ဘုရားမကွယ်ပါစေနဲ့….. by Paing Min

zinmyotunNovember 5, 20101min824
It is the same as my idea so I reshared it from eain lwan thu.

ဘုရားမကွယ်ပါစေနဲ့..

ShareFriday, April 9, 2010တနေ့ကသူငယ်ချင်းတစ်ယောက်နဲ့ စကားပြောမိရင်း ဘုရားစေတီတွေ အကြောင်းလေး ပြောမိပါတယ်။ သူကပြောပါတယ်.. ဒီဘုရားကတန်ခိုးကြီးတယ်.. ဆုတောင်းရင် ဆုတောင်းပြည့်တယ်.. လာဘ်လာဘလည်း ဝင်တယ် တဲ့။ ဟင်.. ဆိုပြီး ရင်ထဲမှာ တစ်မျိုးဖြစ်သွားပါတယ်။ မင်းပြောတဲ့ ဘုရားကတန်ခိုးကြီးတယ် ဆုတောင်းပြည့်တယ်ဆိုတော့ ကျန်တဲ့ဘုရားတွေက တန်ခိုးမကြီးတဲ့ သဘောပေါ့လို့ ပြန်ပြောမိပါတယ်။ ဒါနဲ့စကားစဖြတ်လိုက်ရင်း ကိုယ့်ဘာသာ အတွေးတွေထဲမှာ စဉ်းစားမိပါတယ်။ အော်.. ဘုရားတွေများလာပါလားပေါ့။ ဘုရားစေတီပုထိုးတွေသာ များလာတယ် ဘုရားရဲ့အဆုံးမတွေကို လိုက်နာကျင့်ကြံသူတွေတော့ နည်းသထက်နည်းနေပါလား ဆိုပြီး တွေးမိပါတယ်။ ဘယ်ဘုရားက တန်ခိုးကြီးတယ် ဒီဘုရားကဆုတောင်းပြည့်တယ်ဆိုရင် ဘုရားကိုကိုးကွယ်တာ ဘာအတွက်လဲ.. ဆုတောင်းပြည့်ယုံ အားကိုးယုံနဲ့ ကိုးကွယ်နေတာလား။ ဆုတောင်းမပြည့်ရင် တန်ခိုးမကြီးရင် မကိုးကွယ်တော့ဘူးလား ဆိုပြီး ပြန်မေးကြည့်မိပါတယ်။

ကိုယ့်ကိုယ်ကို ပြန်မေးလည်း မေးချင်စရာကောင်းပါတယ်။ ခုခောတ်မှာ တော်တော်လေး ခေတ်စားနေတာလေးတွေရှိပါတယ်။ ဘုရားဖူးသွားကြတာပါပဲ။ ဘုရားဖူးသွားကြတာ မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ ဘယ်ဘုရားက တန်ခိုးကြီးလို့ သွားကြရအောင်.. ဒီဘုရားက တန်ခိုးပြလို့ သွားကြရအောင်ဆိုပြီး သွားရင်တော့ ဘုရားဖူးသွားတယ်လို့တောင် မဆိုနိုင်ပါဘူး။ သွားဖူးတဲ့ဘုရားပျောက်ပြီး တန်ခိုးကိုစိတ်ရောက်နေတာ ဆုတောင်းပြည့်တာ စိတ်ရောက်နေတာဟာ ဘုရားဖူးသွားတယ်လို့ မဆိုလိုနိုင်ပါဘူး။ ထူးဆန်းထွေလာ သွားကြည့်တယ်လို့တောင် ပြောနိုင်ပါတယ်။ ဒါမို့လိုလည်း ဖုံးကွယ်ခြင်းသုံးပါးထဲမှာ ဘုရားကိုစေတီကွယ်တယ် ဆိုပြီး ပထမဦးစွာ ထည့်သွင်းထားတယ်လို့ ထင်မိပါတယ်။ တကယ်တော့ စေတီတွေက ဘုရားကို ကွယ်စေတာ မဟုတ်ပါဘူး.. ဘုရားကိုကွယ်စေနိုင်အောင် ကိုယ့်စိတ်က ရည်မှန်းလိုက်တဲ့ ရည်ရွယ်လိုက်တဲ့ စိတ်ထားတွေကသာ ဘုရားကို စေတီတွေက အလိုလိုကွယ်သွားစေတာပါ။ အမည်နာမတွေအမျိုးမျိုးနဲ့ ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို ကွယ်ပြစ်နေတာ များလှပါပြီ။ ဒီတော့ ဘုရားကို စေတီမကွယ်အောင် ဘယ်လိုများ လုပ်ကြရပါ့မလဲ။

တိဋ္ဌန္တေ နိဗ္ဗူတေ စာ ပိ၊ သမေ စိတ္တေ သမံ ဖလံ။
စေတော ပဏိဓိ ဟေတု ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂတိ ံ။

“တိဋ္ဌန္တေစ- သက်တော်ထင်ရှား မြတ်စွာဘုရား၌လည်းကောင်း၊ နိဗ္ဗူတော စ- ပရိနိဗ္ဗာန်ဝင်စံကြွာသွား မြတ်စွာဘုရား၏ လေးပါးသော စေတီတော်၌လည်းကောင်း၊ စိတ္တေ- ကြည်ညိုလိုသောစိတ် ပြစ်မှားလိုသောစိတ်သည်၊ သမေ- တူမျှသည်ရှိသော်၊ ဖလံ- ကောင်းကျိုးဆိုးကျိုးသည်၊ သမံ- တူမျှလေ၏၊ ကသ္မာ- အဘယ်ကြောင့်နည်းဟူမူကား၊ ဟိယသ္မာ- အကြင်ကြောင့်၊ စေတောပဏိဓိဟေတု ဟိ- စိတ်ထားကောင်းသောကြောင့်သာလျှင်၊ သတ္တာ- သတ္တဝါတို့သည်၊ သုဂတိ- သုဂတိဘဝသို့၊ ဂစ္ဆန္တိ- လားကြရကုန်၏၊ တသ္မာ- ထို့ကြောင့်၊ ဖလံ- ကောင်းကျိုး ဆိုးကျိုးသည်၊ သမံ- တူမျှလေ၏” ဆိုတဲ့ ဘုရားရှင်ရဲ့ အဆုံးမတိုင်းပါပဲ။ သက်တော်ထင်ရှားဘုရားနဲ့ ဘုရားစေတီတော်ဟာ စိတ်ထားတတ်မယ်ဆိုရင် အတူတူပါပဲ။ ဘုရားစေတီတွေသွားမယ်ဆိုရင် စိတ်ထားတတ်ဖို့ဟာ အဓိကကျပါတယ်။ ဘုရားစေတီပုထိုး သွားမယ်ဆိုရင် ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ အထပ်ထပ်ပွားပြီး ဘုရားရှင်ရဲ့ကျေးဇူးတရားတွေကို ရင်ထဲမှာအာရုံပြုပြီး သွားမှသာ ဘုရားဆီသွားတယ်လို့ ဆိုနိုင်မှာ ဖြစ်သလို ဘုရားသွားဖူးတယ်ဆိုတာလည်း သေချာသွားမှာပါ။ ကိုယ်သွားနေတဲ့ခြေလှမ်းတွေနဲ့ ရည်မှန်းနေတဲ့ စိတ်ထားတွေဟာ ဘုရားရှင်ဆီကို ဦးတည်နေဖို့ လိုအပ်ပါပေတယ်။

ခုတော့ဖြင့် ဘုရားရှင် ဆုံးမခဲ့တဲ့ အဆုံးမတွေနဲ့ လွဲပြီးရင်းလွဲနေပါတော့တယ်။ သူငယ်ချင်းတွေ ဝိုင်းဖွဲ့ပြီး ပျော်ပွဲစားထွက်သလိုမျိုး ဘုရားကို သွားကြတယ်။ စားကြသောက်ကြ ပျော်ကြပါးကြဖို့အတွက် ဘုရားသွားဖူးကြတယ်။ တန်ခိုးကြီးတယ် အလုပ်အကိုင်အဆင်ပြေတယ် လာဘ်လာဘတိုးတယ်ဆိုလို့ အားကိုးတကြီးနဲ့ သွားကြတယ်။ တန်ခိုးပြတယ်.. ရောင်ခြည်ပြတယ်ဆိုပြီး အထူးဆန်းအဖြစ်သွားဖူးကြတယ်။ ဘုရားဂုဏ်တော်တွေ ဘယ်ဆီရောက်နေမှန်း မသိကြပါဘူး။ ဘုရားရဲ့ ကျေးဇူးတရားတွေ ရင်ထဲမှာ ထည့်ထားပြီး သွားကြမယ်ဆိုတာလည်း မရှိကြပါဘူး..။ တကယ်စဉ်းစားကြည့်ရင် ဝမ်းနည်းဖို့ ကောင်းပါတယ်။ မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးရဲ့ဩဝါဒ အတိုင်းဆိုရင်ဖြင့် “အိမ်ကဘုရားကို ဘုရားလို့မထင်ပဲ ဟိုဘုရားမှ ဘုရားထင်ပြီး ဘုရားလည်ထွက်နေကြတာဟာ ဘုရားကိုမျက်နှာပြောင် တိုက်နေတာပဲ” လို့ ပြောရမလိုပါပဲ။ ဘယ်စေတီဖြစ်ဖြစ် ဘယ်ဘုရားဖြစ်ဖြစ် ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို အာရုံပြုပြီး ကြည်ညိုသဒ္ဓါပွားကာ တန်းတူစိတ်ထားဖြင့် မကိုးကွယ်နိုင်သဖြင့်တော့ ဘုရားမမြင်သေးဖူးလို့ပဲ ပြောရမှာပါပဲ။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ရင်ထဲမှာ ဘုရားကိုစေတီကွယ်နေပြီဆိုတာ သိစေချင်ပါတယ်။

ဒီတော့ဘုရားကို စေတီမကွယ်စေဖို့ ဘုရားရှင်ရဲ့ကျေးဇူးတရားတွေ သတိတရရှိဖို့အတွက်ဆို ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးတွေကို အမြဲအမှတ်ရမယ့် စိတ်ထားလေးတွေကို ရင်ထဲနှလုံးသားထဲမှာ စွဲမြဲစေဖို့ အရေးကြီးပါတယ်။ ကျွန်တော်ပြောတဲ့အထဲမှာ ဘုရားမသွားနဲ့.. ဘုရားကိုသွားတာ အကျိုးမရှိဘူး.. ဘုရားကို စေတီတွေက ကွယ်နေတယ်လို့ မဆိုလိုပါဘူးနော်။ ဘုရားရှင် ခန္ဓပရိနိဗ္ဗာန်ဝင်စံတော်မူပြီးတဲ့နောက် ကြွင်းကျန်သောဓါတ်တော်တွေကို ဘုရားရှင်ဟာ သာသနာတော်အတွက် ဓာတုစေတီဆိုတဲ့ ဓါတ်တော်တွေ၊ ဓမ္မစေတီဆိုတဲ့ တရားတွေ၊ ဥဒ္ဒိဿစေတီဆိုတဲ့ ရုပ်ပွားတော်တွေ၊ ပရိဘောဂဆိုတဲ့ အသုံးအဆောင်များကို ကိုယ်စားလှယ်အဖြစ်ထားခဲ့တာပါ။ ဒါ့ကြောင့် စေတီတော်တွေကို ဖူးမြင်ရတာဟာ သက်တော်ထင်ရှားဘုရားကို ဖူးမြင်ရတာနဲ့ ထပ်တူပါပဲ။ ဘုရားရှင်နှင့်အတူစိတ်ထားနိုင်လျှင် ကောင်းကျိုးရတာခြင်းလည်းတူသလို အကျိုးပေးခြင်းလည်း တူညီပါတယ်။

အိမ်ကဘုရားစင်(ဘုရားကျောင်းဆောင်) ဟာလည်း ဘုရားဖြစ်သလို.. ရန်ကုန်မှာ တည်ထားကိုးကွယ်နေတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမှာ တည်ထားကိုးကွယ်တဲ့ မဟာမြတ်မုနိဘုရားကြီးနဲ့ စသည့်ဘုရားစေတီအဆူဆူတွေဟာလည်း ဘုရားပါပဲ။ ကိုယ့်ရင်ထဲ နှလုံးသားထဲမှာ ဘယ်ဘုရားစေတီပုထိုးကိုမြင်မြင် ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးတွေကိုမြင်ပြီး အမြတ်တနိုးတန်ဖိုးထားပြီး ဦးချကြည်ညိုတတ်ဖို့ဟာ ပိုပြီးတော့ အရေးကြီးပါတယ်။ ငါတို့ကိုးကွယ်နေတဲ့ ဘုရားစေတီမှ ဘုရားဆိုရင်တော့ ကိုယ့်ရင်ထဲမှာ ဘုရားစစ် ဘုရားမှန် ပျောက်နေပါတယ်လို့ ပြောလိုက်ပါရစေ..။ တန်ခိုးကြီးတဲ့ဘုရားမှ ဘုရားထင်ပြန်ရင်လည်း ဂုဏ်တော်ချင်းထပ်တူအာရုံပြု ရှိခိုးဦးချရမည့်ဘုရားကို မျက်နှာပြောင် တိုက်နေပါလားဆိုတာ သိလိုက်ပါလို့ သတိပေးလိုပါတယ်။ သတ္တဝါတွေအကျိုးစီးပွားအတွက် အဆူဆူပွင့်ထွန်းတော်မူလာခဲ့တဲ့ ဘုရားအဆူဆူရဲ့ကျေးဇူးတရားတွေကို ရင်ထဲမှာ ထင်မြင်ပြီး အမြတ်တနိုးထား ဦးချနိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ပါတယ်။ ဘုရားကိုဘုရားလို့ပဲမြင်ပြီး ဂုဏ်ကျေးဇူးတွေကို အမြတ်တနိုးတန်ဖိုးထားတတ်ပါစေလို့ ဆန္ဒပြုလျှက်..။

4 comments

  • bigcat

    November 5, 2010 at 4:18 am

    ဘာနဲ့တူသလဲဆိုတော့ ဆရာသမားရေ၊ ပစ္စည်းချင်းတူတောင် ပရိုမိုးရှင်းတို့ အက်ဗာတိုက်ဆင်းတို့ ပက်ကေ့ဂျင်းတို့လို့ မားကက်တင်းပညာတွေသုံးပြီး ဈေးတင်ရောင်းမှ လူတွေက ဝယ်ကြတာကလား။ တဖက်ကပြန်တွေးပြန်တော့လည်း အိမ်ကဘုရားဆင်းတုကို ဂုဏ်တော်မှန်း အာရုံပြုအောင်ကလည်း အခြေခံသီလ၊ သမာဓိမှ ဖြည့်ဆည်းနိုင်မှဆိုတော့လည်း ဒီလိုပဲ ဆူလွယ်နပ်လွယ် အားကိုးရှာရတာပေါ့။ ပြင်ဖို့တော့မဖြစ်နိုင်၊ တတ်နိုင်သမျှ အကောင်းလေးတွေပဲ ဆွဲထုတ်လို့ရမယ် ထင်ပါတယ်။

  • naywoonni

    November 5, 2010 at 1:28 pm

    စာတစ်ပုဒ်ဖတ်ဖူးတယ်..ဘယ်သူလဲတော့မမှတ်မိတော့ဘူး။ကွန်မြူနစ်စာအုပ်ထဲမှာလား
    ဒါမှမဟုတ်ဆရာဒေါက်တာသန်းထွန်းလာတေ့မသိဘူးအမှန်သိရင်ပြောပြပေးကြပါ…..။
    ဆိုလိုရင်းကဒီလိုပါ……..
    ဘုရားသခင်းသည်လူကိုဖန်ဆင်းတော်မမူ
    လူကသာဘုရားသခင်ကိုဖန်းဆင်၏….တဲ့။
    ဘာလို့လဲဆိုလူဟာအကြောက်နဲ့မွေးဖွားလာသူေတွေဖြစ်လို့ပါတဲ့
    ဆင်ရဲမှာကြောက်ပါတယ်။သူများတန်းတူမနေနိုင်မှာကြောက်ပါတယ်။။
    ချစ်တဲ့သူနဲ့ကွေ့ကွင်းရမှာ….မချစ်တဲ့သူနဲ့အတူနေရမှာ…….မိုးမိမှာ..မုန်တိုင်းမိမှာ
    အချိန်ပြည့်လူဟာစိတ်ထဲမှာကြောက်စိတ်ဆိုတာရှိပါတယ်။အဲဒိအကြောက်ကိုဖြေဖျောက်ဖို့အားကိုးရှာရပါသတဲ့
    အဲဒိကနေစပြီး…ရေနတ်။မီးနတ်။အချစ်နတ်။လေနတ်ဟသည်ဖြင်ပေါ်ပေါက်လာရတာကနတ်တွေထက်
    အာဏာရှိမဲ့ဘုရားသခင်ကိုလူသားတို့ဖန်ဆင်းတော်မူပါသတဲ့
    အခုလဲသူတို့အကြောက်တွေကွယ်ဖို့ကိုးကွယ်နေကြတာပါ
    တစ်ကယ်ဗုဒ္ဓဘာသာဝင်တွေမဟုတ်ကြရှာပါဘူး
    မြန်မာပြည်မှာဒီလိုလူတွေပေါများနေတာတော့ဝမ်းနဲစရာကောင်းတာပေါ့

  • ဆူး

    November 5, 2010 at 1:50 pm

    ဒီပိုစ်လေး ကောင်းပါတယ်.. လူတွေက ဘုရားဆို နာမည်ကြီးတိုင်း သွားချင်နေကြတာ.. အသိတွေမရှိကြဘူး.. တရားဆိုတာ စိတ်မှာ အစဉ် အမြဲ နှလုံးသွင်းနိုင်ရင် ဘုရား တကာ လိုက်ဆုတောင်းတဲ့ သူထက် ပိုပြီး သာတယ်။ ကျန်တာတော့ သိပ်အများကြီး မပြောချင်တော့ဘူး.. ဘာပဲ ပြောပြော တကယ် ဟုတ်မဟုတ် သိချင်ရင် တကယ် လုပ်ကြည့်ရင် ကွာခြားချက် ကို သိလာပါလိမ့်မယ်

  • kopauk mandalay

    November 5, 2010 at 3:45 pm

    ကျနော်ကိုတော့ မိတ်ဆွေတစ်ယောက်ကပြောဘူးတယ်။
    အိမ်က ဘုရားနဲ့ အပြင်ကဘုရား ကွာပါတယ်တဲ့။
    အပြင်က ဘုရားကို လာရောက် ဘုရားဖူးသူတွေရဲ့စိတ်ထဲမှာကောင်းသောစိတ်တွေထုံမွှမ်းလို့နေပါသတဲ့။
    နောက် ဘုရားရှိခိုးပူဇော်ကြသူများဆီက ထွက်နေတဲ့ မမြင်ရသောမေတ္တာဓါတ်တွေကလဲ ပျံလွင့်စိုးမိုးလို့နေပါသတဲ့။
    အပြင်က ဘုရားကို သွားသင့်ပါ
    ဒါကြောင့် သူက အိမ်ကဘုရားလည်းရှိခိုးတယ် အပြင်က ဘုရားလဲသွားတယ်တဲ့။
    မှန်ပါတယ် ဒီဘုရားက တန်ခိုးကြီးတယ် ဟိုဘုရားက တန်ခိုးမကြီးဘူးဆိုပြီး ဘုရားတွေကိုလဲ ကိုယ့်စိတ်ကူးနဲ့ကို်ယ်အဆင့်မခွဲသင့်ပါဘူး။

Leave a Reply