မညည်းတွားတဲ့ ကမာ္ဘ from Nine Nine SaNay

zinmyotunNovember 2, 20101min630

အမေရိကန်က နာမည်ကြီးသူတွေထဲမှာ စာရေးဆရာ Will Bowen လည်းပါတယ်။ သူက “no complaints”ဆိုတဲ့ ရည်ရွယ်ချက်ကို စတင်အကောင်အထည်ဖော်ခဲ့သူ ဖြစ်တယ်။ “Complaint Free World” စာအုပ်ကို ရေးသားပြုစုပြီး လူတွေရဲ့စိတ်ဝိညာဉ်ကို လမ်းညွှန်ဆုံးမခဲ့သူလည်းဖြစ်တယ်။ “no complaints”ဆိုတဲ့ စည်းရုူံးလှုံ့ဆော်မှုမှာ ပါဝင်သူတိုင်းကို သူက ခရမ်းရောင်လက်ကောက်တစ်ခု ဝတ်ထားစေပါတယ်။ လက်ကောက်ဝတ်ထားသူဟာ သူ့ကိုယ်သူ တစ်ခုခု ညည်းညူနေပြီ၊ မကျေမနပ်ဖြစ်နေပြီလို့ သတိထားမိတာနဲ့ လက်ကောက်ကို နောက်လက်တစ်ဘက်ဖက် ပြောင်းဝတ်ပေးရပါတယ်။ ဒီလိုနဲ့ ကိုယ်တစ်ခုခုကို မကျေမနပ် ညည်းတွားပြောဆိုမိတိုင်း (complainတက်မိတိုင်း) နောက်လက်တစ်ဘက်ဆီ ထပ်ပြောင်းဝတ်ပေးရပါတယ်။ လက်တစ်ဘက်တည်းမှာပဲ (၂၁)ရက်ကြာတဲ့အထိ လက်ကောက်ကို မပြောင်းစတမ်း ဝတ်ထားနိုင်ရင် ရည်ရွယ်ချက်အောင်မြင်ပါပြီ။ သိပ္ပံပညာရှင်တွေရဲ့ ဆန်းစစ်ချက်မှာ အကျင့်တစ်ခုကနေ တစ်ခုကိုပြောင်းဖို့ (၂၁)ရက်အချိန်ပေးရတယ်လို့ ဆိုတယ်။ တကယ်လို့ အဲဒီ(၂၁)ရက်လုံးလုံး ကိုယ်မကျေမနပ် မညည်းတွားခဲ့ရင် ကိုယ်ရဲ့စိတ်ထဲ”မညည်းတွား”တဲ့အကျင့်သစ်တွေ ကူးစက်ကုန်ပြီး အဲဒီအကျင့်သစ်ကို မပြောင်းလဲတမ်း ကိုယ်ထိန်းထားနိုင်ပါတယ်။

Will Bowenရဲ့ ဒိလိုရည်ရွယ်ချက်ဟာ တစ်နှစ်အတွင်းမှာပဲ ကမာ္ဘ့အသီးသီးက နိုင်ငံပေါင်း(၈ဝ)နဲ့ လူပေါင်းသိန်း(၆ဝ)ကို ပါဝင်လာအောင် လှုံ့ဆော်နိုင်ခဲ့တယ်။ တိုးတက်ကောင်းမွန်တဲ့ အလေ့အကျင့်နဲ့ သင်ယူမှုတွေကို ရစေခဲ့တယ်။ လောကကြီးကို အပျော်၊ အပြုံးတွေနဲ့ ပြည့်စေခဲ့တယ်။ အကောင်းမြင်စိတ်တွေ ပိုမိုရရှိစေခဲ့တယ်။ လူတိုင်း မညည်းတွားတတ်သူဖြစ်အောင်၊ မကျေနပ်ချက်တွေ လျော့နည်းအောင် ခရမ်းရောင်လက်ကောက်ကို လက်တစ်ဘက်တည်းမှာပဲ မပြောင်းစတမ်း (၂၁)ရက်ကြာဝတ်တဲ့ စိန်ခေါ်မှုထဲ ပါဝင်နိုင်ပါတယ်။

သင့်ဘဝအလှည့်အပြောင်းက သင့်လက်ထဲမှာပဲရှိပါသတဲ့။ စာရွက်တစ်ရွက်ထဲမှာ ဒါမှမဟုတ် စိတ်ထဲမှာ အခုလက်ရှိ သင်ကြုံတွေ့နေရတဲ့ အခက်အခဲ၊ ပြဿနာနဲ့ စိုးရိမ်ပူပန်နေတဲ့ အရာတွေကို ချရေးကြည့်ပါ။ ဒီပြဿနာတွေအားလုံးထဲမှာ “တခြားလူကြောင့်” ဖြစ်ရတဲ့ပြဿနာ ဘယ်နှစ်ခုပါလဲ? ပြဿနာအများက “တခြားလူကြောင့်”ဖြစ်ရတာ ပိုများမယ်လို့ ထင်ပါတယ်။ အဲဒီ”တခြားလူ”တွေနဲ့သာ ပိုကောင်းတဲ့ ပေါင်းသင်းဆက်ဆံမှု ရှိခဲ့ရင် ဒီပြဿနာတွေက အလိုအလျောက် အကောင်းဖက်ကို ပြောင်းသွားပါလိမ့်မယ်။

မိသားစု၊ အိမ်ထောက်ဖက်တွေနဲ့ အလေးအနက် ပြောဆိုတဲ့အခါပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးတိုင်ပင်တဲ့အခါပဲဖြစ်ဖြစ်၊ ကလေးတွေကို အိမ်အလုပ်လုပ်ဖို့ ပြောဆိုတဲ့အခါပဲဖြစ်ဖြစ်၊ ဆိုင်ဝန်ထမ်းတွေကို ကိုယ်လိုချင်တဲ့ပစ္စည်း မေးမြန်းစုံစမ်းတဲ့အခါပဲဖြစ်ဖြစ် ကိုယ့်အခက်အခဲ၊ ပြဿနာအများစုက တခြားလူတွေနဲ့ သက်ဆိုင်နေတယ်။ တကယ်လို့ ပြေပြေပြစ်ပြစ် ပြောဆိုမေးမြန်းမယ်၊ သိမ်သိမ်မွေ့မွေ့ ဆွေးနွေးတိုင်ပင်မယ်ဆိုရင် ပြဿနာတွေက ဖြစ်လာစရာအကြောင်း မရှိတော့ဘူး။

တခြားလူနဲ့ ပေါင်းသင်းဆက်ဆံရေးက ကျွန်တော်တို့ရဲ့လူနေမှုအဆင့်အတန်းကို တိုးတက်စေနိုင်သလို ယုတ်လျော့စေနိုင်တယ်။ ပျော်ရွှင်စေနိုင်သလို၊ နာကျင်ထိခိုက်စေနိုင်တယ်။ ငြိမ်းချမ်းခြင်းကို သယ်လာနိုင်သလို၊ ဆူပူမှုတွေလည်း ဖြစ်စေနိုင်တယ်။ ချစ်ခင်ရင်းနှီးမှုတွေဖြစ်စေနိုင်သလို၊ ငြင်းဆန်တိုက်ခိုက်မှုတွေလည်း ဖြစ်နိုင်တယ်။

တခြားလူနဲ့ဖြစ်တဲ့ ပြဿနာအခက်အခဲမှာ ကိုယ်သာလျှင် မတရားခံရသူလို့ လူတိုင်းက ထင်တတ်ကြတယ်။ နစ်နာဆုံးရှုံးမှုတွေနဲ့ မပျော်ပိုက်ကြတော့ဘဲ တစ်ယောက်နဲ့တစ်ယောက် အမြင်မကြည်တဲ့ ဝဲကယက်ထဲမှာလည်း တဝဲဝဲလည်နေကြတော့တယ်။ အချင်းချင်း ပေါင်းသင်းဆက်ဆံရေးကိုတော့ ပြုပြင်ပြောင်းလဲဖို့ မကြိုးစားကြတော့ဘူး။ တကယ်တမ်းတော့ သင်ဟာ မတရားခံရသူ မဟုတ်ပါဘူး။ အမြင်မကြည်တဲ့ ဝဲကယက်ထဲကနေ သင်ရုန်းထွက်နိုင်ပါတယ်။ မိသားစု၊ အိမ်ထောင်ဖက်၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် စတဲ့ လူတွေနဲ့ သင့်ရဲ့ပေါင်းသင်းဆက်ဆံရေးကို တိုးမြင့်နိုင်ပါတယ်။ ဒါကတော့ တခြားလူအပေါ်ထားတဲ့ ကိုယ်ရဲ့မကျေမနပ်မှု၊ ညည်းတွားမှုတွေကို လျော့ချဖို့ပါပဲ။

စာရေးဆရာ “Agatha Christie”က “အကျင့်ဆိုတာ အရမ်းထူးဆန်းတဲ့အရာဖြစ်တယ်။ လူတွေက ကိုယ့်မှာဘာအကျင့်ရှိသလဲဆိုတာကို သိပ်မသိကြဘူး”လို့ဆိုတယ်။ “မကျေမနပ် ညည်းတွားတတ်တဲ့အကျင့်” လူတိုင်းမှာ ရှိကြတယ်။ သာမန်အားဖြင့် လူတစ်ယောက်ဟာ တစ်နေ့မှာ ပျှမ်းမျှ ၁၅ကြိမ်ကနေ ၃ဝကြိမ်အထိ ညည်းတွားတတ်ကြတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ညည်းတွားနေမှန်း သူတို့သတိမထားမိတတ်ကြဘူး။

ခရမ်းရောင်လက်ကောက်လေးက ကိုယ်ညည်းတွားတာကို သတိထားမိအောင် လုပ်ပေးတဲ့အရာဖြစ်တယ်။ (၂၁)ရက်ကြာတဲ့အထိ လက်တစ်ဘက်တည်းမှာပဲ ခရမ်းရောင်လက်ကောက် ဝတ်ထားနိုင်ရင် ပျော်ရွှင်ခြင်းတွေက သင့်ဆီတည့်တည့်မတ်မတ် လာပါလိမ့်မယ်။

*** ဒါတွေက “Complaint Free World” စာအုပ်ရဲ့နောက်ဆက်တွဲ “Complaint Free Relationships” စာအုပ်ထဲပါတဲ့ စာပိုဒ်တချို့ပါ။ ဒီစာအုပ်ထဲမှာ စာရေးဆရာက ဒီလိုလေးရေးထားပါသေးတယ်။

“Relationship” (ပေါင်းသင်းဆက်ဆံခြင်း)ဆိုတဲ့ စာလုံးထဲမှာ “relate”ဆိုတဲ့စာလုံးက “ပြောပြတယ်” ဒါမှမဟုတ် “ဆက်သွယ်ပုံကိုပြတယ်”လို့ အဓိပ္ပာယ်ရတယ်။

တနည်းပြောရရင် “ပေါင်းသင်းဆက်ဆံရေးဆိုတာ လူတစ်ဦးနဲ့တစ်ဦး ဆက်ဆံပြောဆိုခြင်းဖြစ်တယ်။ ဒီလိုဆက်ဆံပြောဆိုတဲ့အခြေခံက တစ်ဘက်လူအပေါ်ထားတဲ့ ကိုယ့်အမြင်ကို ကိုယ့်ကိုယ်ကို ပြန်ပြောပြနေတာဖြစ်တယ်။ ဒီလိုပြန်ပြောပြတဲ့အရာတွေက ဒီပေါင်းသင်းဆက်ဆံရေးကို အဆုံးအဖြတ်ပေးတယ်” (ရှင်းရှင်းပြောရရင် တစ်ဘက်လူအပေါ်မြင်တဲ့ ကိုယ့်အမြင်က ဆိုးနေရင် ဒီပေါင်းသင်းဆက်ဆံရေးက ဒီမှာတင်ပြီးသွားပြီ။ တကယ်လို့ ကောင်းနေရင် ရှေ့ဆက်ဒီထက်ပိုကောင်းတဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ရှိလာနိုင်တယ်)

“resentment” (ဒေါသ၊ မကျေမနပ်)ဆိုတဲ့ စာလုံးကို “re-sendment” (ပြန်ပို့တယ်) လို့ခွဲထုတ်ကြည့်ပါ။ သူတစ်ပါးအပေါ်ထားတဲ့ ကိုယ့်မကျေနပ်ချက်၊ ဒေါသတွေက ကိုယ့်ခန္ဓာကိုယ်ထဲကို မကျန်းမာတဲ့အင်အားအဖြစ်နဲ့ ပြန်ပို့တယ်။ သူတစ်ပါးအပေါ် ခွင့်မလွတ်နိုင်ခြင်းက ဘူမားရိန်း(Boomerang)နဲ့တူတယ်။ ညစ်ပတ်ပေရေနေတဲ့ ဘူမားရိန်းကို ကိုယ်ပစ်ထုတ်လိုက်တယ်။ လမ်းတစ်လျောက်မှာ ဘူမားရိန်းက ပိုညစ်ပတ်တဲ့အရာတွေကပ်ငြိပြီး ကိုယ့်ဆီပြန်လာတယ်။ ဒေါသ၊ မကျေနပ်ချက်တွေကို တင်းတင်းဆုတ်ကိုင်ထားရင် ထိခိုက်နာကျင်ရသူက တခြားသူမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ပဲဖြစ်တယ်။

“forgiving”(ခွင့်လွှတ်ခြင်း)ဆိုတဲ့စာလုံးကို “for giving”(ပေးတယ်)လို့ ခွဲထုတ်ကြည့်ပါ။ ဒါဟာ ကိုယ့်ကိုယ်ကို ပေးတဲ့ လက်ဆောင်တစ်ခုပါပဲ။

စာအုပ်ဝယ်သူတိုင်းကို ခရမ်းရောင်လက်ကောက်၂ကွင်း လက်ဆောင်ပေးပါတယ်

စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတချို့ပါ။ ဒီစာအုပ်တွေကို ဝယ်ယူသူတိုင်း ခရမ်းရောင်လက်ကောက်နှစ်ကွင်း မေတ္တာလက်ဆောင်ရပါတယ်။ (၂၁)ရက်ကြာတဲ့အထိ လက်မပြောင်းတမ်း ဝတ်ထားကြည့်ကြရအောင်။ တကယ်လို့ ခရမ်းရောင်လက်ကောက် ဝတ်ထားသူတစ်ယောက် မကျေမနပ်ညည်းတွားနေရင် “လက်ကောက်ကို လက်ပြောင်းဝတ်ပါ”လို့ သင်သတိပေးနိုင်ပါတယ်။ ဒါပေမယ့် သင့်လက်ထဲက ခရမ်းရောင်လက်ကောက်ကို အရင်ပြောင်းဝတ်ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မကျေမနပ် ညည်းတွားနေကြောင်း သင်ညည်းတွားလိုက်လို့ပါပဲ။

**Complaint Free World
** Complaint Free Relationships စာအုပ်မှ
http://www.acomplaintfreeworld.org မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

နိုင်းနိုင်းစနေ