မြစ်သားတွင် ချောင်းရေလျှံသဖြင့် စိုက်ခင်းဧက ၂ ထောင်ကျော် ပျက်စီး

Good IdeaNovember 3, 20101min1444

မန္တလေးတိုင်း မြစ်သားမြို့နယ်မှာ ပြီးခဲ့တဲ့ လဆန်းပိုင်းက မိုးသည်းထန်စွာ ရွာတဲ့အတွက် ချောင်းရေလျှံပြီးတော့ ရွာပေါင်း ၂ဝ ကျော်က လယ်ဧကပေါင်း ၂၀၀ဝ ကျော် ရေနစ်မြုပ် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလဆန်းပိုင်းမှာ ဘင်္ဂလားပင်လယ်အော်က ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းငယ်ကြောင့် အထက် မြန်မာပြည်တဝိုက် မိုးသည်းထန်ခဲ့ပြီးနောက်မှာ မြစ်သားမြိ့အနီးမှာရှိတဲ့ စမုံချောင်း၊ သင်ပုန်းချောင်းတွေက  ရေလျှံပြီးတော့ ရွာပေါင်း ၂ဝ ကျော်နဲ့ စိုက်ခင်းတွေကို ဖုံးလွှမ်းခဲ့တာ ဖြစ်ပါတယ်။
ရေတွေဟာ ရွာတွေထဲကို ၈ ရက်နေ့ ညနက်ပိုင်းက ဝင်လာခဲ့တာဖြစ်ပြီးတော့ ၉ ရက်နေ့ မနက်ရောက်တဲ့အခါ ရေတွေက ရွာထဲမှာတင် လူတရပ်ကျော် မြုပ်နေပါပြီ။ ကျွဲနွားတချို့ မျောပါ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
ခုလို ချောင်းရေလျှံတဲ့အတွက် ရွာပေါင်း ၂ဝ ကျော်က လူပေါင်း ၁ သောင်း ၄ ထောင်ကျော် ရေဘေးသင့်ခဲ့တယ်လို့ သွားရောက်ကူညီနေသူ မေတ္တာရှင် ဖောင်ဒေးရှင်းအဖွဲ့က ဆရာတော်က ပြောပါတယ်။
ဒုက္ခသည်တွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ ဘုရားရင်ပြင်တော်ပေါ်တွေမှာ ဖြစ်သလို နေရ၊ စားရ၊ အိပ်ရပါတယ်။ ဒီသတင်းကြားတဲ့အတွက် မြစ်သားနဲ့ မန္တလေးက လူမှုရေးအသင်းအဖွဲ့တွေ လာရောက် ကူညီကြသလို မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် ဦးဇဝနနဲ့ စစ်ကိုင်း မြစကြာဆရာတော်တို့ ဦးဆောင်တဲ့ အလှူရှင်အဖွဲ့ကလည်း ငွေကျပ် ၃ သိန်းကျော် တန်ဖိုးရှိတဲ့ ဆန်၊ ဆီ၊ ဆေးဝါးတွေ လှူဒါန်းခဲ့ကြပါတယ်။
ဒါ့အပြင် ဒုက္ခသည်တွေမှာ မျက်စိနာရောဂါ ဖြစ်နေတဲ့အတွက် မျက်စဉ်းတွေလည်း လှူဒါန်းခဲ့တယ်လို့ ဆရာတော်က ဆိုပါတယ်။
ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ မြစ်သားမြို့ခံတယောက်ကတော့ အစိုးရပိုင်းကတော့ ဘာမှကို လာမကူပါ။ ကြံ့ဖွတ်ပါတီကတော့ အစောပိုင်းက ဆန် ၂ အိတ် လာပေးသွားပါတယ်တဲ့။
ရေတွေက အောက်တိုဘာ ၂၈ မှာ ပြန်ကျသွားခဲ့ပေမယ့် ရွှံ့နွံတွေက အိမ်တံခါးတဝက်လောက်ထိကို ဖုံးနေတဲ့အတွက် ရေဘေးဒုက္ခသည်တွေ အိမ်မပြန်နိုင်ကြသေးပါဘူး။
ပိုဆိုးတာက ဒုက္ခသည်တွေ အိမ်ပြန်နိုင်ကြပြီဆိုရင်လည်း လုပ်စရာ အလုပ်မရှိကြတော့ပါဘူး။ ဘာလို့ဆိုတော့ စိုက်ခင်းတွေ အကုန်ရေမြုပ်သွားတဲ့တွက် တောင်သူတွေမှာ ပြန်ပြီးတော့ ထွန်ယက်စိုက်ပျိုးစရာ ငွေလည်းမရှိတော့ပါ။

တောင်သူတွေ ငွေမရှိတော့ စာရင်းငှားတွေ ကောက်စိုက်သမတွေ၊ လယ်လုပ်သားတွေ ဘယ်မှာ အလုပ်ရပါတော့မလဲ။ အလုပ်မရှိ ပိုက်ဆံမရရင် ဝမ်းရေးကို ဖြေရှင်းဖို့ အခက်အခဲ ဖြစ်သွားပါပြီ။
မြစ်သားမြို့ခံကတော့ ဒီလိုမျိုး လယ်သမားတွေရဲ့ အခက်အခဲကို ကူညီနိုင်သူ အစိုးရနဲ့ UN အဖွဲ့အစည်းတွေ (RNDP, FAO) တို့အနေနဲ့ အမြန်ဆုံး လာရောက်ကူညီစေလိုပါတယ်တဲ့။

…………………………………………………………………………………………………………………………….

ဒါကြောင့် ကျနော်လည်း အင်တာနက်ကနေပြီး RNDP နဲ့ FAO ကို လိပ်မူစာပို့ပေးလိုက်တယ်ဗျာ။ သူတို့သိခဲ့ရင် ကူညီပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။

မိဘနဲ့တူတဲ့ အစိုးရကိုယ်တိုင် သားသမီးဖြစ်တဲ့ တိုင်းသူပြည်သားကို အရေးမလုပ်၊ ဖြစ်ချင်တာဖြစ်၊ ပစ်ထားနေတော့ အဖေကျော် ပထွေးတော်လွမ်းရတော့တာပဲဗျာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ထမင်းစားဖို့ စပါးစိုက်ပေးနေတဲ့ တောင်သူလယ်သမားဦးကြီးတွေ အဆင်ပြေဖို့က အဓိက မဟုတ်လားဗျ။

မြန်မာပြည်သူတွေ စနစ်ဆိုး၊ ခေတ်ဆိုးအောက်က အမြန်ဆုံး လွတ်မြောက်ကြပါစေဗျာ။
အားလုံးကို လေးစားလျှက်…
Good Idea

4 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 3, 2010 at 1:40 pm

    အရေးမလုပ်တာ မဟုတ်ရပါဘူးဗျာ
    ဝေစုခွဲနေရတဲ့ကိစ္စတွေ မပြီးပြတ်သေးလို ့ပါခင်ဗျ
    နောင်ဆိုလာပါမည်
    သို ့သော် နည်းနည်း………မည်။

  • kai

    November 3, 2010 at 9:30 pm

    မြန်မာတွေ ကမ္ဘောဒီယန်း၊ အာဖရိကန်တွေနဲ့ တူလာပါပြီ။ ထစ်ဆို ကုလသမဂ်ဂနဲ့ အလှူနိုင်ငံကြီးပဲမျှော်ကြတော့တာ..။
    …. နိုင်ငံရေးသမားတွေမှာ တာဝန်ရှိပါတယ်..။

  • ဆူး

    November 4, 2010 at 3:19 am

    ရှိသူ မလှူ လှူသူ မဖြစ်.. အဲ.. စကားမှားသွားပြီ.. မရှိလို့ မလှူ.. မလှူလို့ မရှိ.. အမှတ်မမှားကြနဲ့နော်

  • char too lan

    November 4, 2010 at 10:11 am

    သွားလှူပေးမယ့်သူရှိရင်တော့ ဒီထဲက Point တွေလှူချင်တယ်ဗျ

Leave a Reply