Education ဆိုတာ ပညာရေးလား

asiamastersOctober 31, 20101min1389

မြန်မာနိုင်ငံရဲ့အဆင့်အတန်းကို ထွေထွေထူးထူးပြောနေစရာမလိုပါဘူး။ မြန်မာနိုင်ငံဟာ အခုအခြေအနေမှာ ကမ္ဘာပေါ်မှာ အစုတ်ချာဆုံးနိုင်ငံလို့ပြောလို့ရပါတယ်။ ထပ်ပြီးတော့လဲ နူနေရာမှာ ထပ်ပြီး ဝဲမစွဲဖို့ကိုပဲ ဆုတောင်းရမှာဖြစ်ပါတယ်။ တစ်ချို့ကလည်းဒီထက်လေးများပိုပြီးကောင်းလာမလား ဆိုပြီးမရဲတရဲလေးတွေးနေတာတွေရှိတယ်။ တစ်ချို့ကလည်း ဘယ်သူသေသေငသေမာရင်ပြီးရောပဲ ခေတ်ပျက်ကြီးမှာ ကျန်အောင်သာလုပ်ပေတော့လို့ ယူဆသူတွေကလည်းရှိတယ်။ သေချာတာတစ်ခုရှိပါတယ်။ ကျွန်တော်တို့မြန်မာတစ်မျိုးသားလုံးကိုလေ့ကျင့်သင်ကြားပေတဲ့ စနစ်ကြီးကို မပြင်ဆင်နိုင်သရွေ့ ဘယ်တော့မှ ကောင်းလာမယ်လို့ မစဉ်းစားပါနဲ့။ ဘယ်ခေါင်းဆောင်တွေဖြစ်ဖြစ်ဒီစနစ်ကိုပြင်မှရမယ်။ အခုလွတ်လပ်ရေးရပြီးနှစ်ပေါင်း (၆၂)တိုင်အောင် ပြောင်းလဲဘို့ အရိပ်အယောင်လေးတောင်မမြင်ရသေးပါဘူး။ အဲဒါကတော့ Education ဖြစ်ပါတယ်။ Education ကိုမြန်မာဘာသာဖြင့် ပညာရေးဟုဘာသာပြန်ပါသည်။ အစတဲကယဉ်သကိုယ် ဆိုသလို အဆိုပါဘာသာပြန်ခြင်းကပင် စမှားနေပါသည်။ Education ဆိုသည့်စကားရပ်မှာ လက်တင်ဘာသာစကား Educatio ဟူသောစကားရပ်မှ ဆင်းသက်လာပါတယ်။ Educatio ဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပါယ်ကတော့ ငယ်ရွယ်သူတွေကို ပုံစံသွင်းသင်ကြားပေးတာကို ဆိုလိုတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Rearing လို့လဲခေါ်နိုင်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းပေါ့။ ဒီနေ့ခေတ်အသုံးပြုနေတဲ့ Education ဆိုတာကတော့ ငယ်ရွယ်တဲ့ မိမိတို့လူမျိုးတွေကို မိမိတို့လိုချင်တဲ့ပုံကိုသွင်းတာကို ခေါ်တာဖြစ်ပါတယ်။ မိမိတို့တန်ဘိုးထားတဲ့ လူမှုရေးတန်ဘိုးတွေ၊ ကိုးကွယ်မှုယုံကြည်မှုတွေ၊ ဓလေ့ထုံးတမ်းတွေကို မိမိတို့ထက်ငယ်ရွယ်သူများကို ပုံသွင်းပေးတာဖြစ်ပါတယ်။ ပညာရေးကို အကြမ်းဖြင်းအားဖြင့် (၃)ပိုင်းခွဲထားလေ့ရှိပါတယ်။ Primary, Secondary နဲ့ ကောလိပ်၊ တက္ကသိုလ်တွေကိုတော့ Tertiary Education လို့ခေါ်ပါတယ်။ Education ကို ပညာရေးလို့ လုံးဝဘာသာပြန်လို့မရပါ။ ပညာ ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သောအသိဉာဏ်ကိုခေါ်ပါတယ်။ နောက်အဓိပ္ပါယ်တစ်ခုကတော့  အတတ် ဖြစ်ပါတယ်။ Education ဆိုတာဟာ ပုံသွင်းတာဖြစ်ပြီး၊ ပညာဆိုတာက အသိဉာဏ်နဲ့ အတတ်ဖြစ်တယ်။ ဘာမျှမဆိုင်ပါ။ Education ဆိုတာအကြမ်းဖျဉ်းအားဖြင့် အတတ်ကိုသင်ပေးတဲ့နေရာမဟုတ်ပါဘူး။ ပုံသွင်းတဲ့နေရာဖြစ်ပါတယ်။ ဒါ်ပေမဲ့နောက်ပိုင်းမှာတော့ သက်မွေးမှုဆိုင်ရာ ပုံသွင်းမှုတွေကို Education လို့သုံးတာရှိပါတယ်။ ဥပမာအားဖြင့် Hospitality Education လိုဟာမျိုး၊ Management Education လိုဟာမျိုးဖြစ်ပါတယ်။ ဒါတွေဟာလဲ လိုတဲ့ပုံသွင်းတာဖြစ်တယ်။ အတတ်လို့မဆိုနိုင်ဘူး။ ဒါကြောင့်ကျွန်တော်တို့က Education လို့ဆိုရင် Education လို့ပဲပြောဖိုကောင်းတယ်။ ပညာလို့ပြောဖို့ လုံးဝမကောင်းတော့ဘူး။ မြန်မာနိုင်ငံရဲ Education ဟာ ကိုလိုနီခေတ်မှာ အာရှတိုက်မှာ အကောင်းဆုံး ဖြစ်ခဲ့တယ်။ ဒါကိုဘာက သက်သေပြနိုင်သလဲဆိုရင် မြန်မာနိုင်ငံသားဦးသန့်ဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ပထမဆုံးအာရှတိုက်သား အတွင်းရေးမှုးချုပ်ဖြစ်ခဲ့တယ်။ Education ဆက်လုပ်လိုတဲ့ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ကမ်ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံက Students တွေဟာမြန်မာနိုင်ငံမှာလာတက်ရတယ်။ ဒါပေမဲ့ လွတ်လပ်ရေးတောင်းဆိုတဲ့ကာလတွေမှာ ဗမာစာသည်တို့စာ၊ ဗမာစကားသည်တို့စကား အစရှိသည်ဖြင့် အလွန်စိတ်အားထက်သန်နေကြတဲ့အတွက် အင်္ဂလိပ်သာသာစကားကို အခြေခံတဲ့ Education ကနေ ဗမာစကားကို အခြေခံတဲ့ Education ဖြစ်အောင်ပြောင်းလဲခဲ့ကြတယ်။ ရည်ရွယ်ချက်ကတော့ ဗမာလူမျိုးဆိုတာ မပျောက်ကွယ်သွားဘို့နဲ့ ဗမာအုပ်ချုပ်တဲ့နိုင်ငံဖြစ်ကြောင်းပြဘို့ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ စစ်တပ်ကအာဏာသိမ်းပြီး ဆိုရှယ်လစ်စနစ်ကိုသွားမယ်ဆိုပြီး Education system ကို ဆိုရှယ်လစ် Economy အတွက်ဖြစ်အောင် ရေးသားပြုပြင်ခဲ့ကြတယ်။ ရည်ရွယ်ချက်နှစ်ခုစလုံး အကြွင်းမဲ့အောင်မြင်ပါတယ်။ ဒီနေ့ဒီအချိန်မှာ သာမန်မြန်မာလူမျိုးတွေဟာ အင်္ဂလိပ်စကားပြော အတော့်ကိုအားနည်းသွားကြပြီဖြစ်ပါတယ်။ ဒီအချိန်ကလူတွေရဲ့ အိမ်မက်ဖြစ်တဲ့ ဆိုရှယ်လစ်ပန်းတိုင်ကြီးကလည်း ၁၉၈၈ ခုနှစ်မှာ အရှက်တကွဲ အကျိုးနည်းပြီး ပြိုပျက်သွားခဲ့ပါပြီ။ ဒါပေမဲ့ ဒီ ဆိုရှယ်လစ်စနစ်ကြီးပျက်စီးပြီးနောက်ပိုင်းမှာ ဘယ်စနစ်ကိုသွားမယ်ဆိုတာတိတိကျကျမရှိပါဘူး။ အကြမ်းဖျဉ်းအားဖြင့် ကမ္ဘာပေါ်မှာ Economic System နှစ်မျိုးရှိပါတယ်။ ဒါကတော့ အစွန်းနှစ်ခုပါပဲ။ လက်ယာအစွန်းလို့ခေါ်တဲ့ Capitalism ဆိုတာက အစိုးရကဘာမျှ ဝင်ရောက်စွက်ဖက်ခြင်းမရှိပါဘူး၊ လွတ်လွတ်လပ်လပ်ပြိုင်ခွင့်ပေးထားပါတယ်။ လက်ဝဲစွန်းဖြစ်တဲ့ ကွန်မြူနစ်နဲ့ဆိုရှယ်လစ်တွေကတော့ အားလုံး ဗဟိုကပဲချုပ်ကိုင်မယ်။ ပြီးတော့ အညီအမျှခွဲဝေရမယ်လို့ဖြစ်တယ်။ ဒီ Economic System တွေမှာ အားနည်းချက်၊ အားသာချက်ကိုယ်စီတော့ရှိပါတယ်။ Capitalism စစ်စစ်ကြီးကျတော့ Winer takes all လို့ခေါ်တဲ့ နိုင်တဲ့လူအကုန်ယူတယ်။ လုယက်ရတယ်၊ ဒါကြောင့် လူသားချင်းခေါင်းပုံဖြတ်မှုတွေရှိတယ်၊ စစ်တွေဖြစ်ရတာ Capitalism ကြောင့်ဖြစ်တယ် ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်တွေက ဆိုပြန်ပါတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ်ကစခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်ခေတ်မှာ မွေးထုတ်ပေးခဲ့တာက သူခိုးနဲ့ သူတောင်းစားတွေသာဖြစ်နေတယ်။ ဒီနေရာမှာ ထူးခြားတဲ့ Economic System တစ်ခုပေါ်လာတယ်။ အရင်ကတရုတ်နိုင်ငံဟာ ကွန်မြူနစ်နိုင်ငံပါပဲ။ ဒါပေမဲ့ ၁၉၈၈ လောက် ကွန်မြူနစ်တွေကျဆုံးချိန်မှာ Capitalism တစ်ခုတည်းပဲကျန်ခဲ့တယ်။ ဒီ Capitalism ရဲ့ဆိုးကျိုးက Recession ထိုမှတဆင့် Depression လို့ခေါ်တဲ့ Economy ပျက်ကပ်ကြီးဖြစ်တတ်တာပါပဲ။ အခုလည်းအမေရိကန်နိုင်ငံဟာ Recession ကလွတ်မြောက်အောင်ကျိုးစားဆဲဖြစ်ပါတယ်။ တရုတ်တွေက Post Capitalism ဆိုပြီး စနစ်တခုကိုထွင်လာပါတယ်။ ဒါကတော့ နိုင်ငံကိုအုပ်ချုပ်တာကိုတော့ ကွန်မြူနစ်စနစ်ထားပြီး Economic System ကို market oriented economic system လို့နာမယ်ပြောင်းခေါ်ပြီးလွတ်လပ်စွာလုပ်ကိုင်ခွင့်တွေစပေးတော့တာပဲ။ Market Oriented Economy ဆိုတာက တကယ်တော့ Capitalism ပါပဲ။ ဒါကို မသုံးချင်တော့တခြားနာမယ်တစ်ခုပြောင်းထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကလည်း ထုံးစံအတိုင်းနီးရာဓါးကြောက်ရမယ်ဆိုတဲ့ ဒဿနအတိုင်း ၁၉၈၈ နောက်ပိုင်းမှာ တရုတ်ပုံစံအတိုင်းလိုက်လုပ်တာပဲ။ ဒါပေမဲ့ Education system က Socialist Economy မှာပဲကျန်နေခဲ့တယ်။ ပြည်တွင်းမှာ အလုပ်အကိုင်ဖန်တီးရကောင်းမှန်းမသိတာရယ်၊ ပိတ်ဆို့မှုရယ်တွေကြောင့် မြန်မာလူမျိုးတွေအတွက် အလုပ်အကိုင်ဟာ အတော်ကိုရှားပါးပါတယ်။ ဒါ့အပြင် လွဲချော်နေတဲ့ Education ကြောင့် ပိုပြီးဒုက္ခရောက်ရဦးမှာပါ။  ဗမာဘာသာစကားကိုပြောင်းလဲခဲ့တဲ့အမှားနဲ့ စနစ်အမှားနှစ်ခုအကြားမှာ မြန်မာလူမျိုးတွေဟာ ခါးစီးပြီးခံစားကြရဦးမယ်။ ဒီကြားထဲ မူလဘူတသဘောတရားဖြစ်တဲ့ Education ဆိုတာနဲ့ ပညာရေးကို ဖလှယ်သုံးလိုက်တဲ့အချိန်မှာ အရာရာလွဲချော်သွားခဲ့ကြတာဖြစ်ပါတယ်။ မြန်မာလူမျိုးတွေဟာ ဘယ်တုန်းကမှ မညံ့ခဲ့ပါ။ အာရှတိုက်မှာ အင်ပါယာထူထောင်နိုင်ခဲ့တဲ့လူမျိုးတစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့အချိန်နဲ့တပြေးညီပြောင်လဲဘို့ နှစ်ပေါင်း ၆ဝ လောက်ကျန်နေခဲ့ကြပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့မှာ မျှော်လင့်ချက်ရေးရေးလေးရှိပါသေးတယ်။ ကျွန်တော်တို့ရဲ့နားလည်မှုနဲ့ ဘာသာစကားကို ပြောင်းလဲဘို့နဲ့  Information Technology ပါပဲ။ ကျွန်တော်တို့ ထိထိရောက်ရောက်သုံးနိုင်ရင် နဲနဲတော့ပြောင်းနိုင်မလားပဲ။

9 comments

  • weiwei

    October 31, 2010 at 3:58 pm

    ဒီဆောင်းပါးဖတ်ပြီးသိချင်သွားတာက ဆောင်းပါးကကိုယ်တိုင်ရေးတာလား .. စာရေးသူရဲ့ education လဲ သိချင်ပါတယ် …

  • unclegyi1974

    October 31, 2010 at 4:00 pm

    မာစတာကြီး ရေမြန်မာနိုင်ငံပညာရေးမပြောင်းလဲသမျှ
    မြန်မာနိုင်ငံ ရဲ့ပညာရေးတိုးတက်ကောင်းမွန်လာဖို့
    မဖြစ်နိုင်ဘူးဆိုတာလုံးဝထောက်ခံပါတယ်
    မြန်မာ့ပညာရေးဆုတ်ယုတ်နေပုံကို
    ကျွန်တော်တို့လိုအုပ်ချုပ်ခံလူတန်းစားကတောင်
    သိမြင်နေတာ အုပ်ချုပ်တဲ့လူကြီးတွေက
    ဘာဖြစ်လို့ပြုပြင်ဖို့မကြိုးစာတာလဲသိချင်ပါတယ်
    နောက်ဆုံးစာပိုဒ်မှာပါတဲ့ဘာသာစကားပြောင်း
    ဖို့ဆိုတာနားမလည်ဘူးဗျာ မြန်မာစာကနေ
    ဘယ်စာကိုပြောင်းချင်တာလဲသိချင်ပါတယ်

  • bigcat

    October 31, 2010 at 4:36 pm

    အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာကို အင်္ဂုလိလိုတော့ education အစား vocational လို့သုံးတယ်ထင်ပါတယ်။ education ကို formal တို့ academic တို့လို အတန်းပညာနဲ့ဆိုင်တဲ့ ဝေါဟာရတွေနဲ့တွဲသုံးပြီး vocational ကိုတော့ အတန်းပညာပြင်ပ သင်တန်းတွေကပေးတဲ့ အောင်လက်မှတ် ဒီပလိုမာတွေ အတွက်လို့ထင်ပါတယ်။ ပိုအဆင်မြင့်တဲ့ အရည်အချင်း အသိမှတ်ပြုလက်မှတ် ဥပမာ CPA လိုမျိုး၊ ကွန်ပြူတာ MCSE လိုမျိုးကိုတော့ ပရော်ဖက်ရှင်နယ် လက်မှတ် professional လို့သုံးတာ သတိထားမိပါတယ်။ ကုမ္မဏီအကြီးကြီးတွေရဲ့ အလုပ်လျောက်လွှာပုံစံမှာဆိုရင် အဲဒီခွဲမေးထားတတ်ပါတယ်။

  • Aunti Moe

    October 31, 2010 at 6:10 pm

    ဂျပန်၊ တရုတ်လူမျိုးတွေဟာ ဘာသာရပ်၊နည်းပညာတွေကို မိမိမျိုးဆက်အားလုံးနားလည်အောင် မိမိတို့ိဘာသာစကားနဲ့ဖေါ်ပြနိုင်ဖို့ သမိုင်းတလျှောက် လုံ့လထုတ်ခဲ့ကြတယ်။ အဲဒီလိုလုပ်နိုင်ဖို့ အရည်အချင်း ဆိုတာ အရေးကြီးသလောက် အရေအတွက်ဆိုတာလည်း အရေးပါတယ်။ အရည်အချင်းရှိတဲ့သူ အများကြီးရှိဖို့လိုတယ်။
    ဒါမှမဟုတ် အရည်အချင်းရှိတဲ့သူများ အလုပ်များများလုပ်ဖို့လိုတာမျိုးပေါ့။

    သူများရှာဖွေခဲ့တာတွေကို စက်နဲ့ ဘာသာပြန်မယ်ဆိုရင်တောင် မနဲလိုက်ရတော့မယ်။ WIKIPEDIAလိုမျိုး။

    ဘာသာစကားကျွမ်းကျင်မှုဟာ ဘာသာရပ်ကိုနားလည် ဖို့အထောက်အကူပေးတာ မှန်ပေမဲ့ ဘာသာစကားကို နားလည်တာနဲ့ ဘာသာရပ်ကိုနားလည်တာနဲ့ဟာ သပ်သပ်ပါ။ သူတို့ဘာသာစကားနဲ့ ရေးထားတဲ့ ဘာသာရပ်ကို နားလည်ဖို့ သူတို့ဘာသာစကားက အစဦးမှာ ကြားခံပေးရတဲ့သဘောပါ။

    ရင်ထဲက၊ ခေါင်းထဲက တခုခုကို ဆွဲထုတ်ရတော့မယ်ဆိုရင်တော့ ဗမာလိုခံစားပြီး ဗမာလိုတွေးမှာအသေအချာပါ။ စနစ်တကျတွေးစေတတ်ဖို့၊ စနစ်တကျခံစားစေတတ်ဖို့၊ စနစ်တကျ Educare (ဆွဲထုတ်)တတ်ဖို့ လေ့ကျင့်ပေးရမှာက ကျောင်းရဲ့တာဝန်။

  • leo

    November 1, 2010 at 7:03 am

    လူမျိုးတိုင်း ကိုယ့်ဘာသာစာပေ ကိုချစ်ကြတာပဲ ….. ဗမာစာသည်တို့စာ ဗမာစကားသည်တို့စကား ဒီစကားကမမှားပါဘူး အဓိကကတော့ သင်ကြားရေးပဲ …… ဘယ်လိုသင်မလည်း ဒါအဓိကပဲ …. တရုတ်လူမျိုးတွေကိုကြည့် ဘယ်နိုင်ငံရောက်နေနေ တရုတ်စာသင်တယ် လူမျိုးနဲ့ဘာသာစာပေ ဘာသာစကားကိုထိမ်းသိမ်းတယ် …. အင်္ဂလိတ်စာတက်ထားရင်တော့ကောင်းတယ် … ဒါပေမယ့် အင်္ဂလိတ်လို သင်မှ အင်္ဂလိတ်စာတက်မှ ပညာရေးမြင့်မားမယ်ဆိုတာမျိုးကိုတော့ ရီချင်တယ် … မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ မြန်မာစာကိုဘယ်စာထက်မဆို ပိုချစ်တယ် တန်ဖိုးပိုထားတယ် …… စာကပြောင်းဖို့မလိုဘူး လိုတာက အဲ့စာကို သင်ကြားနေတဲ့စနစ်ကို ပြောင်းလဲဖို့ပဲလိုတယ်

  • zawana

    November 1, 2010 at 2:34 pm

    ခုချိန်ထိ ဂျပန်စီးပွားရေးသမား တော်တော်များများဟာ အီးလို ကောင်းကောင်း မပြောနိုင်ကြပါ။ ဒါပေမဲ့ ဂျပန်ဟာ အားလုံး သိတဲ့အတိုင်း တိုးတက်ခဲ့ပါတယ်။ ကျနော့်အမြင်အရတော့ အင်္ဂလန်က နေမဝင် အင်ပါယာ ဖြစ်ခဲ့လို့ English ဘာသာစကားဟာ အများသုံးဖြစ်ခဲ့တာပါ။
    ကျနော့်အမြင်အရ ပြောရရင် ကျနော်တို့ ဆင်းရဲရတာဟာ ကျနော်တို့နိုင်ငံက ကျင့်သုံးတဲ့ ပေါ်လစီကြောင့်လို့ပဲ ထင်တယ်။

  • naywoonni

    November 1, 2010 at 4:24 pm

    သင်ကြားရေးစနစ်ကိုပြောင်းသင့်တာကြာပြီလေ……..
    ပြောင်းတော့ပြောင်းပါရဲ့………..
    ပိုပိုဆိုးနေတာကခက်တယ်

  • kopauk mandalay

    November 1, 2010 at 4:31 pm

    စကားလုံးဘာသာပြန်တာ လွဲမှားတာကြောင့်လူမျုးိ နိမ့်ကျသွားတာကိုတော့ လက်မခံချင်ပါဘူး။
    စာလုံး ဆိုတာက သင်္ကေတသတ်မှတ်ချက်ထက် ဘာမှ ပိုမလာပါဘူး ။
    ဥပမာပေးရရင် ကိုပေါက် ဆိုတာနဲ့လဲ ရူးနေတဲ့လူမဟုတ်သလို့ ပေါက်ရောက်တဲ့လူလဲ မဟုတ်ပါဘူး။
    ကိုပေါလို့ ပြောင်းလိုက်လို့ လဲ ငပေါ မဟုတ်သလို ပေါများလာမှာလဲမဟုတ်ပါဘူး။
    တကယ်လွဲတာက ဦးဆောင်သူရဲ့မှားယွင်းတာကို ဝိုင်းထောက်ခံခဲ့ကြတဲ့ လူတစ်စုကြောင့်ရယ်

    တံခါးပိတ်ဝါဒကျင့်သုံးလိုက်တာရယ်
    ကိုယ်နဲ့ မတည့်တဲ့နိုင်ငံကို ဝိုင်းထောင်းလိုက်ကြတဲ့ နိုင်ငံကြီးတွေရယ်ကြောင့်လို့ ယုံကြည်ပါတယ်။
    စကားလုံးလေး ဘာသာပြန်တာလွဲတာနဲ့ မဆိုင်ပါဘူး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 2, 2010 at 11:01 am

    (ကျွန်တော်တို့ရဲ့နားလည်မှုနဲ့ ဘာသာစကားကို ပြောင်းလဲဘို့နဲ့ Information Technology ပါပဲ)
    အာပါး

Leave a Reply