” မလွမ်းစကောင်း လွမ်းစကောင်း -ရှေးတုန်းက မန်းတလေး အပိုင်း(17)”

မန္တလေးမြို့ လေးပြင်လေးရပ်မှာ ရှေးကတည်းက ကုသိုလ်ရှင်များက လှူဒါန်းခဲ့ကြတဲ့ ဘုန်းကြီးကျောင်းတွေအများကြီး ရှိပါတယ်။
ဒီကျောင်းတွေမှာဘုရားသားတော်များဖြစ်ကြတဲ့ သံဃာတော်ပေါင်းမြောက်များစွာ သီတင်းသုံးနေထိုင်တော်မူကြပါတယ်။
ဒီသံဃာတော်များကလည်း အနယ်နယ်အရပ်ရပ်ကနေ မန်းလေးမြို့ကို အကြောင်းကိစ္စအမျိုးမျိုးနဲ့ လာရောက်လို့သီတင်းသုံးကြတာဖြစ်ပါတယ်။
စာဝါလာလိုက်တဲ့သံဃာတော်(ဘာသာရေးဆိုင်ရာ စာတွေလာသင်တဲ့သံဃာတော်)များကတော့ မိမိပညာသင်ကြားတဲ့အခါမှာ လိုအပ်တဲ့စာအုပ်စာတန်းတွေ နဝကမ္မအတွက် လှူဒါန်းမယ့် ဒကာ ဒကာမ များကို ကိုယ့်ဒေသက အသိမိတ်ဆွေများက ဖြစ်ဖြစ် မန်းလေးမှာစာဝါ လိုက်သွားဘူးတဲ့ သံဃာတော်ကဖြစ်ဖြစ် တစ်ဆင့်ဆက်သွယ်ပေးလိုက်တဲ့သူများကို မန်းလေးမြို့ခံအိမ်ကို ရှာဖွေလို့ ဆွမ်းဖိတ် ကြရပါတယ်။
တကယ်တန်းပြောရရင် မန်းလေးမြို့မှာ သီတင်းသုံးနေကြတဲ့ သံဃာတော်များအတွက် နေ့စဉ် ဆွမ်းကိစ္စက သိပ်ခက်ခဲတဲ့ထဲမှာတော့ မပါ ပါဘူး။
ရပ်ကွက်တိုင်းတိုင်းရပ်ကွက်တိုင်းမှာ မနက်အာရုံတက်က စလို့ ဆွမ်းချက် အိမ်ရှေ့ထွက်ဆွမ်းလောင်းကြတဲ့အိမ်တွေများပါတယ်။
ဒါတင်မကသေးဘူး ဥပုသ်နေ့မျိုးမှာဆိုရင် အချို့သောရပ်ကွက်များက ထူထောင်ထားတဲ့ ဘုံဆွမ်းလောင်းသင်းလေးတွေကနေ ဆွမ်းတန်းလောင်းတာရှိသလို အရုဏ်ဆွမ်းကပ်ကြတာလဲရှိပါတယ်။
ဒါကတော့ ဆွမ်းခံထွက်လာတဲ့ သံဃာတော်တိုင်းကို ဆက်ကပ်တာပါ။
အချို့သောအိမ်များကတော့ ” ထိုင်ကိုယ်တော်” လို့ခေါ်တဲ့ ကိုယ်အိ်မ်မှာကိုယ် သီးသန်ပင့်ထားတဲ့ သံဃာတော် တစ်ပါးကနေ သုံးလေးပါးထိရှိတတ်ကြပါတယ်။
သာမန်ဆွမ်းခံကြွတဲ့ ကို်ယ်တော်များကိုတော့ ဆွမ်းသက်သက်ဘဲဖြစ်ဖြစ် တစ်ခါတစ်ရံဆွမ်းဟင်းပါ ဖြစ်ဖြစ် ကသပိတ်ထည်း ဆွမ်းဟင်းခွက်ထဲကို အိမ်ရှေ့မှာတင်လောင်းလိုက်ပါတယ်။
ထိုင်ကိုယ်တော် များကိုတော့ အိမ်ထဲကိုပင့် နေရာထိုင်ခင်းပေးလို့ လက်ဖက်ရည် ကော်ဖီ မုန့်တွေကပ်တာရှိသလို သီးသန့်နေ့စဉ်ဆွမ်းဟင်းပါ ပါအောင် ဆွမ်းလောင်းတတ်ပါတယ်။
ဒီထိုင်ကိုယ်တော်များထဲမှာ စာဆက်သင်နေ စာဝါလိုက်နေတဲ့ ဦးဇင်းတွေ ပါခဲ့ရင် လိုအပ်သမျှတွေကို ဒီ ဒကာ ဒကာမတွေကဘဲလိုအပ်သမျှတွေကို လှူဒါန်းကြပါတယ်။
ဒီလိုမျိုးလေးတွေရှိနေတော့ မန်းလေးမှာ က သံဃာတော်တွေနဲ့ လူတွေကြားမှာ မမြင်ရသော ကြိုးလေးတစ်ချောင်းကတော့ နှောင်ဖွဲ့နေတာအမှန်ပါဘဲ။
ဒါကြောင့်မန်းလေးမှာဘယ်နေရာမှာ မီးလောင်လောင် သံဃာတော်များက အမြဲရောက်လာတတ်ကြပါတယ်။
မီးလောင်တယ်ဆိုလို့ကတော့ နေ့လောင်လောင် ညလောင်လောင် သံဃာတော်များရောက်လာပြီး အတင်းဝင်ရေတွေပက် ဖျက်တန်ဖျက်နဲ့ သာမန်လူတွေမလုပ်နိုင်တာကို ဝင်လို့ ဆောင်ရွက်ကြတာကတော့ အမှန်ပါဘဲ။
ပြီးပြန်ရင်လဲ မီးဘေးဒုက္ခသည်များကို ကျောင်းဝိုင်းတွေထဲမှာနေရာချထားပေးပြီးစောင့်ရှောက်ကြရပြန်ပါတယ်။
ရေတွေကြီးတယ်ဆိုရင်လဲ သဲအိတ်တွေချတာ လူတွေကို ရေလွတ်ရာ ရောက်အောင်ကူညီ ဘို့အတွက် စီစဉ်ကူညီပေးကြပါတယ်.
သီတင်းသုံးတဲ့ကျောင်းအနီးမှာ လေတိုက်လို့ သစ်ပင်တွေလဲတယ် လမ်းတွေပိတ်တယ်ဆိုလဲ အမြင်မတော်တာကို ကြည့်မနေဘဲ ဦးဆောင်လို့ ဆောင်ရွက်ပြန်ပါတယ်။
ဒါကြောင့်လဲမန်းလေးမှာ သံဃာတော်များနဲ့ ဒကာ ဒကာမ များကြားမှာ မမြင်ရသော ကြိုးလေးတစ်ချောင်းရှိတယ်လို့ တင်စားတာပါ။

တကယ်တမ်း ပြောရမယ်ဆိုရင် ဟိုအရင် ကျနော်တို့ကျောင်းသားဘဝတုံးကပေါ့ မန်းလေးမှာ ရုတ်တရက်ဖြစ်ပေါ်တတ်တဲ့ ကားတိုက်တာ လူရေနစ်သေတာတို့ ဖြစ်လာခဲ့ရင် ကူညီဆောင်ရွက်ပေးတဲ့အသင်းဆိုတာ (26-27)လမ်းကြား 82လမ်း ကြက်တန်းမှာရှိတဲ့ အစ္စလမ်ဘာသာဝင်များထူထောင်ထားတဲ့ (နိဗ္ဗာန်ဆော်အဖွဲ့)ရှိပါတယ်။
တစ်ခါက(1971-72လောက်ဖြစ်မယ်ထင်ပါတယ်။)ကျောက်တော်ကြီးဘုရားပွဲနောက်ဆုံးနေ့ မနက်ငါးနာရီလောက်မှာ ဘုရားပွဲနဲ့မြျိ့ထဲကို တစ်ညလုံးမောင်းထားတဲ့ အမှတ်(10)လိုင်းကားကိုမောင်းလာတဲ့ ကားဆရာက အိပ်ချင်မူးတူးနဲ့မောင်းလာပြီး 26ဘီလမ်းနဲ့လမ်း80ဒေါင့်လမ်းလေးခွမှာ တောင်ဘက်ကနေမြောက်ဘက်ကို လမ်းဖြတ်ကူးလာတဲ့ (မနက်ခင်းကျန်းမာရေးအတွက်လမ်းလျျောက်ထွက်လာတဲ့ သူ)တရုပ်အဖိုးကြီးတစ်ယောက်ရယ် လမ်းမြောက်ဘက်ဒေါင့်က သစ်ပင်အောက်မှာ
ထိုင်နေတဲ့စိတ်မနှံ့တဲ့သူတစ်ယောက်ရယ်ကို ဝင်တိုက်မိပါတယ်။
တရုပ်အဘိုးကြီးက လမ်းလယ်ခေါင်မှာ နောက်တစ်ယောက်ကတော့ သစ်ပင်အောက်မှာ ပွဲချင်းပြီး သေသွားပါတယ်။
လမ်းပေါ်မှာပိုးလိုးပက်လက် သွေးတွေက မြင်မကောင်းအောင်မြင်မကောင်းအောင်စီးထွက်လို့ပေါ့။
သစ်ပင်အောက်ကလူက ကျိုးသွားတဲ့ ပေါင်အရိုးက အသားကိုဖောက်ပြီး အပြင်ကိုထွက် မမြင်ရက်စရာပါ။
သက်ဆိုင်ရာဆေးရုံကိုခေါ်ပေမယ့်အတော်ကြာအောင်ရောက်မလာတော့ တစ်ယောက်က စက်ဘီးနဲ့သွားတဲ့ပြီး (နိဗ္ဗာန်ဆော်အဖွဲ့)ကိုသွားခေါ်တာခဏနေတော့ ဆေးအစိမ်းရောင်သုတ်ထားတဲ့ ကားလေးရောက်လာပြီးမြင်မကောင်းတဲ့ အလောင်းတွေကိုသယ်သွားပါတယ်။
အဲဒီကတည်းက ရလိုက်တဲ့အတွေးလေးက တော့ လူတွေတကယ်အခက်အခဲဖြစ်တဲ့အချိန်မှာ စိတ်ရင်းစေတာနာကောင်းနဲ့ ကူညီတဲ့လူတွေသည်အလွန်လေးစားစရာကောင်းတယ်ဆိုတာပါဘဲ။
အဲဒီကမှ သတိထားကြည့်မိတော့ အရေးအကြောင်းဖြစ်တယ် ဒီလိုကိစ္စမျိုးပေါ်တယ် နာရေးကိစ္စရှိတယ်ဆိုရင် ဒီကားအစိမ်းလေးနဲ့အဖွဲ့ကိုဖြစ်တဲ့နေရာတိုင်းနီးပါးလောက်မှာတွေ့ရပါတယ်။
ကျနော်မှတ်မိသလောက် အဲဒီအချိန်တုံးက ဒီလို နာရေးကူညီတဲ့အသင်းက ဒီတစ်သင်းထဲဘဲ ရှိသေးတယ်ဆိုတာကိုပါ။
နောက် 1973လောက်မှာ မန်းလေးမြို့ 81လမ်း (24-25)လမ်းကြားမှာနေတဲ့ ရုပ်ရှင်သရုပ်ဆောင် ဦးကံထူးရယ် ပြည်ကြီးကျက်သရေအရှေ့အရပ်က လူကြီးလူငယ်တွေရဲ့စိတ်ထဲမှာ
ဒီလိုအသင်းမျုးိတစ်ခုတော့ ငါတို့ မြန်မာဗုဒ္ဓ ဘာသာလူမျိုးအနေနဲ့လည်းရှိသင့် တယ်လို့ယူဆတဲ့အတွက် နာရေးကူညီမူ့အသင်းလေးကို တည်ထောင်ခဲ့ကြပါတယ်။
ဖြစ်ချင်တော့ ဒီအသင်းလေးထောင်ပြီလို့ မကြာခင်မှာဘဲ တိုက်ဆိုင်ချင်တော့ ပထမအိ်မ်က လူတစ်ယောက်ကွယ်လွန်လို့ ရက်လည်တဲ့နေမှာ တစ်အိမ်ကထပ်ပြီး နာရေးဖြစ်ပြန်ရော၊
အဲဒီတုံးက ဒီလိုဆက်တိုက်လေးငါးအိမ်လောက်လဲ နာရေးဖြစ်ရော ဒီအသင်းလေးလည်း အော်တိုမက်တစ်ပျက်သွားပြန်ပါတယ်။
ဒီအသင်းပေါ်လာလို့ ဒီလိုဖြစ်တယ်လို့ အယူသီးသူများက ကန့်ကွက်တဲ့အတွက် အသင်းဖျက်ပေးလိုက်ရတာဖြစ်ပါတယ်။
အခုအချိန်မှာတော့ မန္တလေးမြို့မှာ ဒီလိုလေးစားစရာအသင်းတွေအများကြီးရှိလာပါပြီ။
အထင်ရှားဆုံးသောအသင်းကတော့ “ဗြဟ္မစိုရ်အသင်း”ဖြစ်ပါတယ်။
ကောင်းမွန်သောရည်ရွယ်ချက်များဖြင့် စတင်ခဲ့တဲ့ အသင်းရဲ့ဂုဏ်ယူစရာ ဆောင်ရွက်ချက်များတော့ စာဖွဲ့လို့မကုန်တဲ့ အပြင် နိုင်ငံခြားအထောက်အပံ့လုံးဝမယူဘဲတည်ထောင်ထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။
ဒီအသင်းစတင်ဖွဲ့စည်းလိုက်တာကနေစပြီး အခုလက်ရှိအချိန်မှာ ဒီအသင်းလို နာရေးကူညီမူ့အသင်းပေါင်းမြောက်မြားစွာ မန်းလေးမြို့မှာ ပေါ်ထွက်လာခဲ့ပါပြီ။
ဟိုအရင် တုံးကဆိုရင် အသုဘကား အိမ်ရှေ့ရပ်ရင် တောင် အိမ်နာတယ် အရပ်နာတယ် လို့ ဆိုပြီး ပြဿနာတွေတက်ခဲ့ကြဘူးပါတယ်။
အရင်က ဒီလိုနာရေးပို့တဲ့ ကားတွေက 20-21လမ်းကြား 81လမ်းက ဘုရားနီဘုရားနားမှာ ရှိပါတယ်။
နာရေးပို့တဲ့ကားပေါ်ဆိုရင် လဲ ဘယ်သူမှမလိုက်ရဲ မလိုက်သလို ဒီလို နာရေးကိစ္စကိုလုပ်ရင်တောင် မသတီတာလိုလို ရွံစရာလိုလိုရှက်စရာလိုလို အယူမှားခဲ့ကြဘူးပါတယ်။
အခုအချိန်မှာတော့ နာရေးကားကို မိန်းကလေးတွေကိုယ်တိုင်မောင်း ကားပေါ်မှာမိန်းကလေးတွေကိုယ်တိုင်လိုက်လို့ ဆောင်ရွက်တာကို မြင်လေ ကိုယ့်ခေတ်ကိုယ့်အချိန်တုံးက
ဒီလိုမဆောင်ရွက်နိုင်ခဲ့တာကို တွေးလို့ ရှက်မိလေလေပါဘဲ။
နာရေးကူညီတဲ့ လူမူရေးအသင်းတွေကလဲ မန်းလေးမြိုမှာတသင်းပြီးတသင်း ဂုဏ်ယူလေးစားလောက်စရာကောင်းအောင်ကို များသထက်များလာပါတယ်။
ကျနော်ကိုယ်တိုင်တောင် ဒီလိုအသင်းအဖွဲ့မျုးိမှာ အခုအချိန်ထိပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့အတွက် ဒီလိုအများအတွက် ဆောင်ရွက်နေတဲ့သူ ကြီးကြီးငယ်ငယ်ကျားကျားမမ အားလုံးကို လေးစားပါတယ်ခင်ဗျာ။
ဆထက်တန်ပိုးဆောင်ရွက်လို့ လက်ဆင့်ကမ်းဆောင်ရွက်နိုင်ကြပါစေလို့လဲ ဆုတောင်းလိုက်ပါတယ်။

မန်းလေး မြိုကလဲ မီးနဲ့ပါတ်သက်ရင် နာမယ်ကြီးတယ်လို့ဆိုနိုင်ပါတယ်။
ဆိုင်းတန်းမီး ဦးကျားကြီးမီးတွေကတော့ စံချိန်တင်မီးလို့ဆိုနိုင်ပါတယ်။
မန်းလေးသားများကလဲ မီးလောင်မှာကို တကယ်ကြောက်နေကြပါတယ်။
မီးလောင်တယ်ဆိုတာနဲ့ အိမ်တွေဖယ်ရတာများပါတယ်။
ဖယ်ဆို အချို့သောရပ်ကွက်တွေက ကားဝင်လို့မရ လူသွားလမ်းသက်သက်လောက်လေးကိုသာ ချန်ထားလို့ အိမ်အပြည့်ဆောက်ကြတာများပါတယ်။
နောက် မြို့လယ်ခေါင်က ဝင်းအတော်များများဆိုရင်လဲ ဝင်ပေါက်သေးသေးလေးဘဲချန်လို့ အိမ်အပြည့်ဆောက်ကြပါတယ်။
ဒီတော့လည့်း မီးလောင်တယ်ဆိုရင် လမ်းကျယ်ကျယ်ဖောက်ဘို့အတွက်မလွတ်တဲ့အိမ်တွေကိုမြို့သစ်မှာနေရာအသစ်ပေးလို့ဖယ်ခိုင်းတတ်ပါတယ်။
ှု8888 အရေးအခင်းပေါ်ပေါက်လို့ မကြာခင်မှာဘဲ ည 12နာရီလောက်မှာ မန်းလေး 31လမ်းမှာ မီးလောင်လို့ မီးသတ်ကားသံတွေလဲကြားရော ညမထွက်ရအမိန့်ကို ချိုးဖောက်လို့
မန်းလေးသူမန်းလေးသားတွေ လမ်းမပေါ်ကိုရောက်လာခဲ့ကြတာလဲ အမှတ်တရပါဘဲ။
အဲဒီနောက်မှာတော့ ပထမတစ်ခါလောင်ပြီးသား အင်းဘဲရပ်ကွက် ကနောက်တစ်ခါထပ်လောင်လိုက်တာမှာ တောင်ပုလင်းဝင်းမြောက်ပုလင်းဝင်း အပြင် 19လမ်းဘက်က အိမ်တစ်ချို့လဲမီးနှစ်ကြိမ်လောင်တဲ့မှတ်တမ်းဝင်သွားပါတယ်။
နှစ်ခါပြန်မီးလောင်ခံလိုက်ရတဲ့ အချို့သောမိသားစုများမှာအတော်လေးကို ဒုက္ခရောက်သွားတဲ့အတွက် ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့တဲ့ နေရာကို စွန့်လွှတ်လိုက်ရသူတွေလဲရှိလာပါတယ်။
ဒီမီးလောင်တာက မန်းလေးကို အတော်လေးကို ဘဝပျက်အောင်လုပ်ရက်တယ်လို့ကိုဆိုနိုင်ပါတယ်။
အင်းဘဲရပ်ကွက်က မီးလောင်လိုက်တဲ့နေရာက တိုက်ခန်းတွဲတွေဆောက်လိုက်ပါတယ်။
် အရင်က မိုးများရင် ရွှေတစ်ချောင်းက ပိုလျှံလာတဲ့ရေတွေကို ခေတ္တသိမ်းဆည်းထားပေးတဲ့ “အင်းဘဲအင်းကြီး”ကို မြေဖို့ပြီး လူနေတိုက်ခန်းတွေအဖြစ်ပြောင်းလဲလို့ဆောက်လိုက်ပါတယ်။
နောက် မွတ်စလင်သချိိုင်းနေရာက သီရိမန္တလာကားဝင်းရယ် အိမ်ယာစခန်းရယ်ဖြစ်လို့သွားပါတယ်။
“အင်းဘဲအင်း”ပျောက်ကွယ်သွားတဲ့အတွက် အခုရင်ဆိုင်နေရတဲ့ရလာဒ်ကတော့ မိုးရွာရင် သင်္ဂဇာချောင်းနဲ့ဆက်စပ်နေတဲ့ 22စီလမ်းနဲ့ 26ဘီလမ်းနေရာတွေက ရေတွေအီပြီး ဆက်သွားစရာနေရာ ယာယီနားခိုစရာမရှိတော့တဲ့အတွက် ယာယီရေကန်ကြီးတွေဖြစ်သွားတာပါဘဲ။
နောက်မန်းလေးမှာ ဆိုင်းတန်းမီးလောက်မဆိုးပေမယ့် တော်တော်များများလောင်လိုက်တဲ့မီးကတော့ 19လမ်း 91လမ်းကနေလောင်လိုက်တဲ့မီးက 14လမ်းကျမှရပ်သွားတဲ့မီးပါဘဲ။
ကောင်းသွားတဲ့တစ်ချက်ကတော့ အဲဒီလောင်လိုက်တဲ့မီးနောက်ပိုင်းမှာ မီးသတ်ဌာနတွေအရင်ကထက်ပိုပြီးတင်းကျပ်တဲ့စည်းကမ်းတွေသတ်မှတ်ပေးလိုက်တာပါဘဲ။
အဲလိုစည်းကမ်းတွေသတ်မှတ်လို်က်တော့ မီးလောင်တယ်ဆိုတာနဲ့ ကြားကြားသမျှမီးသတ်စခန်းက ကားတွေက အပြေးအလွှားရောက်လာကြရပါတယ်။
ဒီမီးသတ်အဖွဲ့မှာ လခစား ဝန်ထမ်း(သန္ဓေဝန်ထမ်း)တွေရှိသလို လုပ်အားပေး သက်သက် အရံမီးသတ်အဖွဲ့ဝင်တွေလဲအများကြီးရှိပါတယ်။
အခုအချိန်မှာဆိုရင် ရပ်ကွက်တိုင်းနီးပါးလောက် မှာအရံမီးသတ်အဖွဲ့တွေသာမက မီးသတ်ကားတွေလဲ ကိုယ်စီရှိနေပါပြီ။
လေးစားစရာကောင်းသော အဖွဲ့အစည်းတစ်ခုလဲဖြစ်ပါတယ်။
ဦးကျားကြီးမီးတုန်းက 29လမ်း မီးသတ်ဗဟိုမီးသတ်နား က မီးသတ်ဝန်ထမ်းတွေရဲ့အိမ်နားမှာ မီးတွေဝိုင်းနေပေမယ့် သူတို့ကတော့ အခြားရပ်ကွက်တွေကို သွားလိုု့မီးငြိမ်းပေးနေတာကလဲ အမှတ်တရတွေထဲက အမှတ်တရပါဘဲ။
မန်းလေးမှာ မီးလောင်ရင်ဆိုးတာတစ်ချက်ကတော့ အလကားနေရင်းမီးလောင်တာ လိုက်ကြည့်ကြတဲ့ အပျော်တန်းဆိုင်ကယ်အဖွဲ့တွေပါ။
လာကူတာလဲမဟုတ် ကိုယ့်အိမ်ပါလို့လဲမဟုတ် မီးကူငြိမ်းဘို့လဲမဟုတ်ဘဲ ဆိုင်ကယ်တွေအရမ်းမောင်းလို့မီးလောင်တာကိုလိုက်ကြည့်ကြတာပါ။
သူတို့ကိုရှောင်နေရတာနဲ့ ယာဉ်တိုက်မူ့ဖြစ်ရတာလဲအကြိမ်ကြိမ်ပါဘဲ။
မီးသတ်ကားနဲ့ဖြစ်တဲ့ယာဉ်တိုက်မူ့ထဲမှာ ဖြစ်ခဲ့တာလေးကတော့ အခု 26ဘီလမ်း 81လမ်းဒေါင့် (အခုတောင်ဇလပ်တည်းခိုခန်းအရှေ့ဘက်)မှာ ညောင်ပင်ကြီးတစ်ပင်ရှိပါတယ်။
အဲဒီညောင်ပင်ဘေးမှာရေတွင်းတစ်တွင်းလဲရှိပါတယ်။
အဲဒီအပင်အောက်မှာ ပြောင်းဖူးတို့ ထန်းပင်မြစ်တို့ မီးဖုတ်ရောင်းတဲ့ဆိုင်လေးရှိပါတယ်။
တစ်ရက်မီးလောင်လို့ မီးသတ်ကားတစ်စီးက အပြင်းမောင်းလာရင်း အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကို ထိုးဆင်းလာလိုက်တာပြောင်းဖူးဖုတ်သယ်ကို ဝင်တိုက်မိပြီး အနားကရေတွင်းထဲလူရောကားပါကြလို့ အသက်ဆုံးပါးဘူးခဲ့ဘူးပါတတယ်။
မန်းလေးမှာ နောက်ဆုံးလောင်ခဲ့တဲ့ အပျက်အစီးအကြီးအမားဆုံးသောမီးကတော့ ရတနာပုံဈေး(ခ) sky walk ဈေးကိုလောင်တဲ့မီးပါ။
မန်းလေးမြိုကတော့ မီးလောင်တယ်ဆိုရင် မြို့ပျက်ကြီးလိုဖြစ်သွားတတ်ပါတယ်။
မန်းလေးမြို့မှာ မီးမလောင်ဘဲ မြို့ပျက်ကြီးလိုဖြစ်သွားတာ တစ်ကြိမ်ရှိခဲ့ဘူးပါတယ် ။
အဲဒီအဖြစ်အပျက်ကတော့ 8888အရေးအခင်းနောက်ပိုင်းမှာဖြစ်ခဲ့တာပါ။
ဖြစ်ရတဲ့အကြောင်းရင်းလေးကတော့ …………………………………………………………

7 comments

  • eros

    November 1, 2010 at 1:57 am

    ဦးပေါက်ကတော့ မန္တလေးသားဖြစ်ပြီး ကိုးရီးယားယဉ်ကျေးမှု စွဲကပ်နေတယ်။ ဇာတ်ရှိန်မြင့်ရင် ရပ်ထားလိုက်ရော။

  • kopauk mandalay

    November 1, 2010 at 2:51 pm

    မဟုတ်ရပါဘူးဗျာ တစ်ချို့က အရှည်ကြီးတဆက်တည်းမရေးပါနဲ့လို့ တားထားလု့ိပါ။

  • fatty

    November 1, 2010 at 4:17 pm

    အင်း … မန ္တလာသူ ညိုပြာညက်လေးတွေပုံလဲမလာသေးပါကော။ အခုေတော့ ဖြူဖြူ မျက်ပေါက်ကျဉ်းကျဉ်း လေးတွေကများနေမယ်ထင်ပါရဲ့။

  • kopauk mandalay

    November 1, 2010 at 4:24 pm

    နောက်လာမယ်လေ ပေါင်ဖြူဖြူ ပေါင်ညိုညို ပေါင်မဲမဲလေးတွေအကြောင်း ပုံတော့မတင်ပါဘူး။
    တော်ကြာ ကိုယ်အမျိုးပုံမှားတင်မိရင် အဆဲခံရမှာစိုးလို့ပါ။

  • unclegyi1974

    November 1, 2010 at 4:51 pm

    ဝါသနာကိုမတားနဲ့မောင်ရေ…
    မှတ်မိတဲ့သီချင်းတပိုင်းတစပါ ကိုပေါက်လဲကောင်းမှရပ်ထားတာ
    အကျင့်ပါနေလို့နဲ့တူပါတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 2, 2010 at 10:48 am

    ကိုပေါက်ရဲ ့ ” စကောင်း ” တွေကိုဖတ်ပြီးတော့
    ကိုယ့်ကိုယ်ကို မန်းသားဈာန်တွေဝင်လာနေပြီ
    နောက်ဆို မန်းက လေဒီလေး တွေနဲ ့တွေ ့ရင်
    ခပ်တည်တည်နဲ ့ ဝင်ဖောလ်ဘို ့စစ်ရေးပြင်ဆင်ထားတယ်ဗျို ့
    မကောင်းသူထိပ်ကောင်းသူထိပ်
    ဆွေမျိုးတွေနဲ ့တိုးသွားရင်တော့တတ်နိုင်ဝူး
    ဟီးးးးးးးးးးးးး

  • kopauk mandalay

    November 2, 2010 at 2:54 pm

    အခုခေတ်မန်းလေးက လေဒီလေးတွေနဲ့ဖောချင်ရင်တော့
    “ဝေါ် အိုက်နီ”တို့ “ဟောင်ပုဟောင်” တို့ “တွေ့ပုချိ “တို့ လောက်တော့သင်ထားမှာဖြစ်မယ်နော်
    နို့မဟုတ်ရင် အလုပ်ဖြစ်မှာမဟုတ်ဘူးရယ်၊

Leave a Reply