ကြုံရ တွေ့ရ မှတ်မှတ် ရရ အဖြစ်အပျက်တွေ ရေးမယ် စိတ်ကူးရင်း.. ပုဂံမြေမှ အမှတ်တရ တခု သတိရလာခဲ့တယ်။ မြန်မာပြည် ခရီးသွားရာသီ ပါးတဲ့ အချိန် လေယာဉ် လက်မှတ် ၅၀% လျော့တဲ့ အချိန် ပုဂံမြေကို အလည်အပတ် သွားရောက်ခဲ့တယ်။ လေယာဉ် လက်မှတ် ၅၀% လျော့တယ်ဆိုတော့ အသွား အပြန်မှ တခေါက်စာဘဲ ဆိုတော့ တန်တယ် ဆိုပြီး သွားကြတာ.. ပုဂံမှာလည်း လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွား သိပ်မရှိတဲ့ အချိန်.. နေကပူ.. မိုးလေး တစွတ်စွတ်.. အိုက်တဲ့ အချိန်ပေါ့.. ဟိုတယ်တွေလည်း လူမလာလို့ မျှော်နေချိန်.. ခရီးသွား တည်းခိုသူ လာရင် ဟော်တယ်တွေ သိပ်ပျော်တာ.. ပုဂံသွားရင် တည်းနေကျ ဟိုတယ် တခုရှိတယ်.. သူ့ပုံစံက လုံးချင်းတိုက်ကလေးတွေ ဆောက်ထားပြီး ခြံဝန်းကြီးက ကျယ်တော့.. အနားယူလို့ကောင်းတယ်လို့ ခံစားရတယ်။ တခန်းနဲ့ တခန်း နဲနဲတော့ လှမ်းတယ်.. အပင်ကြီးတွေ အုပ်ဆိုင်းနေပြီး နေပြင်းတဲ့ အချိန် အပင်ကြီးတွေ အောက်မှာ ဆိုရင် အေးပြီး ငှက်ကလေးတွေ တစီစီနဲ့ စိတ်ကူးယဉ်လို့လည်း ကောင်းတယ်.. ပုဂံမြေရောက်တော့ လေယာဉ်ပေါ်က ဆင်းပြီး ကားဂိတ်တွေက ကားကို ငှားပြီး ဟိုတယ်မှာ အထုတ်တွေချ.. အလည် အပတ်ခရီး စတင်ခဲ့တယ်။ ပုဂံမြေက မီးမပျက်ဘူး ပြောတယ်။ သို့သော် ဆူးသွားတဲ့ အချိန်က ခရီးသွား ပါးတဲ့ အချိန်ဖြစ်သည်က တကြောင်း ဖြစ်တောင့် ဖြစ်ခဲ မီးပျက်နေတယ်။ ဟိုတယ်ရောက်ပြီး ထမင်းစားသောက်ပြီး အပြင်ထွက် လျောက်မလည်ခင်မှာ မီးပျက်သွားတာပါ.. ဘာကြောင့် ပျက်လဲတော့ မသိပါဘူး.. ဒေသခံ တွေကတော့ ပျက်လေ့ မရှိဘူး တော်ကြာ လာမှ ကိစ္စမရှိဘူးတဲ့.. နေ့အချိန် အပြင်လည်း ထွက်မှာဆိုတော့ အကြောင်းမဟုတ်ဘူးပေါ့.. ဒီလိုနဲ့ ဟိုသွားဒီသွား.. ဘုရားစုံ သွားရင်းနဲ့.. နန်းမြင့်မျှော်စင် ရောက်တဲ့ အချိန်မှာလည်း မီးပျက်နေလို့.. အပေါ်တောင် မတက်ခဲ့ရဘူး.. ဒီမှာလည်း မီးက ပျက်နေတာကိုး ဆိုပြီး.. ပြောပြီး ပြန်လှည့်လာတယ်။ ပုဂံဒေသမှာ ခေတ်စားတာကတော့ မြန်ာအစားအစာ ဘူဖေး ဇြစ်ပါတယ်။ ရပ်ဝေးက လူတွေ ဗဟုသုတ အနေနဲ့ ထည့်ရေးလိုက်မယ်။ မြန်မာ ဘူဖေးဆိုတာကတော့ ဟိုတယ်တွေလို ဘူဖေး ဆိုပြီး အိုးတွေ ခွက်တွေ အများကြီး တန်းစီထားပြီး ကြိုက်တာ ယူစားရတဲ့ ပုံမျိုး မဟုတ်ဘူး.. ထမင်းဆိုင် တွေမှာ စားပွဲတွေမှာ ထိုင်ပြီး စားမဲ့ သူအတွက် သူမှာ ရှိတဲ့ ဟင်းတွေကို ပန်ကန် အသေးလေးတွေနဲ့ ခပ်ပြီး ချပေးသည်။ ကြိုက်ရင် ထပ်တောင်း စိတ်ကြိုက်ပေးတယ်။ စားတဲ့ စရိတ်က သက်သာတယ် ကြက်ကြော်ကြိုက်ရင် ကြက်ကြော်ပေါ့.. တခါလာချ ခါနီးမှ တခါကြော် တာဆိုတော့ ပန်ကန် တချပ် ကုန်သွားလို့ ထပ်တောင်းမယ်ဆိုရင် စားလို့ ပြီးလောက်မှ လာချတယ်။ ပုဂံရောက်ရင် မြန်မာ ဘူဖေး သွားစားကြည့်ကြပေါ့.. စားလို့ကောင်းပါသည်။
ဒီပုံလေးကတော့ ဘူဖေး ထမင်းဝိုင်းပုံတော့ မဟုတ်ပေမဲ့.. ဘူဖေး ထမင်းဝိုင်း ပုံရှာ မရလို့.. တွေ့တာလေး တင်ပေးလိုက်တာ.. မြန်မာ နယ်ဘက်တွေမှာ ထမင်းနဲ့ ဟင်းတပွဲ မှာရင် အရံဟင်းတွေ အားကြီး ချပေးတာ အရံဟင်းတွေဆိုလည်း ပိုက်ဆံ မယူဘူး.. ကုန်သွားလို့ ထပ်တောင်းမှ ပိုက်ဆံ ပေးရသည်။

အမှောင်ထုကြားက မျက်ဝန်းတစုံ ဆီ ဆက်သွားလိုက်အုန်းမည်။
မီးပျက်နေတာ မနက် ၁၁နာရီ ဝန်းကျင်ကတည်းက ပျက်နေတာ.. ညနေ ဟိုတယ် ရောက်တော့လည်း မီးကပျက်.. နေ့အလင်းရောင် ရှိတော့ ကိစ္စတော့ မရှိပါဘူး။ ခရီးသွား အဖော် အနေနဲ့ လေယာဉ် မစီးဘူးလို့ လိုက်စီးချင်တယ် ဆိုပြီး ပါလာတဲ့ ဆူး ရဲ့ နယ်မှာနေတဲ့ အဒေါ်တယောက်.. ဟိုတယ်အခန်း ၂ယောက် ၁ခန်းဆိုတော့.. အဒေါ်နဲ့ ဆူးနဲ့.. တူတူ အိပ်တယ်။ အဒေါ်က ခပ်ရိုးရိုး.. ဟိုတယ် အခန်းထဲ ဝင်သွားတော့ သူအတွေးကတော့.. ခုတင်ကြီးက မိုက်တယ်.. ထိုင်လိုက်ရင်တောင် အိစက်ပြီး နိမ့်ဝင်သွားတာဘဲ.. စောင်ကလည်း အမွေးလေးဖွလို့.. ထူပြီး နူးညံနေတာဘဲ.. ကောင်းလိုက်တာ.. ငါတို့ နယ်မှာ ဆို ဖျာနဲ့ မွေ့ယာ ဒါနဲ့ ဘဲ အိပ်နေရတာ.. အခုတော့ အကောင်းစားလေးနဲ့ ဇိမ်ကျကျ အိပ်ရအုန်းမှာဘဲလို့ တွေးရင်း သဘောကျနေလေရဲ့..အမှောင်ထု ကြီးစိုးမှု စတင်တဲ့ အချိန် ညနေ ၆နာရီလောက်မှာ ဟိုတယ်က မီးစက်နိုးပေးတယ်။ အဲကွန်းလည်းရတယ် ဆိုတော့.. ဇိမ်ကျကျ စတိုင်ကျကျ အိပ်နေတာပေါ့.. ရုပ်ရှင်လေးကလည်း ကောင်းနေတာ.. အဒေါ်ကတော့ လေယာဉ်ခဘဲ ကုန်ပြီး ကျန်တာ စရိတ်ငြိမ်း ခေါ်လာတော့.. သဘောတော်ကျလို့.. ည ၁ဝနာရီလောက် မီးစက် မပိတ်ခင် ဟိုတယ် ဝန်ထမ်း နာရိဝက်အလိုမှာ ရောက်လာပြီး မီးမလာတဲ့ အတွက် နောက်နာရီဝက်နေရင် မီးစက်ပိတ်ပါမယ်တဲ့.. ဒါဆိုလည်း.. အိုကေပေါ့.. ဘယ်တတ်နိုင်မလဲ.. လုံးချင်းလေးတွေ ပုံစံနဲ့ တည်းခိုခန်း.. တခုနဲ့ တခု ဝေးကလည်း ဝေး.. ဟိုတယ် စုံစမ်းမေးမြန်းရေး ဠာန ကို သွားမယ်ဆို အမှောင်ထုထဲမှာ တော်တော် လှမ်းတယ်.. ဒီတခါတော့ ရွေးချယ်မှု ပြသနာ တက်ပြီ။ နေ့ဘက်မှာတောင် သစ်ပင်ကြီးတွေ အုပ်ဆိုင်းနေလို့ နေပျောက်တောင် မထိုးဘဲ အရိပ်ရနေပေမဲ့.. ညဘက် အမှောင်မှာတော့ ကြယ်ရောင် မဖောက်နိုင်လို့ မှောင်နေတာ ဆိုတော့ အခန့်မသင့်ရင် ကိစ္စ တခုခု ဖြစ်လို့ စုံစမ်းရေး ဠာန မရောက်ခင် မြွေတောင် နင်းမိရင် အကိုက်ခံရနိုင်သေးတယ်။ မီးမပိတ်ခင် အလုပ်သင့်ဆုံးကတော့.. အိပ်ပျော်အောင် အိပ်ဖို့ပါဘဲ.. အိပ်တော့မည်.. အဲကွန်းအကုန်တင်ပြီး အိပ်ပါသည်။ နာရီဝက်ကြာသော် မီးပိတ်သွားပြီ.. အိပ်မပျော်သေးပါ။ အားလုံး အမှောင်အတိ ဖုံးလွမ်းသွားပြီ.. ကိုယ့်နားရွက်ကိုယ်တောင် မမြင်ရတဲ့ အဖြစ်ပါ.. အမှောင်ထဲမှာ အနေကြာရင် မျက်စိထဲမှာ မြင်ရတယ်လို့ ပြောပေမဲ့.. လုံးဝ အလင်းရောင် မရှိတဲ့ အချိန်မှာတော့ ဘယ်လိုမှ မမြင်ရတာ သေချာပါတယ်။ ညက မှောင်.. မွေ့ယာ ထူထူ.. အိစက်ပါတယ်ဆိုတဲ့ မွေ့ယာ နူးညံပါတယ် ဆိုတဲ့ စောင်တွေ အကုန် လွင့်ပစ်ချင်လောက်အောင်ကို ပူနေပါပြီ.. ချွှေးတလုံးလုံးနဲ့.. အိပ်နေတာ.. ဘယ်ကို ကြည့်ကြည့် ညာကို ကြည့်ကြည့်.. ဘာမှ မမြင်.. အခန်းထဲမှာ အိပ်နေတာ လှုပ်တောင် မလှုပ်ရဲလောက်အောင်ကို စိတ်တွေ ခြောက်ခြားခဲ့တယ်.. ဒီလိုနဲ့ အိပ်ပျော်သွားခဲ့တယ်။
ဘေးမှာ အိပ်နေတဲ့ အဒေါ်ကလည်း သူလည်း အိပ်မပျော်နိုင်ဖြစ်.. အိမ်သာလေး သွား.. ပြန်အိပ်ဖို့ကြိုးစား ပါသော်လည်း လုံနေတဲ့ အခန်းမှာ.. အိပ်လိုက်တာနဲ့ ခွက်ဝင်သွားပြီး အိနေတဲ့ မွေ့ယာနဲ့ နူးညံ ပါတယ် ဆိုတဲ့ စောင်တွေရဲ့ အစွမ်းသတ္တိကို သဘောပေါက်နေလို့.. ပြန်အိပ်ရမှာ ခက်နေပြီ.. အခန်းကလည်း မှောင်နေတာမှ တယောက်နဲ့ တယောက် မမြင်ရ.. ဟိုစမ်းဒီစမ်း သွားနေရသည်။ အလင်းရောင်ရှိနေတုန်းက ထိုင်ခုံတွေ မြင်မိသည်.. ထို ထိုင်ခုံတွေဘက်ကို သွားပြီး ထိုင်ကာ ခဏမှေးလိုက်သည်။ မှေးခနဲ ဖြစ်တုန်းမှာ အိပ်မက်လေလား တကယ်လေလား.. အမှောင်ထုကြားက အစိမ်းရောင် တောက်ပတဲ့ မျက်လုံးပိုင်ရှင် မုတ်ဆိတ်မွှေး အရှည်ကြီးနဲ့ ခေါင်းပေါင်း အဖြူကြီးနဲ့ အဘိုးကြီး တယောက် မျက်နှာ အနားကို ကပ်ပြီး စကား တခွန်း လှမ်းမေးလိုက်သည်..
`အိပ်ပျော်သွားပြီလား´
ထို အချိန်မှာ ထိုင်လျက်အနေအထား မှေးခနဲ အိပ်ပျော်မလို ဖြစ်နေတုန်း အဘိုးကြီးရဲ့ အသံ၊ မျက်နှာနဲ့ မျက်လုံး တစ်စုံကို မြင်လိုက်လို့ လန့်ပြီး တုန်သွား ယုံမက ခေါင်းနဘန်းကြီးကာ တကိုယ်လုံး ကြက်သီးမွေးချင်းထ သွားသလို ခံစားရသည်။ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တဲ့ အခါမှာလည်း အခန်းထောင့် တနေရာမှာ အစိမ်းရောင် အလင်း ၂ခု မြင်လိုက်သည်။ အဘိုးကြီး မျက်စိက ထွက်နေတဲ့ အလင်းများလေလား.. တုန်လှုပ်ခြောက်ခြားမိနေသည်။ ကြောက်လန့် တုန်လှုပ်မိတဲ့ အချိန်တွေကို ကျော်ဖြတ်ဖို့ရာ.. တယောက်တည်း မနေတော့ဘဲ.. အိပ်ပျော်နေတဲ့ ဆူးရဲ့ဘေးမှာ တိတ်ဆိတ်စွာ ဝင်အိပ်ပြီး.. မနက်လင်းသော အခါမှ ဆူးကို ပြောပြလေသည်။ အဒေါ်မြင်သော အစိမ်းရောင် မျက်ဝန်း တစ်စုံ ဆိုသည်မှာ အဲကွန်း အဖွင့်အပိတ်လုပ်တဲ့ Remote Control က ညဘက် အလင်းထွက်နေတဲ့ မီးစုန်းကလေးက အရောင်လေး ဖြစ်နေပါသည်။ မည်သို့ဆိုစေကာမူ.. အမှောင်ထုက လူ၏ စိတ်ကို ကြောက်ရွံမှု စိုးရိမ်စိတ်နဲ့ အတွေးမျိုးစုံကို တွေးစေခဲ့တာတော့ အမှန်ပါဘဲ.. အိပ်မက်နဲ့ တိုက်ဆိုင်မှုက စိတ်ကို ဂယောင်ခြောက်ခြား ဖြစ်စေခဲ့သည် ထင်ပါသည်။

About ဆူး

has written 398 post in this Website..