ရင်ပူညချမ်း….အလွမ်းပင်လယ်

(၁)
ပုန်းညက်ရနံ့
သင်းသင်းပျံ့မွှေး
လမ်းလေးထက်မှာ
သူရှိပါသည်
နှစ်ချီထင်မှတ်
လွမ်းတတ်ပြီ…ငယ်….။
စိတ်ဝယ်ဖော်ကျူး
ယစ်မူးအတိတ်
ပြန်နှုတ်ဆိတ်နေ….လွမ်းငွေ့ဝေ…။
(၂)
သွေးလေဖောက်ပျက်
အိပ်မက်ကမ်းခြေ
ပန်းအကြွေတေး
ပင်လယ်ငေးသူ
ရင်ပူရင်ကွဲ
လွမ်းနေဆဲည
အန္ဓအိမ်အို
ဝင်ခိုလှုံဖူး
ချစ်ဦးသူ့ကြောင့်
သွေးတောင့်မတတ်
ရက်ဆက်စောင့်မျှော်…. သဲသောင်ပေါ်။
(၃)
နေ့ညမနက်
မျှော်လင့်ချက်မဲ့
သူ့ရဲ့ပုံရိပ်
တလိပ်လိပ်တက်
အသည်းထက်မှာ
ဝေဒနာပြည့်
မမေ့ရက်အား
မျက်ရည်ဝါးဝေ
ခေါ်သံတွေနင့်
အဆိပ်သင့်ခဲ့……..။
(၄)
ကမ်းနဲ့ဝေးနေ
လှေငယ်ပမာ
ဆောက်တည်ရာကင်း
ပန်းတွေနင်းချွေ
ငယ်ရေ……..
ငယ်လေး….ရေ……
သူမှေးစက်ရာ
နန်းဘုံသာဘေး
ရှိုက်ငိုကြွေးသံ
ညည့်ယံဖောက်ထွက်
မျက်နှာအပ်လျှက်….. အုတ်ဂူထက်……။        ။
ဥက္ကာကိုကို(သံတွဲ)
29၊ ဇူလိုင် ၊ 2007။