ဒီတစ်ခါခရီးသွားသတင်းကတော့ ခါတိုင်းနဲ့မတူပါဘူး … သဘာဝရှုခင်းတွေအပြင် တခြားထူးဆန်းထွေလာများပါ မြင်တွေ့ခဲ့ရတဲ့အကြောင်း ဖောက်သည်ချချင်ပါသေးတယ် … နွေကျောင်းပိတ်ရက် တစ်ခုမှာ ကျွန်မတို့ ဗမာသူငယ်ချင်း မိန်းကလေး ၃ ယောက်စုပြီး ခရီးသွားအဖွဲ့တစ်ခုနဲ့ တစ်ညအိပ်ခရီးအတူသွားခဲ့ကြပါတယ်။ ပထမနေ့ကတော့ လှပတဲ့ သဘာဝဥယာဉ်တစ်ခုကို လည်ပတ်ခဲ့ရပြီး ဒုတိယနေ့ကတော့ ရေပူစမ်းမှာ ရေပူစိမ်ရမယ့်အစီအစဉ်ပါ။ ပထမနေ့ခရီးစဉ်အပြီးမှာ ခရီးသွားလမ်းညွှန်က ကျွန်မတို့အားလုံးကိုပြောပါတယ်။ ရေပူစိမ်တဲ့ကန်က ရေကူးဝတ်စုံနဲ့ပဲ ၀င်စိမ်လို့ရမယ်တဲ့။ အဲဒီရောက်မှာ ငှားဝတ်ချင်လဲရတယ် ၀ယ်ဝတ်ချင်လဲရမယ်လို့ ပြောပါတယ်။ ကျွန်မတို့က ဒုက္ခတော့ရောက်ပြီ တစ်သက်မှာ တစ်ခါမှ ရေကူးဝတ်စုံလဲမ၀တ်ဖူးဘူး။ ဒါပေမယ့်လဲ ရောမရောက်ရောမလိုကျင့်ရမှာပေါ့လို့ပဲတွေးပြီး ညဘက်ရေကူးဝတ်စုံထွက်ဝယ်လိုက်ရပါတယ်။ နောက်တစ်နေ့ကျတော့ ရေပူစမ်းနေရာကိုရောက်သွားပါတယ်။ အဆောက်အဦးအကြီးကြီးတစ်ခုထဲမှာ ရေချိုးတဲ့နေရာ နဲ့ ၀တ်သွားတဲ့အ၀တ်တွေထည့်သိမ်းတဲ့ ဘီဒိုလေးတွေကို ကိုယ်ပိုင်သော့နဲ့ပေးထားပါတယ်။ ကျွန်မတို့လဲ ဘီဒိုလေးတွေရှိတယ့် ဟောလ်ခန်းထဲကို ၀င်သွားလိုက်ပြီး အ၀တ်လဲဖို့ ပြင်ဆင်ကြပါတော့တယ်။ ကျွန်မတို့မှာ ကြိုတင်မစီစဉ်ခဲ့တဲ့အတွက် ၃ ယောက်ပေါင်းမှ ထမီတစ်ထည်ထဲပါတော့ တစ်ယောက်တစ်လှည့်ဆိုပြီး အ၀တ်လဲနေတဲ့အချိန်မှာပဲ တရုတ်မတွေအားလုံးက ဘာကြားခံပစ္စည်း (ထမီတို့ သဘက်တို့) မသုံးကြပဲနဲ့ ဒီအတိုင်းအကုန်ချွတ်ချပြီး အလွယ်တကူလဲလိုက်ကြပါတော့တယ်။ ကျွန်မတို့မှာ မျက်လုံးတွေပြူးလို့ … အချင်းချင်းဆိုပေမယ့် အဲဒီလိုမျိုး တစ်ခါမှ မမြင်ဖူးတာအမှန်ပါ … အံ့သြလွန်းပြီး ခဏလောက်ကြက်သေသေသွားတယ် … သူတို့တွေက မြန်မြန်ဆန်ဆန်လဲလှယ်တော့ ကျွန်မတို့ ၃ ယောက် ကို တအံ့တသြနဲ့ ကြည့်သွားကြပါတယ်။ အပြန်အလှန် အံ့သြနေတာပေါ့လေ …  ရေစိမ်တဲ့ကန်တွေလဲ အများကြီးပါ။ အဲဒီမှာ တစ်ကန်ကတော့ ငါးအရှင်နဲ့အတူစိမ်ရတယ်လို့ပြောပါတယ်။ ကျန်းမာရေးအတွက် ကောင်းတယ်လို့ကြော်ငြာတယ်။ တစ်နာရီ ယွမ် ၆၀ တဲ့။ ကျွန်မတို့တော့ မစိမ်ပါဘူး။ သဘာဝအလျှောက်တောင်ပေါ်က ကျလာတဲ့ရေပူတွေကို ကန်ထဲထည့်ထားတာပါ။ တစ်ပါတ်ကို ၃ ခါပဲ ရေလှယ်ပေးလို့ သန့်ရှင်းမှုကို အထူးဂရုစိုက်တာလို့ပြောပါတယ်။ ရေစိမ်ပြီး ရေချိုးကြတဲ့အဲဒီအခါမှာလဲ သူတို့တွေက မိမွေးဖမွေးအတိုင်း ဒီအတိုင်း အားရပါးရချိုးနေကြပါတယ်။ ကျွန်မတို့ကတော့ ရေကူးဝတ်စုံဝတ်လျက်နဲ့ပဲ ဆပ်ပြာတိုက်ပြီးရေချိုးကြတော့ အပြန်အလှန်ထူးဆန်းနေကြပြန်ပါသေးတယ်။ အဲဒီနေ့ကတော့ အရွယ်စုံ ဆိုဒ်စုံကို မျက်စိနဲ့တက်အပ်မြင်ဖူးလိုက်တဲ့ ပထမဆုံးအတွေ့အကြုံပဲဖြစ်ပါတယ် … သူတို့တွေအဖို့ကတော့ ရေကူးကန်တွေ ရေချိုးခန်းတွေမှာ အဲဒီလိုပဲ လုပ်နေကျမို့လို့ ဘာမှမထူးဆန်းကြတာပါလား …ရေချိုးတဲ့နေရာနဲ့အ၀တ်လဲတဲ့နေရာကိုတော့ အမျိုးသားအမျိုးသမီး သီးသန့်ခွဲထားပေမယ့် ရေစိမ်တာကိုတော့ ရောထားပါတယ်။

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....