ယုန် ပုံပြင်

kaiOctober 30, 20101min2108

ယုန် ပုံပြင်

တခါတုန်းက တောအုပ်လေးတခုမှာ ယုန် အသိုင်းအဝိုင်းလေး တခုရှိတယ်။ သူတို့တတွေက အေးအေးချမ်းချမ်းလေး နေပြီး တောအုပ်ထဲက တခြားတောကောင်တွေနဲ့လဲ မရောပဲ သီးခြားလေးနေလေ့ရှိတယ်။ ဒါပေမယ့် တောအုပ်ထဲမှာ ဖြစ်ပျက်နေတာတွေကို လုံးဝ မျက်ချေပြတ်နေတာတော့ မဟုတ်ဘူး။ ဟိုးနား၊ ဒီနားတောလည်သွားရင်း ကြားလာရတဲ့ သတင်းတွေကို ယုန်လေးတွေ အချင်းချင်း ပြန်မျှဝေတတ်ကြတယ်။ ယုန်လေးတွေ ပြောနေတာကို နားထောင်ပြီး၊ ယုန် ဖိုးဖိုး၊ ဖွားဖွားကြီးတွေက အကဲဖြတ် သုံးသပ်ချက်တွေ ပေးတတ်ကြတယ်။ ယုန်လေးတွေကလဲ ပညာရှိ ဖိုးဖိုး၊ ဖွားဖွားကြီးတွေရဲ့ စကားလုံးတွေကို တလေးတစားနဲ့ နားထောင်တတ်ကြတယ်။ ဒါပေမယ့် ယုန်လေးတကောင်ကတော့ ဒီလို မဟုတ်ဘူး။ ဖိုးဖိုးတို့ တွေးတာတွေက တကယ့်လက်တွေ့နဲ့ ကိုက်မှာ မဟုတ်ဘူးလို့ အမြဲသံသယ ရှိနေတတ်တယ်။ ပညာရှိများ တွေးကြည့်ရင်၊ ပြေးကြည့်တာထက် မှန်တယ် ဆိုတာကို ယုန်လေးက လုံးဝ လက်မခံဘူး။ ပြေးကြည့်မှ တကယ်သိမှာပေါ့လို့ အမြဲတွေးနေတတ်တယ်။

ဒီလိုနဲ့ တနေ့တော့ ယုန်အသိုင်းအဝိုင်းလေးကို စွန့်ခွာပြီး တောနက်ကြီးထဲကို ယုန်ကလေး ထွက်လာခဲ့တယ်။ တောနက်ထဲ ရောက်ပြီး မကြာခင်မှာပဲ တနေရာမှာ တောကောင်တွေ စုဝေးနေတာတွေ့လို့ အပြေးအလွှားသွားကြည့်လိုက်တယ်။ တောကောင်လေးတွေက ကြမ်းပိုးလေး တကောင်ကို လိပ်ပါဆိုပြီး တကောင်က အဆိုတင်သွင်းလိုက်၊ တကောင်က ထောက်ခံလိုက်နဲ့ လုပ်နေကြတယ်။ ဒါနဲ့ ယုန်ကလေးလဲ မနေနိုင်ပဲ သူတို့ထင်နေကြတဲ့ လိပ်ကလေးဟာ ကြမ်းပိုးလေး ဖြစ်ကြောင်း ပြောလိုက်မိတယ်။ မကြာပါဘူး။ သူတို့ကို ဝင်နှောင့်ယှက်တယ်ဆိုပြီး တောကောင်တွေက သွားဖြီးပြီး ဝိုင်းလိုက်ကြလို့ ယုန်ကလေးခမျာ သုတ်ချေတင်ရပါလေရော။

ပြေးရင်းလွှားရင်းနဲ့ သစ်ပင်တပင်ကို တွေ့တာနဲ့ အမောပြေဆိုပြီး သစ်ပင်ကြီးရဲ့ အရိပ်မှာ ဝင်ခိုလိုက်ရတယ်။ မကြာပါဘူး။ သစ်ပင်ပေါ်က တောကြောတကောင်က ခုန်ဆင်းလာပါလေရော။ ဒီသစ်ပင်က သူပိုင်တဲ့ သစ်ပင်မို့ သစ်ပင်နားကို မကပ်နဲ့လို့ ယုန်ကလေးကို ပြောတယ်။ ယုန်ကလေးက မောလွန်းလို့ ခဏနားပါရစေဆိုတော့ သူ့ကို ရွှေကျားကြီးလို့ ခေါ်ရင် နေခွင့်ပေးမယ် ဆိုပဲ။ တောကြောင်ကြီးကို မြင်ရက်နဲ့ ရွှေကျားကြီးလို့ ခေါ်ဖို့ ဆိုတာကလဲ မလွယ်တာမို့ ယုန်ကလေးလဲ စိတ်ပျက်လက်ပျက်နဲ့ သစ်ပင်အောက်က ထွက်လာခဲ့တော့တယ်။

ဒီလိုနဲ့ မလှမ်းမကမ်းရောက်တော့ တီကောင်လေးတကောင်ကို တွေ့ပြန်ရော။ တီကောင်ကလေးက မြွေအဖွဲ့ဖွဲ့ဖို့ နှိုးဆော်နေတယ်ဆိုပဲ။ ယုန်ကလေးကိုလဲ မြွေအဖွဲ့ရဲ့ အတိုင်ပင်ခံ ယုန်ပညာရှိလေး လုပ်ဖို့ တီကောင်လေးက ကမ်းလှမ်းတယ်။ ယုန်ကလေးလဲ စိတ်ဝင်စားသွားပြီး တီကောင်လေး ခေါ်သွားတဲ့ မြွေအဖွဲ့ဝင်လောင်းတွေဆီကို လိုက်သွားမိတာပေါ့။ ဒါပေမယ့် မကြာပါဘူး။ ယုန်ကလေး စိတ်ပျက်လက်ပျက်နဲ့ ပြန်ထွက်လာခဲ့ရတယ်။ မြွေအဖွဲ့ဖွဲ့ချင်နေတာတွေက မြွေတွေ မဟုတ်ပဲ တီကောင်တွေပဲ ဖြစ်နေတာကိုး။

တီကောင်တွေဆီက ပြန်လာရင်း ယုန်ကလေး စိတ်ညစ်နေရတယ်။ ဘယ်လိုတောကြီးမှန်းလဲ မသိ။ တောကြောင်ကလဲ ရွှေကျားဖြစ်ချင်လိုဖြစ်၊ တီကောင်တွေကလဲ မြွေအဖွဲ့ ဖွဲ့ချင်တယ် ဆိုပါလား။ စိတ်ညစ်ညစ်နဲ့ တောနက်ထဲကနေ ထွက်လာလိုက်တာ စားကျက်မြေနား ရောက်သွားပြန်တယ်။ အဲဒီမှာ သိုးလေးတွေကို တွေ့လိုက်ရတာကြောင့် ယုန်ကလေး ပျော်သွားတယ်။ သိုးလေးတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ ခေါင်းဆောင်တင်မြှောက်ပွဲ ကျင်းပနေကြတယ်။ သိုးလေးတွေရဲ့ ခေါင်းဆောင်ကို ယုန်ကလေးက သေချာလိုက်ကြည့်နေမိတယ်။ ကြည့်နေရင်းနဲ့ လန့်သွားပြီး ထခုန်မိပါလေရော။ ခေါင်းဆောင်ဆိုတာက သိုးရေခြုံထားတဲ့ ဝံပုလွေကြီးပါလား။ ဒါဆို သိပ်မကြာခင်မှာ ဝံပုလွေကြီးက သိုးလေးတွေကို စားပစ်တော့မှာပဲ။ သိုးလေးတွေအတွက် စိုးရိမ်ပြီး ယုန်ကလေးက ခုန်ဆွဆွနဲ့ သတိပေးစကားတွေ လှမ်းပြောတယ်။ ဒါပေမယ့် ယုန်ကလေးစကားကို ဘယ်သိုးလေးကမှ နားမထောင်ကြဘူးလေ။ ဒါနဲ့ပဲ စိတ်ပျက်လက်ပျက်နဲ့ တောထဲ ပြန်ဝင်ခဲ့တော့တယ်။

မကြာပါဘူး။ ရေချောင်းလေး တခုနားကို ယုန်ကလေး ရောက်သွားပြန်ရော။ ရေချောင်းလေးမှာ ရွှေသမင်လေးတကောင်က ရေသောက်ဆင်းနေလေရဲ့။ ရွှေသမင်လေးက သိပ်လှတာကြောင့် ယုန်ကလေးလဲ ငေးနေမိတာပေါ့။ အဲဒီအချိန်မှာ ရွှေသမင်လေးနားကို မုဆိုးကြီးတယောက် ရောက်လာတယ်။ မြားကြီးနဲ့လဲ ချိန်ထားလိုက်သေးတယ်။ ယုန်ကလေး လန့်သွားပြီး၊ ရွှေသမင်လေးကို အော်ဟစ်သတိပေးမိတယ်။ မုဆိုးကြီးလာနေပြီလို့။ ရွှေသမင်လေးက ဂရုမစိုက်ဖူး။ ငါ့ရဲ့ အဂါင်္အဆင်းကြောင့် မုဆိုးကြီးက တကယ် သတ်မှာ မဟုတ်ပါဘူး။ ကျီစားတာ နေမှာပါတဲ့။ ကိုယ့်ကိုကိုယ် အဟုတ်ကြီးထင်ပြီး၊ မြားနဲ့ချိန်ထားတဲ့ မုဆိုးကြီးကို အထင်သေးနေတဲ့ ရွှေသမင်လေးကို ကြည့်ရင်း ယုန်ကလေးက သနားနေမိတယ်။ မကြာခင်မှာ မြားတန်းလန်းနဲ့ အသက်ထွက်ရတော့မှာပါလား။ မကြည့်ရက်တာနဲ့ ယုန်ကလေး ပြေးထွက်လာခဲ့တယ်။

ခြေဦးတည့်ရာကို ပြေးထွက်လာတဲ့ ယုန်ကလေးဟာ တောနက်ထဲမှာ တရှူးရှူးတရှားရှား လုပ်နေတဲ့ တောဝက်ကြီးတကောင်နဲ့ သွားတိုးပါလေရော။ တောဝက်ကြီးက ဒေါသတွေ အရမ်းထွက်နေတယ်။ သူ့တောဝက် မိသားစုလေးကို ဖြိုခွဲသွားတဲ့ မုဆိုးကြီးကို လက်စားချေမလိုတဲ့။ ဒေါသနဲ့ တိုက်ပွဲဝင်ရင် ရှုံးတတ်တာကြောင့် ဒေါသတွေကိုလျှော့လို့ ယုန်ကလေးက ဖြောင့်ဖြရတာပေါ့။ ဒါပေမယ့် တောဝက်ကြီးက ယုန်ကလေးပြောတာကို နားမလည်ဘူး။ သူ့ဘက်က လိုက်ပြောတာကိုလဲ ပြောတယ်လို့ မတွေးတတ်ဘူး။ မုဆိုးဘက်ကို ဘက်လိုက်တယ်ဆိုပြီး ယုန်ကလေးကို ပြဿနာရှာပါလေရော။ ဒါနဲ့ ယုန်ကလေးလဲ တောဝက်ကြီးနားက ပြေးထွက်ခဲ့ရပြန်တယ်။

မကြာပါဘူး။ တောကောင်တွေ စုဝေးနေကြတာ တွေ့တော့ မနေနိုင်၊ မထိုင်နိုင်နဲ့ အနားကပ်သွားမိပြန်တယ်။ တောကောင်တွေ စုပြီး တောဘုရင် ရွေးပွဲ လုပ်နေကြတာပါကလား။ လည်ဆံဖွားဖွားနဲ့ ခြသေ့င်္ကြီးက ဟန်ရေးပြနေတယ်။ သူ့ပါးစပ်မှာလဲ တောကောင်တွေကို ကိုက်ဖြတ်ထားတဲ့ သွေးစတွေနဲ့။ တောကောင်လေးတွေလဲ ကြောက်ကြောက်လန့်လန့်နဲ့ သူ့ကိုပဲ တောဘုရင် တင်မြှောက်လိုက်ကြရတယ်။ အဲဒီအချိန်ထိလဲ ခြသေ့င်္ကြီးက ဟိန်းဟောက်နေတုန်းပဲ။ ခြသေ့င်္ကြီးကို ယုန်ကလေးက အရမ်းမုန်းသွားတယ်။ တောကောင်လေးတွေကိုလဲ သနားမိတယ်။ တောကောင်လေးတွေ ခြသေ့င်္ကြီးလက်က လွတ်ဖို့ ခြသေ့င်္ကြီးထက် အကောင်ကြီးတဲ့ ဆင်ကြီးကို သွားခေါ်မှ ဖြစ်မယ်လို့ တွေးလိုက်မိတယ်။

ဒါနဲ့ ဆင်ကြီးကို ရှာဖို့ ယုန်ကလေး ထွက်လာခဲ့တယ်။ ဆင်ကြီးကို တောအနှံ့လိုက်ရှာတာ မတွေ့ဘူး။ လယ်ကွင်းတွေဘက် ထွက်သွားတယ် ဆိုတာနဲ့ အပြေးအလွှား လိုက်ရပါလေရော။ ဒါပေမယ့် ဆင်ကြီးကို လယ်ပြင်မှာ တွေ့ရတော့ ဆင်ကြီးနားကို ယုန်ကလေး မကပ်ရဲတော့ဘူး။ လယ်ပြင်မှာက ဆင်ကြီးတကောင်ထဲမှ မဟုတ်တာပဲ။ ကျားကြီးလဲ ရှိသေးတယ်။ ဆင်ကြီးနဲ့ ကျားကြီးက လယ်ပြင်မှာ တွေ့ပြီး တကောင်နဲ့ တကောင် တိုက်ခိုက်နေကြတယ်။ ဘာလို့ တိုက်နေကြတာလဲလို့ အနီးအနားက တောကောင်လေးတွေကို ယုန်လေးက လိုက်မေးကြည့်တာပေါ့။ ဒါပေမယ့် အဖြေကိုကြားရတော့ ယုန်ကလေး ပက်လက်လန် လဲကျသွားတယ်။ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့နေရတဲ့ အကြောင်းက တောဘုရင်ရွေးပွဲမှာ ခြသေ့င်္ကို ဘယ်သူတိုက်ခိုက်မှာလဲဆိုတာကို ငြင်းခုန်ရင်း တိုက်နေကြတာတဲ့။ တောဘုရင်ရွေးပွဲကတော့ ပြီးသွားပြီ။ ခြသေ့င်္ကြီးကလဲ တောဘုရင် ဖြစ်နေပြီ။ ကျားနဲ့ဆင်က တိုက်လို့ ကောင်းနေကြတုန်း။

ပက်လက်လှန်ပြီး ယုန်ကလေး ငိုကြွေးနေမိတယ်။ တောဘုရင် ရွေးပွဲက ပြီးသွားပြီလို့ တတွတ်တွတ် ရွတ်ရင်းနဲ့ပေါ့။ ဒါပေမယ့် ယုန်ကလေးကို ဘယ်သူကမှလဲ ဂရုမစိုက်ကြပါဘူး။ အနီးအနားက တောကောင်တွေက ကျားကြီးနဲ့ ဆင်ကြီးကို ကြည့်ပြီး ဘယ်သူနိုင်မလဲလို့ ဟောကိန်း ထုတ်နေကြတုန်းပဲ။

ခင်မမမျိုး (၃၀၊ ၁၀၊ ၂၀၁၀)

8 comments

  • bigcat

    October 31, 2010 at 1:09 am

    ဘက်မလိုက်တမ်း ဝေဖန်ရရင်တော့ တောကြောင်ကြီး ပဲမှန်တယ်။ ဘာလို့လည်းဆိုတော့ သူကကျားရဲ့ ဆရာဖြစ်ခဲ့တဲ့ မှတ်တမ်းမှတ်ရာရှိတာကိုး။ ကျန်တာတွေကတော့ စာရင်းမရှိအင်းမရှိတွေပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 31, 2010 at 3:51 am

    (ခြသေ့င်္ကြီးကလဲ တောဘုရင် ဖြစ်နေပြီ။ ကျားနဲ့ဆင်က တိုက်လို့ ကောင်းနေကြတုန်း။)
    အမြင်ခြင်းတော့ တူခြင်မှတူမယ်
    ကြက်ဖွတ်က မပြိုင်ဘဲနှင့်ကို နိုင်နေတာကို သိရဲ ့သားနဲ ့( ကျားတွေဆင်တွေနဲ ့ဥပမာပေးတာက ဘယ်တရားမလဲဗျာ ဖြစ်သင့်တာက ကျွဲနှင့်နွားပါ)
    ခင်ဗျားတို ့သာ တရားမမျှတ တာကို သိရက်သားနဲ ့ ဝင်မပြိုင်ရင်
    ခြင်္သေ့ဆိုတဲ့ကောင်က ခြင်္သေ့ဘဲ ခုတော့ ခင်ဗျားတို ့က အတောင်ပံတွေရော ဂျိုတွေရောတပ်ပေးလိုက်တော့
    ခင်ဗျားတို ့အမေလင်ကို ခင်ဗျားတို ့ဘဲ နာမည်တပ်ကြပေတော့
    ယှဉ်ပြိုင်အမတ်လောင်းတို ့ရေ…………….

    • bigcat

      October 31, 2010 at 3:56 am

      ကိုအောင်ပု ခင်ဗျားရေးတာဆင်ခြင်ဗျာ။ အခုပြိုင်ကြမဲ့ အထဲမှာ ကျုပ်ပိုက်ဆံထုတ်ပေးထားတဲ့ အမျိုးတွေပါတယ်ဗျ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 31, 2010 at 5:28 am

    ဟုတ်လား တိဝူး
    နှစ်ဖက်ချွန် လုပ်ကြည့်တာ ဘယ်လိုနေမလဲလို ့
    ယားကျိယားကျိနဲ ့ ချိုးဘူး

  • ဆူး

    October 31, 2010 at 5:45 am

    ယုန် သူငယ် ဘိုးဘိုးဖွားဖွား ပြောတဲ့ စကားဘဲ နားထောင်ပြီး လိမ်လိမ်မာမာ အိမ်မှာဘဲနေတော့မယ်.. မဟုတ်ရင် မောနေမှာ စိုးလို့

  • kopauk mandalay

    October 31, 2010 at 8:11 am

    ရှေးအဖိုးအဖွားထားခဲ့တဲ့စကား မေ့မထားပါနဲ့
    ပိုနေမြဲ ကျုုုုုားနေမြဲပါတဲ့ခင်ဗျာ။

  • kai

    October 31, 2010 at 10:36 am

    ပါးနပ်ပရိယယ်ကြွယ်ရင်. … ဖားကခြင်္သေ့ကို နိုင်တဲ့ပုံပြင်ရှိဖူးပါတယ်..။
    ယုန်ကလေးကလည်း ခြင်္သေ့ကိုနိုင်အောင် ဘယ်သူ့အကူမှမခေါ်ပဲ ကိုယ်တိုင်ကိုယ်ကျလုပ်ရင်ဖြစ်မှာပါ..။

    ဒါပေမဲ့ ဗမာလူမျိုးတွေက .. ရှေးကဖတ်ဖူးတဲ့ပုံပြင်တခုဖြစ်တာနဲ့ ပိုနီးစပ်တာမျို းသိပ်လုပ်တတ်ကြတယ်..။
    နဂျီကောင်နဲ့ မြွေပုံပြင်ပါ။
    နားထဲဝင်ဒုက္ခပေးနေတဲ့ နဂျီကောင်ကိုလက်စားချေတဲ့အခါမျိုးမယ်.. မြွေဟာ နဂျီကောင်သေအောင်ဆိုပြီး လာနေတဲ့လှည်းအောက် ခေါင်းဝင်ကြိတ်ခံတာမျိုးပေါ့။

  • ဆူး

    October 31, 2010 at 10:52 am

    ဆင်ဘယ်လောက် အကောင်ကြီးကြီး ကြွက်တော့ ကြောက်တယ်.. သူ့ အထာနဲ့ သူရှိတာဘဲ.. သဘာဝကြီး ရဲ့ လျှို့ဝှက်ချက်တွေ ဖော်ထုတ်နိုင်ဖို့ဘဲ အရေးကြီးတာ..

Leave a Reply