သင့်အိမ်ထောင်ရေး သာယာဖို့ (Blissful Marriage)

Zaw WonnaNovember 1, 20101min1206

သာယာချမ်းမြေ့သော အချစ်ဇာတ်လမ်းမျိုးကို တွေ့ရှိရန် ခက်ခဲလှသည်။ သင့်အိမ်ထောင်ရေးအား ကျန်းမာ၊ ပျော်ရွှင်စွာဖြင့် ထိန်းသိမ်းထားနိုင်ပြီး အောင်မြင်သော အိမ်ထောင်ရေးတစ်ခု ဖြစ်ရန်အတွက် ရိုးရှင်း၍ အသုံးဝင်သော အကြံပေးချက် ၁၂ ခုကို တင်ပြလိုပါသည်။

၁။ သင့်အပြုအမူများကို သတိထားပါ။
သင့်အိမ်ထောင်ဘက်က သင့်ကို အကူအညီပေးတဲ့ အခါမျိုးတိုင်းမှာ “ကျေးဇူးပြုပြီး”၊ “ကျေးဇူးတင်ပါတယ်” စသဖြင့် သုံးစွဲပြောဆိုခြင်းဖြင့် သူ့အား လေးစားမှုနှင့် ချစ်မြတ်နိုုးမှုကို ဖော်ပြပါ။ အလွယ်တကူ ရရှိသော အကူအညီဖြစ်၍ အလေးမထားပဲ မနေပါနှင့်။

၂။ အပြောင်းအလဲသည် ဘဝအတွက် စိတ်ဝင်စားဖွယ်ရာ ဖြစ်၏။
လေ့လာမှုများအရ ပျင်းရိငြီးငွေ့ဖွယ်ကောင်းခြင်းသည် ဆက်ဆံရေးနှင့် ပတ်သက်၍ စိတ်ကျေနပ်မှု ကင်းမဲ့စေသည်။ သွားနေကျ မဟုတ်သော စားသောက်ဆိုင်သို့ သွားခြင်း၊ ခရီးထွက်ခြင်း စသည့် ပြောင်းလဲမှု အသစ်များကို ပြုလုပ်ရန် ကြိုးစားပါ။ စူးစမ်းရှာဖွေမှုများကို အတူ ပြုလုပ်ခြင်းသည် သင်တို့နှစ်ဦးအား နီးစပ်သော ခံစားချက်ကို ဖြစ်ပေါ်စေလိမ့်မည်။

၃။ အတူတူ ကစား၊ အတူတူ နားပါ။
နှစ်ဦးလုံး စိတ်ဝင်စားသည့် အားကစား (သို့မဟုတ်) ဝါသနာပါရာ တစ်ခုခုကို အတူတူ လုပ်ဆောင်ပြီး ထိုအရာအား နှစ်ဦးသား ဆက်ဆံရေးတွင် ဦးစားပေးကိစ္စအဖြစ် သတ်မှတ်ပါ (တီဗွီကြည့်ခြင်း ကဲ့သို့သော ကိစ္စမျိုးကို မဆိုလိုပါ)။နှစ်ဦး အတူတကွ ပြုလုပ်နေစဉ်တွင် သာယာကြည်နူးမှု ဖြစ်စေမည့် မည်သည့်ကိစ္စမဆို ဖြစ်နိုင်ပါသည်။

၄။ မှန်ကန်စွာ ရန်ဖြစ်ပါ။
အကျိုးရှိမည့်ကိစ္စအတွက်သာ ငြင်းခုန်မည်ဆိုသော စည်းကမ်းကို သင့်စိတ်ထဲတွင် စွဲမြဲထားပါ။ သင့်အိမ်ထောင်ဘက်၏ နာမည်ကိုသုံး၍ ခေါ်ဝေါ်ခြင်းကို ရှောင်ပါ။ အမှန်တကယ် ခက်ခဲသော ကိစ္စများအတွက် အငြင်းအခုံ ပြုလုပ်နေရာမှ တခါတရံ ရပ်နားထားပါ။ သင့်အိမ်ထောင်ဖက်အား သူ့စကားဆုံးအောင် ပြောခွင့်ပြုပါ။ သင်ဒေါသထွက်နေချိန်တွင် ဆွေးနွေးမှု စတင်ရန် မကြိုးစားပါနှင့်။

၅။ အပေးအယူ လုပ်ပါ။
တောင်းဆိုမှုကို မည်သူမျှ မလိုလားသော်လည်း အပေးအယူလုပ်ခြင်းကိုမူ လူတိုင်း သဘောကျပါသည်။ အကယ်၍ သင့်အိမ်ထောင်ဘက်အား သူသဘောမတူနိုင်သည့် တစ်စုံတစ်ရာ ပြုလုပ်ပေးရန် လိုလားပါက အပေးအယူ ပြုလုပ်ခြင်းသည် ထိပ်တိုက်တွေ့ခြင်းကို ရှောင်ရှားနိုင်မည့် အမြန်ဆုံးနည်းလမ်း ဖြစ်ပေသည်။ ဥပမာ – “တကယ်လို့ ရှင့်အနေနဲ့ ကျမကြိုက်တဲ့ ရုပ်ရှင်ကို ပြမယ်ဆိုရင် တနင်္လာနေ့ည ဘောလုံးပွဲကို ရှင်နဲ့အတူ ဝိုင်းကြည့်ပေးမယ်လေ”။

၆။ ဦးခေါင်းနှစ်လုံး သုံးခြင်းသည် တစ်လုံးတည်း သုံးခြင်းထက် ပိုကောင်း၏။
အိမ်ထောင်ရေးဆိုသည်မှာ အခြေခံအားဖြင့် ရောနှောပေါင်းစပ်ခြင်းသာ ဖြစ်သည်။ သင့်အနေနှင့် အိမ်ထောင်ဘက်၏ တန်ဖိုးရှိသော အရည်အချင်းများကိုသာမက သူ၏ ပြဿနာများကိုလည်း အမွေဆက်ခံရပေမည်။ သူ့ပြဿနာများကို သိရှိရုံမျှမက အတူတကွ ကိုင်တွယ်ဖြေရှင်း ရပေမည်။ ဥပမာအားဖြင့် သင့်အိမ်ထောင်ဘက် အနေနှင့် အလွန်ဝ လာပါက အစားအသောက်များကို ချင့်ချိန်စားစေခြင်းအပြင် အားကစား လေ့ကျင့်ခန်းကိုလည်း သူနှင့် အတူတကွ လုပ်ဆောင်သင့်ပါသည်။

၇။ ဝေးကွာခြင်းသည် ကြင်နာမှုကို ဖြစ်ပေါ်စေသည်။
သင့်အိမ်ထောင်ဘက်မပါပဲ သင့်မိတ်ဆွေများနှင့်အတူ တခါတရံ ညအိပ်ညနေ နေကြည့်ပါ။ သင်တစ်ဦးတည်း နေထိုင်ရခြင်းဖြင့် သင့်အိမ်ထောင်ဘက်အား လွမ်းဆွတ်ခြင်းကို ဖြစ်စေပေလိမ့်မည်။ သင့်အနေနှင့် သဘာဝကျသော သူတစ်ဦးအဖြစ် သင့်မိတ်ဆွေများနှင့်လည်း အခင်အမင်မပျက် ဆက်ဆံနိုင်ပေမည်။

၈။ ဖွင့်ပြောပါ။
ငွေရေးကြေးရေး၊ ဘာသာရေး၊ သစ္စာတရား၊ ကလေးများကိစ္စ စသည့်ဖြင့် ခက်ခဲသော အကြောင်းအရာများအား ဖွင့်ဟပြောဆိုပါ။ ဤသို့ ပြောဆိုရခြင်းသည် ပျော်စရာကောင်းသည့် ကိစ္စမဟုတ်သော်လည်း အရေးပါပေသည်။

၉။ ရယ်မောခြင်းသည် အကောင်းဆုံးဆေး။
အမှားများအတွက် သင့်ကိုယ်သင် ရယ်မောတတ်အောင် ကြိုးစားပါ။ အကယ်၍ သင့်အိမ်ထောင်ဘက်က သင်၏ တန်ဖိုးကြီးသော ဝတ်စုံကို မီးကျွမ်းအောင် မီးပူတိုက်လိုက်မိပါက ရယ်မောပစ်လိုက်ပါ။ အိမ်ထောင်ရေး ခရီးရှည် ချီတက်ရာတွင် ရယ်မောခြင်းက ဒေါသထွက်ခြင်းထက် ပိုမိုကောင်းမွန်ပါသည်။ ဤကိစ္စသည် ကမ္ဘာပျက်လောက်သည့် အရေး မဟုတ်ပါချေ။

၁၀။ ရေရှည်ကို ကြည့်ပါ။
အကယ်၍ သင့်လုပ်ဖော်ကိုင်ဘက်၏ အမည်ကို သူ့အနေနှင့် ဆယ်ကြိမ်မြောက် မေ့လျော့နေခဲ့လျှင်လည်း သူ့အနေနှင့် သင့်အပေါ် ဂရုမစိုက်ဟု ယူဆရန် အကြောင်းမရှိပါ။ သင့်အနေနှင့် ပျော်ရွှင်ဖွယ်ကောင်းသော အိမ်ထောင်ရေးကို မျှော်လင့်ပါက စိတ်အနှောက်အယှက် ဖြစ်ရသည့် အသေးအဖွဲကိစ္စများအတွက် စကားများခြင်းကို ရှောင်ကျဉ်ပါ။ သင်တို့နှစ်ဦးလုံး လိုချင်သော အရာမှာ အတူတူပင်ဖြစ်ကြောင်း သတိရပါ။

၁၁။ မစွဲမြဲသူအတွက် အနိုင်မရှိ။
သင်တို့ နှစ်ဦးကြားရှိ ထုံးစံများကို မည်သည့်အကြောင်းကြောင့်မှ အပျက်မခံပါနှင့်။ ညစဉ် အိပ်ရာဝင် အနမ်းပေးခြင်း၊ မင်္ဂလာနှစ်ပတ်လည် ကျင်းပခြင်း စသည်ဖြင့် နှစ်ဦးလုံး စိတ်ကျေနပ်မှု ဖြစ်စေမည့် အချက်များကို စွဲစွဲမြဲမြဲ လုပ်ဆောင်ပါ။

၁၂။ ကြမ်းတမ်းသော ခရီးလမ်းသည် အကြမ်းခံနိုင်စေသည်။
လေ့လာမှုများအရ ခက်ခဲသော ကာလများကို ညှိနှိုင်းတိုင်ပင်ကာ ကျော်ဖြတ်ခဲ့ရသော စုံတွဲများသည် အခက်အခဲများကို ဖြေရှင်းရာ၌ အခြားသော စုံတွဲများထက် ပိုမို အောင်မြင်မှု ရရှိကြသည်။

Ref: Reader’s Digest, 12 Simple Steps to a Blissful Marriage

6 comments

  • winyungwe

    November 1, 2010 at 9:52 am

    အရမ်းကောင်းပါတယ်………….
    ဒီလိုအိမ်ထောင်ရေးဆိုရင်………….
    အရမ်းမျှော်လင့်မိတယ်……………………………….

  • Aunti Moe

    November 1, 2010 at 2:48 pm

    ရေရှည်ကို ကြည့်ပြီး ရွှေပြည်တော်ကိုပြောင်းခဲ့တယ်။
    အပြောင်းအလဲသည် ဘဝအတွက် စိတ်ဝင်စားဖွယ်ရာ ဖြစ်သော်လည်း……
    အပြုအမူများကိုသတိထားမည့်သူ၊ အတူတူ ကစား၊ အတူတူ နားမည့်သူ၊ မှန်ကန်စွာ ရန်ဖြစ်မည့်သူ၊ အပေးအယူ လုပ်ရမည့်သူ၊ ဖွင့်ပြောရမည့်သူ…….
    အဲဒီအိမ်သူက မြို့တော်ဟောင်းမှာ ကလေးတွေ တပြုံနဲ့ ယောင်ချာလည်။
    ဝေးကွာခြင်းသည် နာကြင်မှုကို ဖြစ်ပေါ်စေတယ်။
    ကြမ်းတမ်းသော ခရီးလမ်းသည် အကြမ်းခံနိုင်သော နှလုံးသားကိုပင် ကြေမွပျက်စီးစေသည်။
    …….ရယ်မောခြင်းသည် အခုလောလောဆယ်တော့ အကောင်းဆုံးဆေး။

    • zawana

      November 2, 2010 at 2:02 am

      ကျနော်နဲ့ အဖြစ်ခြင်း တူနေလို့ ကိုယ်ချင်းစာမိပါတယ် ခင်ဗျာ။
      http://www.shwemyine.com/2010/07/blog-post_08.html (အိမ်လွမ်းနာ) ကို ဖတ်ကြည့်ပါ။

      ကျနော်တို့ နိုင်ငံမှာတော့ ဒီအဖြစ်မျိုးတွေက များလွန်းနေပြီလို့ ထင်ပါတယ်။
      ချစ်တဲ့သူနဲ့ ကွေကွင်းရခြင်း ဒုက္ခမှ ကင်းဝေးပါစေလို့ အားလုံးအတွက် ဆုတောင်းပါတယ်။

  • kopauk mandalay

    November 1, 2010 at 4:33 pm

    ယောက်ျားကလဲ ဝင်ငွေကောင်းကောင်းရအောင်ရှာပြီး မိန်းမကို ပိုက်ပိုက်များများပေးပါ။
    မိန်းမကလဲ ပေးသမျှ ပိုက်ပိုက် ကို မဖြုန်းဘဲ ဟင်းကောင်းကောင်းချက်ကြွေးပါ။
    ဒါလဲ လိုတယ်လေဗျာ။

  • kai

    November 1, 2010 at 10:14 pm

    မေမေပြောလေ့ရှိတာလေး သတိရတယ်..။
    ယောက်ျားက ချမ်းသာတဲ့ဒဏ် မခံနိုင်ဘူး..။
    မိန်းမကတော့ ဆင်းရဲတဲ့ဒဏ် မခံနိုင်ဘူး တဲ့လေ..။

    ယောက်ျားကလဲ ဝင်ငွေကောင်းကောင်းရအောင်ရှာနိုင်ရင် … နောက်တယောက်ပါကောင်းကောင်းရှာတတ်လာတတ်တယ်ပေါ့..။
    မိန်းမများကတော့ .. ဆင်းရဲလာရင် .. နောက်တယောက်ဆီသွားဖို့ဝန်မလေးတော့တဲ့သဘောပါပဲ..။

    • zawana

      November 2, 2010 at 2:08 am

      ကျနော်ကိုယ်တိုင်က ဝင်ငွေကောင်းကောင်း မရှိသေးတော့ မဆွေးနွေးရဲသေးဘူး။ ဒါပေမဲ့ မိန်းကလေးတွေ အနေနဲ့တော့ ရသမျှနဲ့ ဟင်းကောင်းလေး ချက်တတ်ဖို့ လိုမယ်လို့ ထင်တယ်။
      “ယောက်ျားတွေရဲ့ အချစ်က အိမ်ထောင်မကျခင်မှာ နှလုံးသားမှာ တည်တယ်၊ အိမ်ထောင်ကျပြီးရင်တော့ လျှာပေါ်မှာ တည်တယ်” ဆိုတာလေးကို သတိရမိလို့ပါ။

Leave a Reply