ဘာအရေးကြီးဆုံးလဲ

asiamastersOctober 31, 20101min1276

သင်ဟာ အရွယ်ရောက်ပြီးသူတစ်ဦးဖြစ်ပြီဆိုတာနဲ့ အရေးကြီးဆုံးသိသင့်တာ နှစ်ခုရှိပါတယ်။ ပထမအချက်က ယခုရှိနေတဲ့ ဘဝကိုဘယ်လိုအသုံးချမယ်ဆိုတာရယ်၊ နောက်လူ့ဘဝမှာ ဘာတွေကအရေးကြီးတယ်ဆိုတာတွေဖြစ်ပါတယ်။ လူ့ဘဝဟာတန်ဘိုးရှိပါတယ်။ လူသားတွေအတွက် လူ့ဘဝဆိုတာက တစ်ဆင့်ပြီးတစ်ဆင့်မြင့်တက်ပြီး မိမိရှင်သန်ခွင့်ရတဲ့အချိန်အတွင်းမှာ အပြည့်ဝဆုံးအခြေအနေကိုရောက်ရှိသွားရန်ဖြစ်ပါတယ်။ ဒါကြောင့် ဘဝကိုဘယ်နေရာကပဲစရစရ တစ်နေ့ထက်တစ်နေ့ ပိုသိလာအောင်၊ ပိုနားလည်လာအောင် အချိန်နဲ့အမျှကျိုးစားသွားရမှာဟာ လူသားတစ်ဦးချင်းစီရဲ့တာဝန်သာဖြစ်ပါတယ်။ Purposeful လို့ခေါ်တဲ့ ရည်ရွယ်ချက်အပြည့်အဝရှိရန်လိုပါတယ်။ အင်္ဂလိပ်လိုနဲ့ပြောရင်တော့ လူသားတွေအားလုံးလက်ကိုင်ထားစဉ်းစားရမှာက Change for the better ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်အောင် ကျိုးစားသွား ရမှာဖြစ်ပါတယ်။ ဒီနေ့ဟာ မနေ့ကထက်ကောင်းအောင် ကျိုးစာရမလို၊ မနက်ဖြန်ဟာလည်းဒီနေ့ထက်ပိုကောင်းအောင် ကျိုးစားနေကြရမှာဖြစ်ပါတယ်။

လျှပ်စစ်ပစ္စည်းတွေကိုထုတ်လုပ်တဲ့ နယ်သာလန်နိုင်ငံက Phillips ကုမ္ပဏီရဲ့ Motto (ဆောင်ပုဒ်) ကလေးတစ်ခုရှိပါတယ်။ ဒီဆောင်ပုဒ်ကလေးကတော့ let make things better ဖြစ်ပါတယ်။ ဆိုလိုတာက ကောင်းသထက်ကောင်းအောင်လုပ်သွားမယ်ဆိုတဲ့ အနက်ရပါတယ်။ လူ့ဘဝဟာလည်းဒီအတိုင်း ပါပဲ၊ ဘယ်နေရာကပဲစရစရ ကောင်းသထက် ကောင်းအောင်ကျိုးစားမယ်ဆိုတဲ့စိတ်လိုပါတယ်။ တစ်နေရာမှာရပ်တော့မယ်ဆိုတာနဲ့ ဒီလူဟာကျဆုံးရပါတော့တယ်။

ဆင်းရဲတဲ့ဘဝကစရတဲ့လူတွေလည်းရှိတယ်။ အလယ်အလတ်အဆင့်ကစရတဲ့လူတွေလည်းရှိတယ်။ ပြည့်စုံတဲ့မိသားစုတွေကစရတဲ့ဘဝတွေလည်းရှိတယ်။ ဩဇာတိက္ကမ ကြီးမားတဲ့ မိသားစုများမှာ ကြီးပြင်းလာရသူများလည်းရှိပါတယ်။ မိန်းကလေးတွေလည်းဖြစ်နိုင်သလို၊ အမျိုးသားတွေလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုဘဲစရစရ မိမိရဲ့ ဘဝကို တစ်စစ တိုးတက် ဖွံ့ဖြိုးသွားအောင်လုပ်သွားရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ အမြင့်မားဆုံးဖြစ်တဲ့ (Realization) ကိုရောက်သွားကြရမှာဖြစ်ပါတယ်။ ဒါကဘဝရှင်သန်ရေးရည်ရွယ်ချက်ဖြစ်ပါတယ်။

လူသားတစ်ဦးဖြစ်လာရင် အရေးကြီးဆုံးလိုအပ်တာ (၅) ခုရှိပါတယ်။  ပထမဆုံးက ဝင်ငွေ (Income) ဖြစ်ပါတယ်။ ဒုတိယလိုအပ်ချက်က ဗဟုသုတ(knowledge) ဖြစ်ပါတယ်။ တတိယလိုအပ်ချက်က ခွန်အား (Strength) ဖြစ်ပါတယ်။ စတုတ္ထအချက်က နည်းပညာ (Technology) နဲ့ ပဉ္စမအချက်က လူသားဆန်မှု (Humanity) တို့ဖြစ်ပါတယ်။ ဒီလိုအပ်ချက် (၅)ခုမှာတစ်ခုခုချွတ်ယွင်းနေပြီဆိုရင် နောက်လိုက်ပါလာမှာက ဆင်းရဲခြင်းဖြစ်ပါတယ်။ ဆင်းရဲခြင်းဟာ ကူးစက်တတ်ပါတယ်။ မိမိကဆင်းရဲပြီဆိုတာနဲ့ မိမိရဲ့ သားစဉ် မြေးဆက်တွေအထိ ဆင်းရဲသွားတော့မှာဖြစ်ပါတယ်။ ဆင်းရဲပြီဆိုတာနဲ့ အနှိပ်အစက်ခံရတော့မယ်သာ အောက်မေ့ပေတော့။ နောက်တော့ အသက်ရှင်နေရက်နဲ့ ငရဲကျနေတဲ့ (Living Hell) အထိရောက်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် အခုရနေတဲ့ဘဝ ဆိုတာ တစ်ဆင့်ပြီးတစ်ဆင့် မြင့်မားသွားအောင်ကျိုးစားသွားကြရမှာဖြစ်တယ်။ ဝင်ငွေ၊ ဗဟုသုတ၊ ခွန်အား၊ နည်းပညာ၊ လူသားဆန်မှု ဒီ (၅) ခုကို မပျက်မယွင်း နှလုံးသာသွင်းကြပေတော့။

6 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 2, 2010 at 11:10 am

    ( ဝင်ငွေ၊ ဗဟုသုတ၊ ခွန်အား၊ နည်းပညာ၊ လူသားဆန်မှု ဒီ (၅) ခု)
    ခွန်အားဆိုတာ ကျမ္မာရေးကို ဆိုပုံရပါတယ်
    ဒါပေမယ့် လူသားဆန်မှု ဆိုတာကိုတော့ အနည်းငယ် ဆွေးနွေးပြသင့်ပါကြောင်း

  • naywoonni

    November 2, 2010 at 2:24 pm

    လူသားဆန်မှု ဆိုတာက……လူလူချင်းစာနာထောက်ထားပြီးရိုင်းပင်းကူုညီတတ်တာမျိုး
    ရေနစ်နေတဲ့သူကိုဝါးနဲ့မထိုးတာမျိုး…..ကုသိုလ်စိတ်နဲ့အကုသိုလ်စိတ်ယှဉ်ရင်ကုသိုလ်စိတ်က
    များနေတာမျိုးကိုဆိုလိုဟန်ရှိပါသည်။။ကိုယ်လည်းသေချာမသိတော့ဆိုလိုဟန်ရှိပါသည်ပေါ့
    နော့

  • kopauk mandalay

    November 2, 2010 at 3:12 pm

    ငယ်ငယ်က ကျောင်းမှာ အော်ဆိုခဲ့ရတဲ့ သီချင်းလေးရှိပါတယ်။
    ” မိမိကိုယ် ကို ကောင်းအောင်ကြိုးစားမည်”တဲ့။
    ဒါပေမယ့် ငယ်ကတည်းက ကြုးိစားလိုက်ရတာ အခုအချိန်ထိ ကြိုးစားဆဲပါဘဲ။
    ဒါပေမယ့်လက်တွေ့နဲ့ယှဉ်လို့ သိလာတဲ့ အသိအမှန်ကတော့
    အခြေအနေ အချိန်အခါ ဆိုတာ အဆင်မသင့်ရင်တော့ ဘာမှဖြစ်မလာဘူးဆိုတာကတော့လက်တွေ့ပါဘဲ။
    သိတာနဲ့ လက်တွေ့ ရလာတဲ့ ရလာဒ်တွေက စာတွေ့နဲ့စာရင်တော့ ထူးအိမ်သင် သီချင်းလေးလိုပါဘဲ
    နည်းနည်းလေးတော့လွဲနေတယ်……………………………………………………….

  • unclegyi1974

    November 2, 2010 at 3:58 pm

    မာစတာကြီး ရေအသိတွေကြီးဘဲတိုးပြီး
    ကိုယ့်အတွက်ဘာမှမပြင်ဆင်ရသေးရင်
    နောင်ဘဝမှနောင်တရနေမယ်နော်

  • အောင် မိုးသူ

    August 15, 2015 at 11:36 am

    အစဉ်လိုက်ကြီး ဘာအရေးကြီးလဲဆိုတာကြီးဆိုပြီး လိုက်ပြီး စာရင်းမပြုစုချင်ဘူး။

  • Ma Ma

    August 16, 2015 at 2:51 pm

    စဉ်းစားလိုက်ရင် ဘာအရေးကြီးဆုံးလဲဆိုတာကို လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ မျက်စေ့လည်း အရေးကြီးတာပဲ၊ နားလည်းအရေးကြီးတာပဲ၊ နှာခေါင်းလည်း အရေးကြီးတာပဲ… ဆိုသလို ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဟာ သူ့နေရာနဲ့သူ အကုန်လုံး အရေးကြီးနေတာမို့ တစ်ခုချို့ယွင်းရင် ချို့ယွင်းသလို ဒုက္ခရောက်ရတာပါပဲ။
    လူ့ဘဝမှာလည်း ဝင်ငွေ၊ ဗဟုသုတ၊ ခွန်အား၊ နည်းပညာ၊ လူသားဆန်မှု ဒီ (၅) ကလည်း တစ်ခုချင်းစီရှိရုံနဲ့ မပြည့်စုံနိုင်တာမို့ အားလုံးပဲအရေးကြီးတယ်လို့ ပြောရမယ်။

Leave a Reply