အတုယူစရာ Zen

Zen

ဇင်ဘုန်းတော်ကြီး

ဒီနေ့ ကိုဇင်မျိုးထွန်းရဲ့ ဇင်ပုံပြင်များဆိုပြီး အပိုင်းသုံးပိုင်း ခွဲဖတ်ရပါတယ်။ သိမိသလောက် ဇင်ဗုဒ္ဓဘာသာဟာ တရုတ်ပြည်မှာမြစ်ဖျားခံပြီး ဂျပန်မှာထွန်းကားပါတယ်။ ဇင်ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ သွန်သင်ဆုံးမချက်တွေဟာ အရမ်းကို မှတ်သားဖို့ကောင်းလို့ အဲဒီလိုသင်ခန်းစာမျိုး ထေရဝါဒဗုဒ္ဓ ဘာသာစာပေမှာ (အထူးသဖြင့် ပြည်ပရောက် မျိုးဆက်သစ် မြန်မာများအတွက်) ရှိသင့်တယ်လို့ ထင်ပါတယ်။ ဘာသာတရား ဆုံးမချက်တွေကို လေ့လာနာယူသူဟာ အနဲဆုံး အောက်ထစ်တော့ အတွေးအခေါ် ဒဿနတခုခုကို ရယူနိုင် ဒါမှမဟုတ် ရှိပါလားလို့ ခံစားနိုင်မှသာလျင် အလေးထားရ ကောင်းမှန်းသိလာကြမှာပါ။ အဲဒီအတွက် ပြောင်းသင့်တာတွေကို ရဲရဲပြောင်းရပါမယ်။ ကိုလိုနီခေတ်ထိ မြန်မာစာပေဟာ ကဗျာရတု လေးချိုးတွေအပေါ်မှာ ကြီးပြင်းလာတာပါ။ ကဗျာဆိုရင် ကာရန်လိုက်မှ၊ စကားပြေ အရေးအသားဆိုတာ လူပြိန်းတွေအတွက်လို့ ရှေးစံနှုန်းတွေကြောင့် လောကီစာတွေတောင် သိုင်းဝိုင်းဖွဲ့နွဲ့မှတော့ ဘာသာရေးစာတွေဟာ ရှေးရိုးဆန်လွန်းခဲ့တာ နားမလည်နိုင်စရာမရှိ။ ခေတ်စမ်း စာပေပေါ်လာပြီးနောက် စာပေရေးသားပုံစနစ်များ ပြောင်းလဲခဲ့ပေမဲ့ ဗုဒ္ဓဘာသာ စာပေဆုံးမချက်များက သိသိသာ ပြောင်းလဲမှုမရှိ၊ ရှေးယခင်ကအတိုင်းပဲ ဇာတ်နိပါတ်တော်များကို အခြေခံနေကြဆဲပါ။
ဘုရားဟောကျမ်းတွေမှာ သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာ သုံးပိုင်းရှိတယ်လို့ မှတ်သားဖူးပါတယ်။ ဝိနည်းကရဟန်းတော်များအတွက်စည်းကမ်း၊ အဘိဓမ္မာကလည်း အကျင်ပဋိပတ်နဲ့ဆိုင်တဲ့ ပညာခန်း မိုလို့ ဘုန်းတော်ကြီးများ တရားဟော ဆုံးမတဲ့အခါ လူအများ နားလည်မဲ့ သုတ္တန်ဒေသနာများကိုသာ အားပြုလေ့ရှိပါတယ်။ သုတ္တန်ဆိုတာ ဘုရားအလောင်းတော်ဘဝနဲ့ ဘုရားဖြစ်တော်မူပြီးနောက်ပိုင်း အကြောင်းအရာတွေပါ။ အဲဒီဇာတ်နိပါတ်တွေကို ယနေ့ ခံစားနာယူနေကြတာက တရားသဘောထက် သုတသဘော၊ ရသသဘော ပိုများတယ်လို့ ထင်ပါတယ်။ ဖြစ်သင့်တာက အထက်မှာ ဆိုခဲ့သလို သံဝေဂသဘော၊ ဒဿနအတွေး တခုခု ရဖို့ပါ။ အဲလိုပြောလို့ ဇတ်နိပါတ်တော်များမှာ အပြစ်မရှိဘဲ၊ သူတို့ရဲ့ ခမ်းနားကြီးကြယ်မှုကို ဂုဏ်ပင်ယူလို့ကောင်းပါသေးတယ်။ ပြောင်းရမှာက တင်ဆက်ပုံ တင်ဆက်နည်းပါ။ အရင်လို ရသသဘောဆောင်တာတွေအပြင် ဇင်ဗုဒ္ဓဘာသာ ပုံတိုပတ်စတွေလို တိုတိုနဲ့ လိုရင်း ရင်ထဲကိုဒိုင်းကနဲဝင်သွားစေမဲ့ ပုံတိုပတ်စတွေကို ကြံဆရပါမယ်။ တခါတလေလည်း တွေးမိပါတယ်၊ ဂျပန်မှာ အရမ်းရုပ်ဝတ္ထုတွေတိုးတက်၊ စစ်နိုင်သူ အမေရိကန်ရဲ့ လွှမ်းမိုးမှုကိုလည်း ခံရပေမဲ့ ဗုဒ္ဓဘာသာဆက်လက် ရှင်သန်နေတာ သူတို့ရဲ့ ဇင်အယူဝါဒ ရှင်းလင်းချက်တွေကြောင့်ပါ။ လက်တွေ့ကျပြီး နားလည်နိုင်ရင် တစိမ်းတွေက လက်မခံနိုင်တောင် တန်ဖိုးရှိတဲ့ လေးစားရမဲ့ အယူဝါဒ အဖြစ်သဘောထားကြမှာပါ။ တခါလာလည်း ဇာတ်နိပါတ်တော်၊ တခါလာလည်း ဒါပဲဆိုရင် သူများကို မပြောနဲ့ ကိုယ့်အချင်းချင်းတောင် ဂရုမစိုက်ချင်တော့။
ကျနော်မှတ်သားဖူးတဲ့ ဇင်ဗုဒ္ဓဘာသာ သွန်သင်ချက်လေးတွေကို ကောက်နှုတ်ပြပါ့မယ်။ ဆရာ နန္ဒသိန်းဇံ ရေးတာတွေလို့ ထင်ပါတယ်။ အကယ်၍ ဇင်ပုံပြင်များမဟုတ်ဘဲ တခြားက ဖြစ်နေလည်း သဘောကိုစဉ်းစားကြဖို့တောင်းပန်ပါတယ်။ စိတ်သာရှင်စောလို့ဘုရားဟောလို့ ပြောလေ့ရှိတာကို ဖတ်ဖူးတာက ခရီးသွားတဦး နေပူထဲမှာ ဆင်းတုတော်တဆူကို အမိုးမပါတွေ့တော့ သူဝတ်ထားတဲ့ ဘိနပ်ကိုချွတ်ပြီး ဆင်းတုတော်ခေါင်းပေါ် တင်ထားခဲ့ပါတယ်။ နောက်ခရီးသွားတဦးကတွေ့တော့ မသင့်တော်ဆိုပြီး လွှင့်ပစ်လိုက်ပါတယ်။ ပုံပြင်က စိတ်စေတနာသာ အဓိကလို့ ရိုးရိုးလေးပြောပါတယ်။ နောက်တခုက ဘုန်းကြီးတပါးနဲ့ ဒကာနှစ်ဦး ခရီးအတူသွားတော့ ဒကာကိုလမ်းမှာ မာတုကာမ တယောက်နဲ့ ထင်ယောင်ထင်မှား ဖြစ်စရာတွေ့ပါတယ်။ ဘုန်းကြီးလုပ်သူက ခရီးလမ်းတလျှောက်လုံး ပြောဆိုပြစ်တင်လာတာ ကြာတော့ ဒကာက သူအဲဒီ မာတုကာမကို လွှတ်ပစ်လိုက်တာကြာပြီ သင်ကဆက်ဖက်ထားတုန်းလားလို့ ပြန်ပြောပါတယ်။ ပစ္စုပ္ပန်ကို တည့်တည့်ရှုခိုင်းတာ၊ ဖြစ်ပြီးပျက်တဲ့ သဘောကိုပြောပါတယ်။ နောက်ဆုံးတခုက သဲအင်းဂူတရားမှာနာရတာပါ။ တခါက အိမ်တအိမ်မှာ ယောဂီကြီးတဦးနဲ့ ပြည့်တန်ဆာမတဦးတို့ အပေါ်ထပ် အောက်ထပ် နေပါတယ်။ ယောဂီကြီးက ပြည့်တန်ဆာမလေးကို မကောင်းမှုမလုပ်ဖို့ ဆုံးမတဲ့အခါ ကောင်မလေးက ကတိပေးပါတယ်။ ဒါပေမဲ့ ဆက်လုပ်လို့ ယောဂီကြီးက သတိထားမိပြီး လူတယောက် အိမ်အောက်ထပ်ဝင်သွားတိုင်း တုတ် တချောင်းချိုးလိုက် လုပ်ထားတာ တုတ်ချောင်းပုံကြီး ဖြစ်သွားပါတယ်။ နောက်ဆုံး သူသေတော့ အဲဒီ စိတ်နဲ့ငရဲကျပြီး သံဝေဂရတဲ့ ကောင်မလေးက နတ်ပြည်တက်ပါတယ်။ သင်ခန်းစာက ကိုယ့်အပြစ် ကိုယ်ရှုကြဖို့ပါ။ သူများစိတ်ကိုလိုက်မစစ်ဘဲ ကိုယ့်စိတ်ကိုစစ်ကြဖို့ပါ။
အထက်မှာပြောခဲ့တဲ ပုံတွေကို ခြောက်ပစ်ကင်း သဲလဲစင်တယ်လို့ မပြောပါ။ ငြင်းနိုင်ဝေဖန် နိုင်ပါတယ်။ ဆိုလိုရင်းက တရားသဘောကို စာသံပေသံ မဆန်ဘဲ နားထောင်သူတိုင်း အတွေးတခုခု ရသွားနိုင်ပုံကို ပြောတာပါ။ ယနေ့ခေတ် တရားပွဲတွေမှာ ဟောလေ့ရှိတဲ့ ဇာတ်နိပတ်တော်များနဲ့ ဇင်ဗုဒ္ဓဘာသာ ပုံတိုပတ်စများ နှစ်ခုတင်ပြပုံကို ယှဉ်ကြည့်လျှင် ဘယ်ဟာက ဗုဒ္ဓအတွေးအခေါ် တွေကို ပေးနိုင်သလဲဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ အခုတော့ ဘုန်းကြီးများ ဟောလိုက်တဲ့ ဗုဒ္ဓယဉ်ကျေးမှု ဆုံးမချက်များက ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို မီးမောင်းထိုးပြနိုင်စွမ်းမရှိလို့ ပြည်ပမှာ ကြီးပြင်းတဲ့ မြန်မာများအတွက် ရေများရေနိုင် မီးများမီးနိုင်ဆိုသလို သူများဘာသာရဲ့ ဆွဲဆောင်မှု တွေနောက်ကို ပါသွားကြပါတယ်။ ထင်ရှားတဲ့ ဓမ္မကထိက ဆရာတော်များကိုယ်တိုင်က ရဲရဲဝံ့ဝံ့နဲ့ တီထွင်ကြံဆ၊ အကျင့်ပဋိပတ်နဲ့ပေါင်းစပ်၊ လက်တွေ့ဖြစ်ပျက် နေတာတွေနဲ့ စပ်ဟပ်ဖို့ လိုအပ်ပါတယ်။ နာယူဖတ်ရှု သူတွေရဲ့ ရင်ထဲကို ဒိုင်းကနဲ ရောက်သွားအောင် လုပ်နိုင်ရင် ပေးချင်တဲ့အသိကို နားမလည်ကြတောင် ဗုဒ္ဓစာပေဆိုတာ နာယူဖို့ ရွတ်ဆိုဖို့ ဘုရားစာ သက်သက်မဟုတ်၊ ညဏ်အလင်းရနိုင်တဲ့ တန်ဖိုးရှိတဲ့ ဒဿနတွေပါလားလို့ သိသွားပါလိမ့်မယ်။ အဲဒီအခါ သူများသာသနာပြုများနဲ့ တွေ့တဲ့အခါဖြစ်စေ၊ မိမိဖာသာ ဆက်လက်လေ့လာ အားထုတ်တဲ့ အခါဖြစ်စေ ကိုယ်တိုင်သဘောပေါက်ထားတဲ့ ဒဿန အတွေးအခေါ်နဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်လို့ ဘဝ အနှစ်သာရ၊ ဗုဒ္ဓဘာသာရဲ့ တန်ဖိုးကို ဆထက်တန်ဖိုး သိရှိကြပါလိမ့်မယ်။

7 comments

  • weiwei

    November 4, 2010 at 5:41 am

    ကိုကြောင်ကြီးရေးတာ သိပ်ကောင်းပါတယ် … ယနေ့ခေတ်ပြည်တွင်းမှာလဲ ဗုဒ္ဓဘာသာဆိုတာ မိရိုးဖလာနံမည်ခံတစ်ခုအနေနဲ့ပဲရှိနေပါပြီ .. . ထိရောက်တဲ့ သင်တန်းတွေ ဟောပြောပွဲတွေလုပ်ပြီး ကလေးတွေကနေတဆင့် ပြန်ပြီးပြန့်ပွားအောင် ကြိုးစားရအုံးမှာပါ … ပညာရေးနဲ့ထပ်တူ ဘာသာရေးကိုပါ အဆင်မြှင့်ပေးဖို့ လူတိုင်းလူတိုင်းမှာ တာဝန်ရှိပါတယ် …
    နားလည်လွယ်ပြီး သံဝေဂဖြစ်နိုင်မယ့် ပုံတိုပတ်စလေးတွေ သတိရရင်လဲ ရေးတင်ပါအုန်း …

  • ဆူး

    November 4, 2010 at 8:42 am

    ဦးကြောင်ကြီးရဲ့ အတွေးနဲ့ ဒသနာ သဘောကျတယ်.. အခုလို စာပေများ များများ တင်နိုင်ပါစေ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 4, 2010 at 9:08 am

    (အခုတော့ ဘုန်းကြီးများ ဟောလိုက်တဲ့ ဗုဒ္ဓယဉ်ကျေးမှု ဆုံးမချက်များက ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို မီးမောင်းထိုးပြနိုင်စွမ်းမရှိလို့)
    (ထင်ရှားတဲ့ ဓမ္မကထိက ဆရာတော်များကိုယ်တိုင်က ရဲရဲဝံ့ဝံ့နဲ့ တီထွင်ကြံဆ၊ အကျင့်ပဋိပတ်နဲ့ပေါင်းစပ်၊ လက်တွေ့ဖြစ်ပျက် နေတာတွေနဲ့ စပ်ဟပ်ဖို့ လိုအပ်ပါတယ်)
    အဲ့သည်စာနှစ်ကြောင်းက တော်တော် စကားများမှ ရမဲ့ဟာကို ဘယ့်နှယ်ကြောင့် မွေပြွေးလို တိုတို တုတ်တုတ်ကြီး လုပ်သွားရတာတုန်း ဆရာတော် ကြောင်းကြီးရဲ ့
    နောက်တရာဘိုးလောက်ဟောတော်မူပါ ဖုံးဖုံး
    ဟဲဟဲ
    ဓမ္မကထိက အချင်းချင်း ချိတ်ချိုးရဘူးနော်

  • zinmyotun

    November 4, 2010 at 12:33 pm

    That right my friend.
    But that zen story is not I translated.
    It is from blogger Nyi Lin Sett.
    So thank to him.

  • kai

    November 4, 2010 at 8:59 pm

    နှစ်ထောင်းအားရ ရှိတော်မူတယ်.. ။
    ကိုကြောင်ကြီးစာနဲ့ ဘာမှမဆိုင်ပေမဲ့ ..ဝင်ဖြည့်ရေးပါဦးမယ်..။

    ပြောဖို့ရှိပါတယ်..
    ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ မှာ အဘိဓမ္မာက ဘုရားဟောမဟုတ်ဖူးတဲ့..။
    ရှင်သာရိပုတ္တရာ တဆင့်ဟောတော်မူတယ်ဆိုပေမဲ့ မြန်မာတွေမလုပ်ထားတဲ့ သမိုင်းမှတ်တမ်းတွေမှာ ပထမသံင်္ဂါယနာတင်တာမှာတောင် မပါဘူးဆိုတယ်..။
    ဝိကိမှာလည်း အဲဒီလိုဆိုထားတယ်..။
    The earliest texts of the Pali Canon have no mention of (the texts of) the Abhidhamma Pitaka[13]. The Abhidhamma is also not mentioned in some reports of the First Buddhist Council, which do mention the existence of the texts of the Vinaya and either the five Nikayas[14] or the four Agamas[15]. Other accounts do include the Abhidhamma.

    http://en.wikipedia.org/wiki/Abhidhamma_Pitaka#cite_note-15
    http://en.wikipedia.org/wiki/First_Buddhist_council

    သုတ္တန်ဒေသနာများကိုလည်း နောက်ပိုင်းမှာမှ သီဟိုဌ်၊ အိန္ဒိယက ဆရာတော်တွေ ဖြည့်ယူထားတာတွေအများကြီးပါတယ်လို့ သမိုင်းပညာရှင်တွေက ဆိုကြတယ်။
    The scriptures tell how the First Council held shortly after the Buddha’s death collected together the discipline (vinaya), and the dhamma in five collections. Tradition holds that little was added to the Canon after this. Scholars are more skeptical, but differ in their degrees of scepticism. Richard Gombrich thinks most of the first four nikayas (see below) go back to the Buddha, in content but not in form.[1] The late Professor Hirakawa Akira says[2] that the First Council collected only short prose passages or verses expressing important doctrines, and that these were expanded into full length suttas over the next century.

    ဆိုတော့..။အင်တာနက်ခေတ်ကြီးမှာ ကလစ်တချက်တချက် ခေါက်ပြီး .. ကိုယ်တိုင်လေ့လာ ..ဖတ်ရှု၊ စုံစမ်းပြီး ယုံကြ၊ ကိုးကွယ်ကြဖို့ပါပဲ..။
    ဗုဒ္ဓပွင့်တော်မူရာ ဒေသ၊တိုင်းနိုင်ငံတွေက တက္ကသိုလ်စာကြည့်တိုက်ထဲတွေကိုတောင် ကိုယ်တိုင်သွားဖတ်လို့ရတဲ့ခေတ်၊ အဲဒီကျောင်းတွေက ပါမောက္ခတွေကို အီးမေးလ်နဲ့ လှမ်းမေးမြန်းလို့ရတဲ့ ခေတ်ကြီးလေ..။
    ပိဋကတ်သုံးပုံလုံး စီဒီတချပ်၊ ၂ချပ်နဲ့ ထည့်ထားဖတ်နိုင်တဲ့ ခေတ်လေ..။

    ပြောချင်တာက .. ခေတ်မှီပညာတတ်မဟုတ်ပဲ.. ဗုဒ္ဓစာပေတွေကို ဗုဒ္ဓတက္ကသိုလ်ဘွဲ့ရ၊ ဓမ္မာကထိကဆင့်လောက်မရှိပဲ ..
    အသစ်မတီထွင် မဟောပြောကြစေလိုပါဘူး။ သင်္ကန်းရုံထားတဲ့ ဘုန်းတော်ကြီး(သံဃာတော်)ဟာ စာတတ်ကျမ်းတတ်ဖြစ်ရပါမယ်..။
    စာမတတ်၊ကျမ်းမနှံ ့ပဲ ကိုယ်တွေ့အတွေ့အကြုံနဲ့ စာချ၊တရားဟော သာသနာပြုနေရင် တကာတွေ ဒုက္ခတွေ များသထက်များလာပြီး မြန်မာဗုဒ္ဓဘာသာ ကွယ်ဖို့သာရှိမယ်လို့ သုံးသတ်မိကြောင်းပါ..ခင်ဗျား..။

    ..
    ကေသမုတ္တိသုတ် (ခေါ်) ကာလာမသုတ်-

    ကာလာမမင်းတို့ …
    သင်တို့သည်ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်)
    မယူကုန်လင့်ဦး။
    ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း
    (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန် လင့်ဦး၊
    နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန်လင့်ဦး၊
    (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန် လင့်ဦး။

    ကာလာမမင်းတို့ {{ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည် ရှိသော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏}}ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသောအခါ၌မူ ပယ်စွန့်ကုန်ရာ၏။

    ကာလာမမင်းတို့ {ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရား တို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည် ရှိသော် အစီးအပွားရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏}ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင်လျှင် သိသောအခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏။

    ၅ – ကေသမုတ္တိသုတ်၊ မဟာဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္ထိုရ်။

    • bigcat

      November 5, 2010 at 1:39 am

      ကိုခိုင်ရဲ့မှတ်ချက်ဖြစ်တဲ့ စာပေကျမ်းဂန်တတ်ကျွမ်းတဲ့ ဘုန်းကြီးများသာ ဟောပြောရမယ်၊ စာမတတ်၊ကျမ်းမနှံ ့ပဲ ကိုယ်တွေ့အတွေ့အကြုံနဲ့ စာချ၊တရားဟော သာသနာပြုနေရင် တကာတွေ ဒုက္ခတွေ များသထက်များလာပြီး မြန်မာဗုဒ္ဓဘာသာ ကွယ်ဖို့သာရှိမယ်ဆိုတာနဲ့ ပတ်သက်လို့ ကာလာမသုတ်ကိုပဲ အခြေခံပြီး ပြန်ဆွေးနွေးချင်ပါတယ်။
      ကိုခိုင်ပြောသလိုမျိုး လက်တွေ့တခုထဲနဲ့ မလုံလောက် စာပေးကျမ်းဂန်များနဲ့လည်း ညီရမယ်ဆိုတာကို မေတ္တာရှင် ဆရာတော် အရှင်ဇဝန (ရွှေပြည်သာ) ရေးတဲ့စာအုပ်တအုပ် နောက်ကြောမှာ ပုံနှိပ်ထားတာလည်း တွေ့ဖူးပါတယ်။
      ကာလာမသုတ်မှာပြောထားတာက သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင်လျှင် သိသောအခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏၊ ပယ်စွန့်ကုန်ရာ၏ လို့ အတိအလင်းပြောထားပါတယ်။ ကိုယ်တိုင်သိမြင်ခံစားမှုကိုသာ အားပေးပါတယ်။ ဘယ်လိုလုပ်သိမလဲဆိုတဲ့ မေးခွန်းဟာ စာပေကျမ်းတွေကရောမှန်ရဲ့လား ဒါမှမဟုတ် ကိုယ်ရနိုင်မဲ့ညဏ်မျိုးဟုတ်ရဲ့လား ဆိုတာနဲ့ အလားတူစွာ သိနိုင်ဖို့ခက်ခဲပါတယ်။ စာတွေ့နဲ့လက်တွေ့ပေါင်းစပ် ဟန်ချက်ညီညီသွား ဆိုတာကလည်း သီအိုရီဆန်လွန်းလို့ ဘယ်ဟာက ဦးဆောင်သင့်သလဲဆိုတာ ပိုဖြစ်သင့်တယ် ထင်ပါတယ်။ ကာလာမသုတ်အရကတော့ လက်တွေ့အရင်လာ ဘာဆိုတာကို ကိုယ်တွေ့ ညဏ်မြင်ပြီးမှ စာကနောက်ကလိုက်ရပါမယ်။ စာအရင်သွားလို့ကတော့ စာခံနေလို့ လက်တွေ့လုပ်လဲ ညဏ်ကမတိုး၊ တိုးမယ်ကြံတိုင်း စာကဦးသွားတတ်လို့ ပရမတ်သစ္စာကို မရဘဲ နိဂုံးချုပ်ကြရပါတယ်။
      ရမ်းသမ်းပြီး တီထွင်ကြံဆ မလုပ်သင့်ဆိုတာကိုလက်ခံပါတယ်။ ဒါပေမဲ့ကိုယ်တွေ့ကို ဘုရားဟောနဲ့ ယှဉ်ပြနိုင်ရင် ကျမ်းဂန်အတိုင်းတထပ်တည်း ကျစရာမလိုလို့ထင်ပါတယ်။ ဘုရာဟောဆိုတာကလည်း လက်တွေ့ကျင့်ရင် အများကြီးသိစရာလိုလို့ထင်ပါတယ်။ မင်းပြောတဲ့ကိုယ်တွေ့က မှန်တယ်လို့ ဘယ်လိုသက်သေပြမလဲလို့ ကပ်မေးရင် ကျနော်ကလည်း ခင်ဗျားပြောတဲ့ ကျမ်းဂန်ဆိုတာ ဘုရားဟောလို့ ဘယ်လိုအထောက်အထားပြနိုင်သလဲလို ပြန်ညစ်မေးပါ့မယ်။ ဘုရားထားခဲ့တဲ့ သာသနာနှစ် ၅၀ဝလား ၅၀၀ဝလားဆိုတာတောင် တကယ်စေ့စေ့စပ်စပ်လိုက်ရင် အငြင်းပွားလို့ ရပါတယ်။ ဒါကြောင့်ကျနော်ကတော့ စာကိုအခြေခံ (ဘယ်ဟာက ရုပ်နာမ်၊ ခန္ဓာငါးပါး၊ အာရုံခြောက်ပါး၊ ဓာတ်လေးပါး၊ သစ္စာတရား) စတာတွေကိုသိ၊ လက်တွေ့ကျင့်ပြီးပြောင်းလဲလာမဲ့ အသိညဏ်နဲ့မှာ စာကိုဟပ်ကြည့်တာသည်သာလျင် ယနေ့ကာလအတွက် အသင့်တော်ဆုံးလို့ထင်ပါသည်။

  • weiwei

    November 5, 2010 at 2:26 am

    ကိုကြောင်ကြီးပြောတာကို ထောက်ခံပါတယ်။ ဝိပသနာတရားကို သေသေချာချာ အားထုတ်ဖူးရင် ကိုကြောင်ကြီးပြောတာကို နားလည်မှာပါ။ တရားအားထုတ်တဲ့အခါမှာ ဆရာပြောတာမယုံနဲ့ ခန္ဓာပြောတာယုံလို့ တရားပြဆရာတွေပြောလေ့ရှိပါတယ်။ ဝိပသနာဉာဏ်က ယနေ့ခေတ်မှာ လက်တွေ့တရားအားထုတ်မှရနိုင်ပါတယ်။ စာအုပ်တွေထဲရှာမဖတ်ခင် ခန္ဓာကိုယ်ထဲအရင်ဖတ်တာ အကောင်းဆုံးပါပဲ …

Leave a Reply