ကမ္ဘာဦးအစက ခုမှရောက်လာတဲ့သီချင်း

ကျနော်က သူမကို ကလေးလေးလို့ခေါ်ရင်
သူမက အပျော်မြစ်ထဲ လက်ပစ်ကူးတယ်
ဖန်ကြိုးမျှင်ဆက်သွယ်မှုဧရိယာထဲမှာ
ကို…ဆိုတဲ့နာမ်စားကို အဆက်မပြတ်ပို့လွှတ်ပြီး
ကျနော့်စိတ်ထုထည်ကို အရည်ဖျော်ပစ်တယ်။
သူမနဲ့ကျနော်က ရုပ်သေးတွေမဟုတ်ဘူး
ဘယ်သူ့ကို ဘယ်သူမှ ကြိုးဆွဲမခံကြဘူး
ဒါပေမယ့် သူမနဲ့ကျနော့်ကြားမှာ ကြိုးတစ်ချောင်းရှိရဲ့
ပြတ်လိုက် ပြန်ဆက်လိုက်နဲ့ ဆက်ထုံးများတဲ့ကြိုးလေးပေါ့။
အိုဘားမားနဲ့ကျနော် ဘီယာချိန်းသောက်တာကို သူမ မကြိုက်ဘူး
ရိန်းနဲ့သူမ တွဲကမှာကို ကျနော်မလိုလားဘူး
အဲဒီလို အကြောင်းတရားလေးတွေက အကျိုးတရားတွေဖြစ်လာတဲ့အခါ
သူမ ငိုတယ်
ကျနော် တက်ခေါက်တယ်……
သူမက ကျနော့်ရဲ့ နိုင်ငံရေးသတ္တဝါ
ကျနော်က သူမရဲ့ မော်ဒန်အချစ်ဟာသဝတ္တု
ဘယ်သူမပြုမိမိမှုတွေကြားမှာ ဘယ်သူမှမပြု အလိုလိုပြုလာတဲ့
ပြု ဖြစ် ပျက် တွေအကြောင်း
သူမကို နားမချခဲ့လို့ သူမက ကျနော့်ကို နားမဝင်ခဲ့ဘူး
ချစ်တယ်…မုန်းတယ်…လွမ်းတယ်… ပြီးတော့မှ…ချစ်တယ်(၉၉ကြိမ်)
နောက်တစ်ကြိမ်က ကျနော့်ရင်ဘတ်ထဲက ဝှက်ဖဲ
ရင်လွဲငှက်လေး နေကောင်းပါစေ။
အဲသလိုနဲ့
သူမ မျက်မှန် ပါဝါများတယ်
ကျနော့်အာရုံကြောတွေ အားမကောင်းတော့ဘူး
သူမ လမ်းတွေရှည်လျားလွန်းတယ်
ကျနော်ခြေထောက်နာနေလို့ မလျှောက်နိုင်ဘူး
ကျနော့်အကြောင်းတွေ သူမ အရမ်းသိချင်တယ်
သူမ ဂျီတော့ခ်အကောင့်တွေကျနော့်ကိုမပေးဘူး
သူမ အကျီ င်္တချို့ လည်ပင်းဟိုက်နေတယ်
ကျနော် မကြိုက်ဘူး။
ကျနော်လိုက်လေလေ သူမက ပြေးလေလေ
နောက်တော့လည်း စိန်ပြေးလိုက်တမ်းကစားနည်းကို ရွံ့လာတယ်
တကယ်တော့ သူမက ကျနော့်ရဲ့ပြက္ခဒိန်
အချိန်မသိဘူး နေ့စွဲမရှိဘူး ဘာလမှန်းမေ့နေတယ်ဆိုပေမယ့်
သူမ ကိုမြင်တိုင်း ရင်ဘတ်ထဲမှာနှိုးစက်သံတွေ
ကမ္ဘာပျက်ညလို စီစီညံတယ်။
လိမ်မာစမ်းပါ ကလေးလေးရေ……
ကံကြမ္မာက မကျွမ်းကျင်တဲ့ မျက်လှည့်ဆရာကွယ့်
အမှားမှားအယွင်းယွင်းတွေလည်း ခဏခဏ မကြာမကြာ
သာယာတဲ့နေ့ကို ရှည်လျားချင်တယ်
သူမ ချစ်တဲ့ခွေးရုပ်လေးတွေ နေကောင်းပါရဲ့လား
အင်းလျားလမ်းအတိုင်း သူမကိုလိုက်ပို့ရင်း
ကြယ်စက်ပြောက်တွေ တဝင်းဝင်းကြွေတယ်
ကျနော့် အိပ်မက်တွေ တဖြုတ်ဖြုတ်သေတယ်
ကျနော်စိုက်ပျိုးတဲ့ ဂျုံခင်းလှလှကြားမှာ
သူမ ပျော်ရွှင်လင်းပစွာ ဆော့ကစားပါစေ။
မဖြစ်ထွန်းမအောင်မြင်သေးတဲ့ ကဗျာရိုင်းတွေကြားက
မည်းညို့သော တိမ်စိုင်တိမ်ထုများ
နားဝင်ခါးသီးသော စန္ဒရားကြွက်လျှောက်ဂီတများ
တနင်္ဂနွေသားဖြင့် ထုဆစ်ထားသော သချို င်္င်းမှတ်တိုင်များ
တစ်နေ့မှာ ကျနော်သွားရမယ် ကလေးလေးရေ…..
ခုတော့ …. ဝင့်ကြွားမှုတလူလူနဲ့
ကျနော့်လက်မောင်းကို သူမ ဖျစ်ညှစ်တတ်လာတယ်
ခုတော့ …. အသစ်အသစ်သော စိန်ခေါ်မှုတွေနဲ့
မြူခိုးဝေတဲ့လမ်းကြမ်းတွေကို သူမ နမ်းရှိုက်တတ်လာတယ်
နာပျော်ဖွယ်ခေါင်းလောင်းသံနဲ့ ကျနော့်ရဲ့ဝတ်ပြုသံတွေအောက်မှာ
သူမ… ဘေးကင်းပါစေသား။             ။

ဥက္ကာကိုကို(သံတွဲ)

18.8.2010