တရုပ်ပြည်မှ သစ်သီးခြောက်များ

လင်းဝေNovember 2, 20101min591

အလွန်စားကောင်းသော သစ်သီးခြောက်များဖြစ်ပါသည်။ သစ်သီးအမျိုးအစားမှာလည်းစုံလင်လှသည်။ ဇီးသီးခြောက်၊ ခရမ်းချဉ်သီးခြောက်မှသည် မက်မွန်သီးခြောက်၊ မက်မန်းသီးခြောက်၊ ပန်းသီးခြောက်၊ ဇောင်းလျားသီးခြောက် အပါအဝင် ပိန္နဲသီးခြောက် အထိ အမျိုးမျိုး ကို အချဉ်၊အချို၊ အစပ်၊ အဖန် အရသာထွေပြားများစုံလှစွာ ရောင်းချနေတာကို မြန်မာပြည်တွင်သာမက အိမ်နီးနားချင်း နိုင်ငံများအပါအဝင် ဂျပန်လိုနိုင်ငံတွေအထိပါ တရုပ်ပြည်မကြီးက ( အဓိကအားဖြင့် တရုပ်ပြည်မကြီးကနေပြီးတော့ပေါ့ ) တင်ပို့ရောင်းချနေတာပါ။ စားကောင်းလို့ ရောင်းရပြီး အာရှမှာတော့လူတိုင်းသိတဲ့ စားကုန်သရေစာတစ်မျိုးအဖြစ်တွင်ကျယ်နေတာ ဆယ်နှစ်လောက်တော့ အနည်းဆုံးရှိနေပါပြီ။

အခုတော့ တရုပ်ပြည်က စားသောက်ကုန်များထုံးစံအတိုင်း အဲဒီအစားအစာဟာ ပြဿနာရှိနေပါတယ်တဲ့။ ပြဿနာကတော့ ခဲဆိပ်သင့်နိုင်လောက်အောင် ခဲ (Lead) ပါဝင်မှုနှုန်းများပြားနေတာလို့ဆိုပါတယ်။ ဒီကိစ္စကို စတင်ကြေငြာတာကတော့ မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနကဖြစ်ပါတယ်။ မလေးရှားက သစ်သီးခြောက်ထုတ်လုပ်သူတွေကိုကာကွယ်ချင်လို့တော့ မဟုတ်တာကို မကြေငြာတန်ကောင်းလောက်ဘူးလို့ ယူဆပြီး သတင်းအဖြစ်တင်ပြလိုက်ပါတယ်။ မြန်မာ စားသုံးသူများ ဆင်ခြင်နိုင်အောင်လို့ပါ။

မလေးရှားအစိုးရက တံဆိပ် ၁၈ခုကို ခဲပါဝင်မှုနှုန်းများတယ်ဆိုပြီး ပိတ်ပင်ကြောင်းကြေငြာခဲ့ပါတယ်။ ခဲပါဝင်မှု 0.11ppm ကနေပြီး 30.3ppm အထိမြင့်မားနေတယ်ဆိုပြီး ရောင်းချ စာသုံးခြင်းကို ပိတ်ပင်ဖို့ကြေငြာချက်ထုတ်ပြန်တာဖြစ်ပါတယ်။မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ထိုတံဆိပ် ၁၈မျိုး၏ သစ်သီးခြောက်များကိုသာ ပိတ်ပင်ခြင်းဖြစ်ပြီး အခြားအစားအစာများကို ထိုတံဆိပ်များဖြင့် ဆက်လက်ရောင်းချခြင်းကိုမူ ခွင့်ပြုကြောင်းပြောကြားပါတယ်။ ဒါဟာ အမေရိကန် FDA အစားအသောက်နှင့်ဆေးဝါးဌာနက ဒီသစ်သီးခြောက်တွေနဲ့ပတ်သက်ပြီး သူတို့ဆီမှာ သတိပေးချက်ထုတ်ပြန်တာကနေ စစ်ဆေးမှုက တွေ့ရှိတာလို့ပြောပါတယ်။ မလေးရှားရဲ့ အစားအသောက်စည်းမျဉ်း(၁၉၈၅)အရ ခဲပါဝင်မှုကို 2ppmအထိသားအများဆုံးအနေနဲ့လက်ခံတာဖြစ်ပါတယ်။ တကယ်တော့ အခုနောက်ပိုင်းမှာ ခဲပါဝင်မှုကို အစားအသောက်မပြောပါနဲ့ အိမ်သုတ်ဆေးနဲ့ အခြား လူအသုံးအဆောင်ပစ္စည်းတွေမှာတောင် မပါဝင်စေဖို့ လုပ်ဆောင်နေကြပါပြီ။

ခဲပါဝင်သော အစားအသောက်ကို စားသောက်မိရင် ခဲဆိပ်တက်ပြီး ရေရည်မှာ သေဆုံးသည်အထိဖြစ်ပွားနိုင်ပါတယ်။ ခဲဟာ ခန္ဓာကိုယ်တွင်းကို တဖြည်းဖြည်း စိမ့်ဝင်နိုင်ပြီး များပြားစွာစားသုံးသူတွေအတွက် ကြာလာရင် ဆိုးဝါးတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။ အထူးသဖြင့် ငယ်ရွယ်သူတွေအတွက် စိတ်ပိုင်းကော ရုပ်ပိုင်းကိုပါ ဖွံ့ဖြိုးတိုးတက်မှုကိုနှောင့်နှေးစေတယ်လို့ဆိုပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်ကလေးများအတွက်တော့ အထူးကို အန္တရာယ်ရှိတယ်လို့လည်းဆိုပါသေးတယ်။

ကဲ… ကျွန်တော်တို့ဆီမှာလည်း တောရော မြို့ပါ ပျံ့နှံ့လာနေပြီဖြစ်တဲ့ ဒီသစ်သီးခြောက်များကို ဆင်ခြင်စားသုံးကြပါလို့ အသိပေးပါရစေ။

One comment

  • ဆူး

    November 2, 2010 at 10:48 am

    စူပါ မားကတ်တွေမှာ တထုတ်ကို ၁၀ဝ နဲ့ ရတယ်.. ဆင်းရဲ ချမ်းသာ စားနိုင်ကြသည်. နှစ်ခြိုက်စွာ စားကြသည် မစားကြသည်တော့ မသိပါ။ ဈေးကြီးသော အသီးခြောက်ထုတ် တွေလည်း ရှိပါသည်။

Leave a Reply