ုုKnowledge ဆိုတာဘာလဲ

asiamastersNovember 1, 20101min2185

Knowlege ဆိုတာဘာလဲလို့မေးရင် အတော်များများက ဗဟုသုတပေါ့လို့ အလွယ်တကူပဲပြန်ဖြေနိုင်ကြပါတယ်။ ဒါပေမဲ့ ဗဟုသုတဆိုတာဘာလဲလို့ဆက်မေးရင်တော့ တစ်ချို့က အသိပညာလိုပြောလိုပြော၊ အတတ်ပညာလိုပြောလိုပြော ရေထွေးနေကြ
တာများပါတယ်။ ဒါကြောင့် Knowledge ဆိုတာဘာလဲဆိုတာကို တိတိကျကျ နားလည်သဘောပေါက်ဖို့လိုလာပါတယ်။ Knowledge ဆိုတာ ဗဟုသုတလို့ပြောရင်မှန်ပါတယ်။ ဗဟု ဆိုတာက များတာကို ဆိုတာဖြစ်ပါတယ်။ သုတဆိုတာက သိတာကို
ဆိုခြင်းဖြစ်ပါတယ်။ ဆိုလိုတာကတော့ များများသိတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ များများသိရင်ကောင်းလား၊ နဲနဲသိရင်ကောင်းလားလို့ မေးခွန်းတစ်ခုရှိပါတယ်။ ကျွန်တော့် အယူအဆအရဆိုုရင်တော့ များများသိတာပိုကောင်းတာဖြစ်ပါတယ်။
မျုားများသိလေလေ၊ များများရွေးချယ်နိုင်လေလေ ဖြစ်လို့ပါပဲ။ များများသိခြင်းဆိုတော့ ဘယ်လိုသိတာလဲလို့မေးလာစရာအကြောင်းရှိပါတယ်။ သက်ရှိတွေ သိပုံက အာရုံငါးပါးကစတယ်လို့ပြောရမှာဖြစ်ပါတယ်။ အာရုံငါးပါးဆိုတာက အာရုံခံ
တွေဖြစ်တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် တို့ ကစတာဖြစ်ပါတယ်။ မျက်စိက မြင်ခြင်းကိုဖြစ်စေတယ်။ နားက ကြားခြင်းကိုဖြစ်စေတယ်။ နှာခေါင်းက အနံ့ ကိုသိတယ်။ လျှာ ကအရသာကိုခွဲခြားနိုင်တယ်။ ကိုယ်ခန္ဒာက အထိအတွေ့ကိုသိတယ်။
ဒီလိုသိတာကို အာရုံးငါးပါးနဲ့သိခြင်းလို့ခေါ်ပါတယ်။

ဒီလိုအာရုံးငါးပါးနဲ့ သိခြင်းဟာ လူတွေမှာသာ မဟုတ်ပါဘူး၊ တိရိစ္ဆာန်တွေမှာလည်း ရှိပါတယ်။ တစ်ချို့ တိရိစ္ဆာန်တွေဟာ အာရုံခံစားမှုတွေနဲ့ ပတ်သက်လာရင် လူသားတွေထက်တောင်သာပါတယ်။ဥပမာအားဖြင့် ခွေးတွေဟာ အနံ့ ခံခြင်းမှာ အလွန်
ထက်မြက်ကြပါတယ်။ သိန်းငှက်တွေဟာ အမြင်အရာမှာ အလွန်ထက်မြက်ကြပါတယ်။ ဒီလို ခံစားမှုတွေမှာ လူသားတွေဟာ တိရိစ္ဆာန်တွေကို မမှီပါဘူး။တိရိစ္ဆာန်လို့ဆိုတဲ့နေရာမှာ တိ ဆိုတာက (၃) ကိုဆိုပါတယ်။ ရစ္ဆာန်ဆိုတာက အလုပ်ကိုဆိုပါတယ်။
ဒါကြောင့် တိရိစ္ဆာန်ဆိုတာက အလုပ်သုံးမျိုးသာလုပ်တဲ့ သတ္တဝါတွေသာဖြစ်ပါတယ်။ ဒီအလုပ်သုံးမျိုးကတော့ အိပ်တာရယ်၊စားတာရယ်၊ ကာမဂုဏ် မှီဝဲတာရယ်ပဲဖြစ်ပါတယ်။ တိရိစ္ဆာန်အချို့ဟာ လူသားတွေထက်စာရင် အာရုံခံစားမှုမှာသာသော်လည်း
ဉာဏ်သိ (သို့) အသိဉာဏ် ( Intelligent) နဲ့ပတ်သက်လာရင် ဘယ်လိုမှ နှိုုင်းယှဉ်လို့မရတော့ပါဘူး။ ဒါကြောင့် လူသားတွေဟာ ဒီနေ့ကမ္ဘာပေါ်မှာပြိုင်ဘက်ကင်း မဟာလူသားများဖြစ်လာရခြင်းဖြစ်ပါတယ်။

အသိဉာဏ် (Intelligent) ကို တစ်ချို့က အသိပညာနဲ့ ရောထွေးနေတာလည်းရှိပါတယ်။ အသိပညာဆိုတဲ့စကားလုံးကရောထွေးနေတဲ့စကားလုံးတစ်ခုဖြစ်ပါတယ်။ အသိ ဆိုတာတဲ့နေရာမှာ အသိဉာဏ်လို့သာသုံးရမှာဖြစ်ပါတယ်။ ပညာဆိုတာက အဓိပ္ပါယ် သပ်သပ်ရှိပါတယ်။ ပညာဆိုတာက အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ကိုဆိုပါတယ်။ အတတ်ကိုလည်း ပညာလို့ပဲခေါ်ပါတယ်။ ဒါကြောင့် အသိပညာဆိုပြီး ပြောလိုက်တော့ လူသားတွေနားလည်မှုတွေဟာ ရောထွေးကုန်တော့တာပါပဲ။  ဒီလိုရောထွေးပြီးတော့ ဘာမှ ဂဃနဏ နားမလည်သူတွေဖြစ်လာကြရတာပါပဲ။ ဒီတော့ အသိဉာဏ်ဆိုတာဘာလဲ၊ အသိဉာဏ်မှာ ဘာတွေပါလဲဆိုတာသိလိုလိုလာပါတယ်။ အသိဉာဏ်မှာ ပထမဦးဆုံးပါတာက အတွေအကြုံ (Experience)
ဖြစ်ပါတယ်။ ဒုတိယ တစ်ခုကတော့ သင်ယူနိုင်ခြင်း (Learning) ဖြစ်ပါတယ်။ တတိယတစ်ချက်ကတော့ စဉ်းစားခြင်း (Thinking) ဖြစ်ပါတယ်။ စတုတ္ထတစ်ချက်ကတော့ ကျိုးကြောင်းဆင်ခြင်ခြင်း (Reasoning) ဖြစ်ပါတယ်။ ပဉ္စမအချက်ကတော့
မှတ်ဉာဏ် (Memory) တို့ပါဝင်ပါတယ်။ ဒါတွေဟာ အသိဉာဏ်လို့ ခြုံငုံပြီးခေါ်တဲ့အချက်တွေပဲဖြစ်ပါတယ်။ ဒါတွေ အားလုံးပေါင်းလိုက်ရင် အသိဉာဏ်ဆိုတာဖြစ်လာပါတယ်။

အတွေ့အကြုံကို လူသားတွေသာအသုံးပြုနိုင်ပါတယ်။ မိုးဦးကျကာလမှာ ပလူကောင်တွေထွက်လာတတ်ပါတယ်။ ပလူကောင်တွေဟာ အလင်းရောင်ရှိရာ အိမ်များအတွင်းကို အုပ်လိုက်ဝင်လာလေ့ရှိပါတယ်။ အလင်းရောင်ရှိတဲ့ဘယ်နေရာကိုမဆို
တိုးဝှေ့လေ့ရှိပါတယ်။ မီးချောင်းတွေကို တိုးသလို၊ ဖယောင်းတိုင်တွေကိုလည်းတိုးတာပါပဲ။ ဖယောင်းတိုင်ကိုတိုးမိတဲ့အကောင်တွေဟာ တောင်ပံတွေမီလောင်ပြီးအောက်ကိုကျသွားကြပါတယ်။ ဒါပေမဲ့ နောက်လိုက်လာတဲ့အကောင်တွေဟာ ဆက်မတိုး
ပဲမနေပါဘူး။ ဆက်တိုးတာပါပဲ။ ဒီသဘောကိုကြည့်ရင် တိရိစ္ဆာန်တွေဟာ ရှေ့ကဖြစ်ပျက်ခဲ့တာတွေကို အတွေ့အကြုံယူနိုင်ခြင်းမရှိပါဘူး။ လူသားတွေကတော့ ပြောင်းပြန်ဖြစ်ပါတယ်။ ပူလောင်တဲ့အရာဝတ္ထုမျိုးကို မတော်တဆထိမိလို့ ပူသွားတယ်
ဆိုရင် နောက်တစ်ခါဒီအရာက်ို ထပ်မထိတော့ပါဘူး။ ဆိုလိုတာက လူသားတွေဟာ အတွေ့အကြုံကိုအကောင်းဆုံးအသုံးချနိုင်တဲ့ သတ္တဝါများဖြစ်လို့ပါပဲ။

သင်ယူမှုကို တိရိစ္ဆာန်တွေမလုပ်နိုင်ပါဘူး။ ဒါပေမဲ့ အနည်းအကျဉ်းလောက်ကိုတော့သင်နိုင်ပါတယ်။ ဥပမာ ဆပ်ကပ်မှာသင်ထားတဲ့ တိရိစ္ဆာန်လေးတွေ၊ အိမ်မွေး ခွေးလေးတွေ၊ ကြောင်လေးတွေ၊ မျောက်လေးတွေ သတင်းစာယူပေးတာတို့၊ လမ်းပြတာ
တို့၊ အုန်းပင်တက်ပေးတာတိုကလောက်တော့သင်ပေးလို့ရပါတယ်။ အမေရိကန်သိပ္ပံပညာရှင်တွေ စမ်းသပ်ချက်အရ လူူဝံတစ်ချို့ကို တစ်နဲ့ တစ်နဲ့ပေါင်းရင် နှစ်ရတယ်ဆိုတဲ့သဘောလေးကိုသင်ပေးလို့ရတယ်။ အာကာသထဲ ဒုံးပျံတွေစမ်းသပ်
ပြစ်လွွှှတ်မှုတွေမှာ လူတွေလိုက်မပါသေးခင်၊ လေ့ကျင့်ပြီးသားလူဝံတွေကိုထည့်သွင်းစမ်းသပ်တဲ့နေရာမှာသုံးပါတယ်။ ဒါပေမဲ့ နှစ်နဲ့ နှစ်မြှောက်ရင် လေးရတယ်ဆိုတဲ့ သဘောမျိုးကိုတော့ ဘယ်လိုမှသင်ပေးလို့မရပါဘူး။ လူသားတွေအတွက်ကတော့
၅ နှစ် အရွယ်ကျောင်းနေချိန်ဆိုရင် ဒီသဘောတရားကိုနားလည်နေပြီဖြစ်ပါတယ်။ ဒါကြောင့် လူသားတွေရဲ့ အသိဉာဏ်ရဲ့ အစိတ်အပိုင်းတစ်ခုဟာ သင်ယူခြင်းပါပဲ။ တစ်ချို့အလွန်ထူးခြားတဲ့ ဉာဏ်ကြီးရှုင်လူသားတွေမှာဆိုရင် သုံးနှစ်လောက်ဆိုရင်
ဒီသဘေားတရားတွေအားလုံးတတ်နေပြီဖြစ်ပါတယ်။

နောက်တစ်ချက်က စဉ်းစားခြင်းဖြစ်ပါတယ်။ စဉ်းစားခြင်းကို လူသားတွေသာလုပ်နိုင်ပါတယ်။ ဒီရောမှာ ဒဿဏိက ပညာရှင်ကြီးတစ်ဦးပြောခဲ့တဲ့စကားလေးတစ်ခုရှိပါတယ်။ I think therefore I am. ဆိုပြီးဖြစ်ပါတယ်။  ငါဟာစဉ်းစားတယ်၊ဒါကြောင်
့ ငါဟာဖြစ်တည်တယ်လို့ အနက်ရပါတယ်။ ဒါကြောင့် လူသားတွေမှာ မိမိကိုယ်မိမိ ဖြစ်တည်နိုင်ရန် စဉ်းစားကြဘိုလို့ပါတယ်။ မစဉ်းစားသူတွေသာ လူသားတွေအဖြစ်မှ လျှောကျပျောက်ကွယ်သွားမှာပါပဲ။ သူများပြောတာတေကို မစဉ်းစားပဲ ယုံကြည်သူ
များဟာလူသားတွေအနေနဲ့ ရပ်တည်နိုင်စွမ်းမရှိတော့ပါဘူး။ သူတစ်ပါးရဲ့ အပြုခံလူသားတွေသာဖြစ်လာပါတယ်။ ဒါကြောင်း လူသားတွေရဲ့ အသိဉာဏ်မှာ စဉ်းစားတွေးခေါ်မှု ဆိုတာ အစိတ်အပိုင်းတစ်ခုအနေနဲ့ အလွန်အရေးကြီးတာဖြစ်ပါတယ်။
မုူလအားဖြင့် လူသားတွေဟာ စဉ်းစားတဲ့အလုပ်ကို သိပ်မလုပ်လိုကြပါဘူး။ လွယ်လွယ်နဲ့ အင်အားသုံးလုပ်တာတွေကို သာလုပ်လိုကြပါတယ်။ ဒါပေမဲ့ ရေရှည်မှာ စဉ်းစားတတ်သူတွေနဲ့ မစဉ်းစားတတ်သူတွေဟာ အလွန်ကွာဟလာတာဖြစ်ပါတယ်။
စဉ်းစားတတ်သူတွေဟာ အုပ်ချုပ်သူတွေ၊ ခေါင်းဆောင်တွေ၊ အဆုံးအဖြတ်ပေးသူတွေဖြစ်လာကြပြီးတော့၊ မစဉ်းစားတတ်သူတွေဟာ စဉ်းစားရန်မလိုတဲ့အလုပ်တွေဖြစ်တဲ့ အိမ်ဖေါ်အလုပ်တွေဖြစ်ဖြစ်၊ အလုပ်ကြမ်းသမားတွေသာဖြစ်လာပါတယ်။

ကျိုးကြောင်းဆင်ခြင်ခြင်းဆိုတာက လူသားတစ်ဦးဖြစ်လာရင် မိမိပြုမူ၊ ပြောဆို လုပ်ဆောင်မှုတွေဟာ မိမိရဲ့ လူ့အသိုင်းအဝိုင်းရဲ့ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ ဓလေ့ထုံးတမ်းများအရသော်လည်းကောင်း၊ စာရိတ္တပိုင်း (    Morale) အရသော်လည်း
ကောင်း၊ ကိုယ်ကျင့်သိက္ခာ (Ethic) ပိုင်းအရအသော်လည်း၊ အများသဘောတူရေးဆွဲထားတဲ့ ဥပဒေအရသော်လည်းကောင်း၊ မိမိကိုးကွယ်တဲ့ဘာသာအရသော်လည်းကောင်း  မျှတမှန်ကန်မှုရှိမရှိ ကျိုးကြောင်းဆင်ခြင်တတ်ရန်လိုပါတယ်။ ဒီလိုမဆင်ခြင်
တတ်ဘူးဆိုရင်လည်း အဆင့်နိမ့်ပါးတဲ့ လူသားတွေသာဖြစ်လာမှာဖြစ်ပါတယ်။ ဒီလို အဆင့်နိမ့်တဲ့ လူသားတွေနဲ့ဖွဲ့စည်းထားတဲ့ လု့အသိုင်းအဝိုင်းဟာ မြင့်မားတဲ့လူ့အသိုင်းအဝိုင်းတွေနဲ့ ဘယ်လိုမှဆက်စပ်လို့ မရနိုင်ပါဘူး။

မှတ်ဉာဏ်ဆိုတာက လူ့ဦးနှောက်က ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေ၊ အချက်အလက်တွေကို မှတ်ယူထားပြီး လိုအပ်ချိန်မှာပြန်လည်ထုတ်ယူသုံးစွဲနိုင်ခြင်းဖြစ်ပါတယ်။ မှတ်ဉာဏ် ဟာလူသားတွေအတွက် အရေးကြီးပါတယ်။ လူသား
တွေမှာ ကမှတ်ဉာဏ် အမျိုးမျိုးရှိပါတယ်။ တစ်ချို့က တစ်ခါဖတ်လိုက်တာနဲ့ အားလုံးကို ဓါတ်ပုံရိုက်ထားသလို မှတ်မိနိုင်တယ်။ တစ်ချို့ကလည်း မြန်မြန်မှတ်မိပြီး မြန်မြန်ပဲ မေ့ပျောက်လွယ်သွားတာမျိုးလည်းရှိပါတယ်။ တစ်ချို့ကတော့ လွယ်လွယ်
မမှတ်မိနိုင်ပါဘူး၊ ဒါပေမဲ့ မှတ်မိလိုက်ရင် မမေ့တော့တဲ့ မှတ်ဉာဏ်ဖြစ်ပါတယ်။ ဒီလို လွယ်လွယ်နဲ့ မမှတ်မိနိုင်တဲ့သူတွေဟာ သူတို့ကိုယ်သူတို့ ညံ့တယ်လို့ ယူဆတတ်ပါတယ်။ အမှန်တကယ်ကျတော့ သူတို့ဟာ ထူးခြားသော မှတ်ဉာဏ်
မျိုးကို ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဒါကြောင့် မိမိမှာ ဘယ်လိုမှတ်ဉာဏ်မျိုုးရှိလဲဆိုတာသိဘို့လိုပါတယ်။ မြန်မာနိုင်ငံရဲ့ Education စနစ်က မှတ်ဉာဏ်ကိုဦးစားပေးတဲ့ စနစ်မျိုးဖြစ်ပါတယ်။ အလွတ်ကျက်ပြီး ဖြေတာမျိုးတွေပဲများပါတယ်။ ဒီလို အလွတ်ကျက်
ဖြေတာမျီုးပဲဖြစ်တာကြောင့် အသိဉာဏ်ပိုင်းမှာ အလွန်ချို့တဲ့ကုန်ကြတာဖြစ်ပါတယ်။

လူသားတွေဖွံ့ဖြိုးတိုးတက်တယ်ဆိုတဲ့နေရာမှာ အသိဉာဏ်ပိုင်း ဖွံ့ဖြိုးလာမှုကအလွန်အရေးကြီးပါတယ်။ အထက်မှာဖေါ်ပြထားတဲ့အတိုင်း အသိဉာဏ်ဆိုတာက အတွေ့အကြုံ၊ သင်ယူနိုင်ခြင်း၊  စဉ်းစားခြင်း၊ ကျိုးကြောင်းဆင်ခြင်ခြင်းနဲ့ မှတ်ဉာဏ်တွေ
ဖြစ်ပါတယ်။ လူသားတွေဟာ အသိဉာဏ်မဖွံ့ဖြိုးမတိုးတက်ဘူးဆိုရင် အာရုံခံစားမှုတွေနောက်ကိုသာလိုက်လာလေ့ရှိပါတယ်။ ဒီအာရုံခံစားမှုထဲမှာသာနေတော့တယ်ဆိုရင် လူတွေဟာတိရိစ္ဆာန်နဲ့ သိပ်မကွာပါဘူး။ တိရစ္ဆာန်တွေထက်ကို ရက်စက်ကြမ်း
ကြုတ်သူတွေဖြစ်လာပါတယ်။ အသိဉာဏ်အမြင့်မားဆုံးအပိုင်းကိုရောက်သူတွေဟာ အာရုံခံစားမှုတွေနောက်ကို လုံးဝ မလိုက်တော့ပြန်ပါဘူး။ ဒါကြောင့် အပြစ်ရှိသူ (sinners) တွေနဲ့ သူတော်စင် ( Saints) တို့ကွာဟလာကြတာဖြစ်ပါတယ်။ လောကီ
(Secular)နဲ့ပတ်သက်တဲ့လူသားတွေအနေနဲ့ အာရုံခံစားမှုတွေကိုလည်းပစ်ပယ်လို့ မရသေးတဲ့အတွက် အာရုံခံစားမှုနဲ့ အမြင့်မားဆုံးအသိဉာဏ်ကြားမှာ နေထိုင်ကြရမှာဖြစ်ပါတယ်။ ဗဟုသုတလို့ဆိုတဲ့အတိုင်း များများသိလာသူတွေဟာ များများ
ရွေးချယ်လာနိုင်ပါတယ်။ ။  တစ်ဆက်တည်း မှာ အသိဉာဏ်တိုးတက်လာအောင်လဲလုပ်ဆောင်ရင်း ပိုမိုကောင်းမွန်တာတွေကို ရွေးချယ်သွားကြရမှာဖြစ်ပါတယ်။ဒီတော့ အသိဉာဏ်ကို ဘယ်လိုတိုးအောင်လုပ်ကြမလဲ ဆိုတာ နောက်တစ်ပုဒ်မှာ ဖတ်ကြရ
အောင်။

5 comments

  • zawana

    November 1, 2010 at 7:06 am

    အရမ်းကို တန်ဖိုးရှိတဲ့ ပို့စ်လေးပါပဲခင်ဗျာ။ ဗဟုသုတ တိုးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆက်လက် ဖတ်ရှုခွင့် ရဖို့ မျှော်လင့်နေပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 2, 2010 at 10:39 am

    (အသိဉာဏ်အမြင့်မားဆုံးအပိုင်းကိုရောက်သူတွေဟာ အာရုံခံစားမှုတွေနောက်ကို လုံးဝ မလိုက်တော့ပြန်ပါဘူး)
    ဒီစာကြောင်းလေးကို လွန်စွာနှစ်ခြိုက်မိပါရဲ ့

  • char too lan

    November 2, 2010 at 11:07 am

    တကယ်ကောင်းတဲ့ post ပါ
    ကူးယူသိမ်းထားချင်ပါတယ် ခွင့်ပြုပါလားဗျာ
    နောက်ထပ်တွေ ့ရမယ့် အလင်းသစ်တွေကိုလဲ စောင့်မျှော်နေပါမယ်
    ကျေးဇူးတင်ပါတယ် !!

  • unclegyi1974

    November 2, 2010 at 4:19 pm

    များများသိတာကောင်းပါတယ်
    တချို့ကိစ္စတွေကတော့နဲနဲဘဲသိတာကောင်းပါတယ်

Leave a Reply