြစ်နေတဲ့ဝံပုလွေကြီးပဲ ””
““ အေး… မင်းကလည်း ပန်းနာထနေတဲ့ ခွေးအတစ်ကောင်ပဲ””

ဒေါသကြိုးတွေ တထောင်းထောင်းပြတ်သံ ကြားရတယ်
စားကျက်ဟာလည်း တဖြည်းဖြည်း သားငါးရှားလာတယ်
ဟိုကားဒီကားတွေရောင်းတဲ့ဘဲကြီး ရဲဖမ်းသွားပြီ
ခေမီကို တင်လှုပ်ပြီးကတာ သိပ်မိုက်တာပဲ
မင်းသမီးနဲ့ သတင်းထောက်တို့အမှု ခုထိမပြတ်သေးဘူး
ဥက္ကာကိုကိုဆိုတဲ့ငနဲ အသောက်များပြီးရှောတော့မယ်တဲ့
တောအကြောင်း တောင်အကြောင်း၊ ခွေးအကြောင်း ကြောင်အကြောင်း
ဘလော့ဂါတွေအကြောင်း၊ လေထန်ကုန်းအကြောင်း
ခလောက်ဆန် အကောက်ကြံတယ်ဆိုတဲ့ လေလှိုင်းသံ လူသတ်သမားတွေအကြောင်း
အွန်လိုင်းပေါ်မှာ မောင်ဥက္ကာ စောက်ရမ်းမိုက်ရိုင်းတယ်ဆိုတဲ့အကြောင်း
အဲသလို အကြောင်းတွေနဲ့ပဲ
နှာစေးလိုက် ချောင်းဆိုးလိုက်၊ ကဗျာရေးလိုက် အိမ်သာတက်လိုက်
ခင်ဝမ်းရဲ့“နှုတ်ဆက်ခဲ့ပါတယ်”သီချင်းကိုဆိုရင်း ကျောပိုးအိတ်ကို ကောက်လွယ်လိုက်
“မကျေနပ်တာရှိရင်လည်း နေရာမှာပဲလဲသေလိုက်”
ကမ္ဘာကြီးမှာ မောင်ဥက္ကာ မိုက်လုံးကြီးလွန်းလှပါလား…..
အသိုက်မရှိတဲ့ ကျီးကန်းတစ်ကောင်လို မိုးကြားလေကြား ဟိုကြားဒီကြား ပြေးပြေးလွှားလွှား
အရက်ဆိုတာ ခါးတယ်လို့ ဆေးရုံပေါ်ရောက်မှ ထပြောတဲ့အကောင်
အကြွေးတွေထူနေတဲ့ သနားစရာ ကလေးမသာရုပ်နဲ့အကောင်
ရန်ကုန်အနှံ့တေတေပေပေနဲ့ အပေါင်းအသင်းသိပ်မက်တဲ့အကောင်
ပင်ကိုယ်စိတ်က ရိုးသားသလောက် သူခိုးမျက်လုံးနဲ့ အကျင့်လေးပဲမကောင်းတဲ့အကောင်
ငြိမ်ငြိမ်နေရင်ချစ်စရာကောင်းပေမယ့် မူးလာရင်တော့ လူတိုင်းကဆွဲထိုးသွားတာခံရတဲ့အကောင်
ကဗျာရေးသလို၊ သတင်းရေးသလို၊ ကားနံပတ်ပြားရေးသလိုလိုနဲ့
တကယ်တော့ ဘာမှမရေးသလို ဘာတစ်ခုမှလည်း အရေးမပါတဲ့အကောင်
အဲ့သလိုအကောင်တစ်ကောင်နဲ့
တစ်ဘဝတည်းအတူတူ၊ ထမင်းတစ်ဝိုင်းတည်းအတူတူ
အရက်တစ်လုံးတည်းအတူတူ၊ လိုင်းကားတစ်စီးတည်းအတူတူ
တစ်အိပ်ရာတည်းအတူတူ၊ တစ်နိုင်ငံတည်းအတူတူ
ကဗျာတစ်ပုဒ်တည်းအတူတူ ပဌာန်းဆက်ကိုမှ မသတီလှပါဘူးဆိုတော့
“ ဒီမှာ…… ဟေ့လူ….. ”
ခင်ဗျားမျက်နှာကြီးကို PH-Care နဲ့ အထပ်ထပ်သာ သန့်စင်ပစ်လိုက်။                        ။

ဥက္ကာကိုကို(သံတွဲ)

၃၀၊ စက်တင်ဘာ၊ ၂၀၁၀။
(မှတ်ချက်။ PH-Care = PH-5 အဆင့်ရှိသော အမျိုးသမီးသုံးသန့်စင်ဆေးရည်)

3 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 30, 2010 at 2:33 pm

    တော်တော်မိုက်တဲ့ အာဘော် ဘယ်လိုမန်းရမှန်းတောင် မသိဘူး
    ဆိုးချက်က ကမ်းကုန် ခွေးထက်မိုက်မဲ့ပုံရှိတယ်
    ခွေးကလေး ငါ့ကိုပေး သနားပါတယ်
    မူဆယ်လမ်းမှာ ဈေးကောင်းရတာ သူမသိဘူး
    ဟီဟိ

  • Yin Nint

    October 30, 2010 at 4:38 pm

    ဘာတွေရေးသွားလဲတော့သိဘူး အတွေးအခေါ်ကတော့မြောက်တယ်

  • kopauk mandalay

    October 30, 2010 at 4:54 pm

    ဒီလောက်ဆိုးတဲ့ကောင် PH-Care ကဈေးကြီးတယ်။
    ဓါးနဲ့သာလှီး ပစ်လိုက်ပါ မောင်ဥက္ကာရယ် ………………………
    ဒါဆိုရင်လဲပြီးရော……………………………………………………………..

Leave a Reply