တော်လှန်ရေးသမား

kaiNovember 4, 20101min530

တော်လှန်ရေးသမား

အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတိုက်ပွဲ လမ်းစဉ်တွေကို ချမှတ်အကောင်အထည်ဖော်ကြပါတယ်။ ဒီလို အကောင်အထည်ဖော်ကြရမှာ ဖော်ဆောင်နေတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ၊ တော်လှန်ရေးသမားတွေနဲ့ ချိတ်ဆက်မိပြီး၊ နိုင်ငံရေး အခြေအနေအရ ဟန်ချက်ညီ လှုပ်ရှားမှုတွေမှာ လူအများက ပူးပေါင်းပါဝင်လာလေ့ရှိပါတယ်။ သို့ပေမယ့် အာဏာရှင်စနစ် ယန္တရားတွေက လူ့အဖွဲ့အစည်းရဲ့ အလွှာအသီးသီး၊ ကဏ္ဍအသီးသီးမှာ ထိုးဖောက်နေရာယူထားတဲ့ အခြေအနေ (သို့မဟုတ်) အာဏာရှင်သတင်းပေးတွေက ရပ်ကွက်၊ ကျေးရွာ၊ တက္ကသိုလ်၊ စာသင်ကျောင်းတွေထဲအထိ စိမ့်ဝင်ပျံ့နှံ့နေတဲ့ အခြေအနေ (သို့မဟုတ်) တော်လှန်ရေး အဖွဲ့အစည်းတွေ၊ တော်လှန်ရေးသမားတွေနဲ့ ကွင်းဆက်ပြတ်နေတဲ့ အခြေအနေတွေမှာ နိုင်ငံရေး အခြေအနေနဲ့အညီ ဟန်ချက်ညီတဲ့ လှုပ်ရှားမှုတွေ မဖော်ဆောင်နိုင်တာတွေ ဖြစ်လာပါတယ်။

ဆက်သွယ်ရေးတာဝန်ယူထားသူတွေ ရန်သူ့လက်ထဲ ရောက်သွားတဲ့အတွက် တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ မြေအောက်လှုပ်ရှားအဖွဲ့ငယ်တွေနဲ့ ကွင်းဆက်ပြတ်သွားပြီး တော်လှန်ရေးနဲ့ ပတ်သက်တဲ့ သတင်းကို မပေးနိုင်တာတွေလဲ ဖြစ်လာတတ်ပါတယ်။ တခါတရံကျတော့လဲ အာဏာရှင်စနစ်ကို ဆန့်ကျင်လိုတဲ့ ကျောင်းသား၊ လူငယ်၊ ရဟန်းရှင်လူ ပြည်သူတွေက သူ့နယ်အလိုက်၊ သူ့ကျောင်းအလိုက်၊ သူ့အစုအလိုက် စုစည်းမိနေကြပြီး ဘယ်လိုအဖွဲ့၊ ဘယ်လိုလူတွေနဲ့ စတင်ဆက်သွယ်ရမလဲဆိုတာ ဝေခွဲမရ ဖြစ်နေတာတွေလဲ ဖြစ်တတ်ပါတယ်။ မြေအောက်လှုပ်ရှားမှု လုပ်မယ့်သူတွေအနေနဲ့ မြေပေါ်မှာ ရပ်တည်နေတဲ့ အဖွဲ့အစည်းတွေကို မလိုအပ်တဲ့ ထိစပ်မှုလဲ မလုပ်လိုတဲ့အတွက် အခြေအနေနဲ့ အခွင့်အလမ်းကို စောင့်စားနေသူတွေလဲ ရှိတတ်ပါတယ်။

အချို့တက်ကြွသူတွေက အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေး အဖွဲ့အစည်းထဲက လူတွေကို လိုက်လံ ဆက်သွယ်ပြီး ဘာလုပ်ရမလဲ၊ ဘယ်တော့တော်လှန်ရေး စမလဲ၊ သက်ဆိုင်ရာ နယ်မြေမှာ ဘယ်သူနဲ့ ဆက်သွယ်ရမလဲလို့ မေးလာတဲ့ အခါမျိုးတွေမှာ တော်လှန်ရေးသမားတွေ ဘက်မှာကလဲ လုံခြုံရေးစည်းမျဉ်း၊ မြေအောက်ယူဂျီစည်းကမ်းတွေ ရှိနေလေတော့ ဖြေဆိုလို့ မရတဲ့ အခြေအနေမျိုးတွေလဲ ရှိတတ်ပြန်ပါတယ်။ အဲဒီလို အခြေအနေတွေ ကြုံတဲ့အခါ ဘာလုပ်ရမှန်းမသိလို့၊ ဘယ်သူကမှ ညွှန်ကြားချက်မပေးလို့၊ ဘယ်အဖွဲ့အစည်းနဲ့မှ အဆက်အသွယ်မရလို့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်နိုင်ခြင်း မရှိပဲ အခြေအနေကို စောင့်နေရတယ်လို့ အချို့က ဆိုပါတယ်။

တကယ်တမ်းကျတော့ စစ်အာဏာရှင်စနစ် (စစ်တပ်မှ ပြည်သူ့အာဏာကို သိမ်းယူထားသောစနစ်)နဲ့ ရွေးကောက်ခံ အာဏာရှင်စနစ် (အာဏာရှင် နောက်မြီးဆွဲများအား မွေးမြူ၍ ရွေးကောက်ပွဲပြုလုပ်ကာ အာဏာချုပ်ကိုင်ထားရန် ကြိုးပမ်းထားသော စနစ်) တွေကို တော်လှန်တဲ့အခါမှာ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်ဖြစ်မှ တော်လှန်ရေးလုပ်လို့ ရတာ မဟုတ်ပါဘူး။ တော်လှန်ရေး သမားတွေနဲ့ ချိတ်ဆက်မိမှ၊ ပူးပေါင်းဆောင်ရွက်မှ တော်လှန်ရေးသမား တယောက် ဖြစ်တာ မဟုတ်ပါဘူး။ အရေးကြီးတာက အတွေးအခေါ်နဲ့ ခံယူချက်ပါပဲ။

အတွေးအခေါ်နှင့် ခံယူချက်

ပထမဦးဆုံး သင့်ကိုယ်သင် ပြန်မေးလိုက်ပါ။ မြန်မာပြည်ကြီး စစ်ဖိနပ်အောက်မှာ ကျရောက်နေတဲ့ အတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေ နှောင့်နှေး ပျက်စီးနေရတယ်ဆိုတာကို သင်မြင်ပါသလား။ စစ်အာဏာရှင်စနစ်နဲ့ ရွေးကောက်ခံ အာဏာရှင် စနစ်တွေကို ဆန့်ကျင်တော်လှန်ရမယ်ဆိုတဲ့ ခေတ်သမိုင်းက သင့်ပုခုံးပေါ် တင်ပေးထားတဲ့ တာဝန်တရပ်ကို သင် ထမ်းဆောင်လိုပါသလား။ ဒီတာဝန်ကို ထမ်းဆောင်ရမယ့် တော်လှန်ရေးသမား တယောက်အနေနဲ့ သင် ခံယူလိုပါသလား။ ဒါမှမဟုတ်ရင် တော်လှန်ရေးကို အားပေးထောက်ခံသူ တယောက်အနေနဲ့ သင်ခံယူလိုပါသလား။

သင့်မှာ ဒီခံယူချက် ရှိနေပြီဆိုရင် ရွေးချယ်ရမယ့် လမ်းစဉ်တွေ ရှိလာပါပြီ။

လမ်းစဉ်

အကြမ်းဖျင်းအားဖြင့် လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်နဲ့ လူထုတိုက်ပွဲ လမ်းစဉ် နှစ်ရပ်ရှိပါတယ်။ ဒီလမ်းစဉ်နှစ်ရပ်ကို ကိုင်စွဲရာမှာလဲ လုပ်နည်းလုပ်ဟန် ကွဲပြားမှုလေးတွေ ရှိပါတယ်။ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ကိုင်စွဲကျင့်သုံးမှုကို လူအချို့က တောခိုတာလို့ ယူဆပါတယ်။ လက်တွေ့မှာ တောခိုတာ တခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ လက်နက်ကိုင်တော်လှန်ရေးဆိုတာ တနည်းအားဖြင့် လက်နက်ကိုင် သူပုန်ထမှုပါပဲ။ အာဏာရှင်စနစ်ရဲ့ မတရားမှုတွေဟာ ဥပဒေဖြစ်လာတဲ့အခါ တော်လှန်ပုန်ကန်မှုဟာ သမိုင်းပေးတာဝန်တရပ်ပဲ ဖြစ်ပါတယ်။ မတရားတဲ့ အာဏာရှင်စနစ်ကို ပုန်ကန်တဲ့ သူပုန်ဆိုတာက ဒီလို ကြီးကျယ်မြင့်မြတ်တဲ့ သမိုင်းပေးတာဝန်ကို ထမ်းဆောင်နေသူများပါပဲ။

သူပုန်ထပြီး အာဏာရှင်ကို တော်လှန်တဲ့အခါ guerilla force လို့ခေါ်တဲ့ လက်နက်ကိုင် အင်အားစု၊ auxiliary လို့ခေါ်တဲ့ ထောက်ပံ့ရေးနဲ့ အားပေးထောက်ခံတဲ့ အင်အားစုနဲ့ underground ဆိုတဲ့ မြေအောက်လှုပ်ရှားမှု အင်အားစုတွေ လိုအပ်ပါတယ်။ လက်နက်ကိုင် အင်အားစုတွေက ကျေးလက်ဒေသနဲ့ မြို့ပြဒေသတွေမှာ အာဏာရှင် လက်ကိုင်ဒုတ် ကြေးစားစစ်တပ်တွေ၊ ကြေးစား ရဲတွေ၊ ကြေးစားအာဏာပိုင်တွေနဲ့ ထိပ်တိုက်ထိတွေ့စစ်ဆင်ရေးဖြစ်ဖြစ်၊ အခြေခံဒေသ ကာကွယ်ရေးဖြစ်ဖြစ်၊ ပြောက်ကျားစစ်ဆင်ရေးတွေကိုပဲ ဖြစ်ဖြစ် အကောင်အထည်ဖော်ကြပါတယ်။ auxiliary အင်အားစုတွေက ကျေးလက်၊ မြို့ပြအမာခံတွေအနေနဲ့ ရိက္ခာ၊ ဆေးဝါး၊ ငွေကြေး၊ ခိုလှုံရာနေရာ စတာတွေကို ပံ့ပိုးပေးကြပါတယ်။ မြေအောက်လှုပ်ရှားသူတွေက လူထုစည်းရုံးရေး၊ ဝါဒဖြန့်ချိရေး၊ ချိတ်ဆက်လှုပ်ရှားရေး၊ အခြေခံဒေသဖော်ဆောင်ရေးတွေကို ကြိုးပမ်းဆောင်ရွက် ကြပါတယ်။

လူထုတိုက်ပွဲလမ်းစဉ်ကို ကိုင်စွဲပြီး အာဏာရှင်ကို တော်လှန်တဲ့အခါ လှုပ်ရှားအဖွဲ့ငယ်များ၊ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ငယ်များ၊ ဒေါက်တိုင်စည်းရုံးရေးနှင့် ဖြိုချရေး အဖွဲ့ငယ်များ၊ ရပ်ရွာ ကာကွယ်ရေး အဖွဲ့ငယ်များ၊ နိုင်ငံရေးအန်တုမှုအဖွဲ့ငယ်များ လိုအပ်ပါတယ်။ လှုပ်ရှားအဖွဲ့ငယ်တွေရဲ့ တာဝန်တွေကတော့ ပိုစတာကပ်ခြင်း၊ စာရွက်စာတမ်း ဖြန့်ဝေခြင်း၊ လူထုရဲ့ တိုက်ပွဲရေချိန်ကို စောင့်ကြည့်လေ့လာရေးကနေ လူထုတိုက်ပွဲဖြစ်နေချိန်မှာ မြို့အနှံ့၊ နယ်အနှံ့ အမြန်ဆုံး ပျံ့နှံ့ရောက်ရှိရေး၊ လူထုတိုက်ပွဲကို ဦးဆောင်စီမံခန့်ခွဲရေး တာဝန်တွေအထိ ကျယ်ပြန့်လှပါတယ်။ စည်းရုံးလှုံဆော်ရေးအဖွဲ့ငယ်တွေကတော့ ရပ်ရွာလူထုထဲကို ထိုးဖောက်စည်းရုံးပြီး လူထုနဲ့ တသားတည်းရှိနေရေးအတွက် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

ရန်သူ့ဒေါက်တိုင် စည်းရုံးရေး၊ ဖြိုချရေး အဖွဲ့ငယ်တွေကတော့ ရန်သူ့ဒေါက်တိုင်အဖွဲ့တွေကို စိမ့်ဝင်ပြီးသပ်လျှိုဖြိုခွဲရေး၊ ရန်သူ့လူများကို ပြည်သူ့ဘက်ပါလာစေရန် စည်းရုံးရေး၊ ရပ်ရွာတွင်းမှာ ရန်သူ့ဘက်တော်သားများကို အမာခံ၊ နှစ်ဖက်ချွန်၊ သာကူး စသဖြင့် ခွဲခြားမှတ်တမ်းတင်ထားရေးကနေ လူထုတိုက်ပွဲဖြစ်လာချိန်မှာ ရန်သူ့ဒေါက်တိုင် အမာခံများကို လက်ဦးမှုကြိုတင်ရယူပြီး နှိမ်နင်းရေး၊ ရန်သူ့နေရာများအား ဝင်ရောက်စီးနင်းခြင်း တာဝန်များကို ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။

ဒီလမ်းစဉ်တွေနဲ့ လုပ်နည်းလုပ်ဟန်တွေထဲမှာ သင်ရောက်နေတဲ့ နေရာဒေသ၊ သင့်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရေချိန်၊ သင့်ရဲ့ ပတ်ဝန်းကျင်အခြေအနေအရ သင်ဘာတွေ လုပ်နိုင်သလဲ။ ဘယ်လိုအလုပ်တွေက သင်နဲ့ ကိုက်ညီသလဲ။

သင်ဘာလုပ်နိုင်သလဲ

သင်ဟာ ကျောင်းဆရာတယောက်ဖြစ်နေရင် ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေကို စည်းရုံးလှုံ့ဆော်လို့ရတယ်။ သင်ဟာ ဆရာဝန်တယောက်ဖြစ်နေရင် ကျေးလက်၊ မြို့ပြ အမာခံ အနေနဲ့ ရိက္ခာ၊ ဆေးဝါး၊ ခိုလှုံရာနေရာ ထောက်ပံ့ကူညီလို့ရတယ်။ သင်ဟာ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်ဖြစ်နေရင် ဈေးရောင်းရင်း နိုင်ငံရေးသတင်း ဖြန့်ဖြူးလို့ရတယ်။ သင်ဟာ ဆိုက်ကားဆရာ၊ တက္ကစီဆရာ ဖြစ်နေရင် ခံယူချက်တူတဲ့ လူတွေကို အခြေအနေအရ စည်းရုံးလို့ရတယ်။ ရန်သူ့ဘက်တော်သားတွေရဲ့ ခြေလှမ်းကို စောင့်ကြည့်လေ့လာလို့ရတယ်။ ရန်သူ့သတင်းကို စုဆောင်းလို့ရတယ်။

သင်ဟာ အလုပ်သမားကြီးဆိုရင် အလုပ်သမား သမဂ္ဂတွေ ဖွဲ့ဖို့ ကြိုးပမ်းလို့ရတယ်။ အာဏာရှင်စနစ်ကို ဆွဲဆန့် အသက်ဝင်စေတဲ့ လုပ်ငန်းခွင်တွေကို နှောင့်နှေးကြန့်ကြာအောင်၊ ပျက်စီးချွတ်ယွင်းအောင် လုပ်လို့ရတယ်။ သင်ဟာ လယ်သမားကြီးဆိုရင်လဲ တောင်သူလယ်သမားသမဂ္ဂတွေ ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းလို့ရတယ်။ သင်ဟာ ကျောင်းသားတယောက်ဆိုရင် ကျောင်းသားတွေ အကြားမှာ စည်းရုံးလှုံ့ဆော်လို့ရတယ်။ သင်ဟာ ဝန်ထမ်း တယောက်ဖြစ်နေရင် အာဏာရှင်အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို တော်လှန်ရေးသမားတွေနဲ့ မီဒီယာတွေဆီ သတင်းပို့ပေးလို့ ရတယ်။ သင်ဟာ ပြည့်တန်ဆာတယောက် ဖြစ်နေခဲ့ရင်လဲ သင့်ကို ဒီလိုဘဝကို ရောက်အောင် တွန်းပို့လိုက်တဲ့ စစ်အာဏာရှင် အသိုင်းအဝိုင်းနဲ့ စစ်ကျွန်တွေဆီက သတင်းတွေ မေးမြန်းစုံစမ်းလို့ရတယ်။ တတ်နိုင်တဲ့နည်းနဲ့ လက်စားချေလို့ ရတယ်။ သင်ဟာ အလုပ်လက်မဲ့ လူငယ်တယောက်ဖြစ်နေရင်လဲ အလုပ်လက်မဲ့ ပြဿနာကို မဖြေရှင်းပေးတဲ့ အစိုးရကို မြို့ပြပြောက်ကျား နည်းလမ်းတွေနဲ့ ဆန့်ကျင်တိုက်ခိုက်လို့ရတယ်။

သင်ဟာ အာဏာရှင်ယန္တရား ဒေါက်တိုင်တွေထဲမှာ မလွှဲသာလို့ ရောက်နေခဲ့ရင်လဲ အာဏာရှင်စနစ်ရဲ့ လျှို့ဝှက်ချက်များကို လူအများသိလာအောင် နည်းမျိုးစုံနဲ့ ဖြန့်ဖြူးခြင်း၊ ဒေါက်တိုင်အတွင်းမှ လူအများကို စည်းရုံးခြင်း၊ ဖြိုခွဲခြင်းတွေ လုပ်နိုင်တယ်။ သင်ဟာ တပ်မတော်သားတယောက် ဖြစ်နေရင်လဲ တပ်တွင်းယူဂျီလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တပ်မတော်သားများ ပြည်သူလူထုဘက်က ရပ်တည် လာစေရန် ဆောင်ရွက်ခြင်း စတာတွေ လုပ်လို့ရတယ်။ အာဏာရှင်ထိပ်ပိုင်း ခေါင်းဆောင်ကြီးတွေရဲ့ အနီးမှာ ရှိခဲ့ရင် အခွင့်သာတဲ့အခါ ချေမှုန်းပစ်လို့ရတယ်။

သင်ဟာ နိုင်ငံတကာမှာ ရောက်နေခဲ့ရင် ဝါဒဖြန့်ချိရေး၊ ဘဏ္ဍာငွေစုဆောင်းရေး၊ မီဒီယာနှင့် နည်းပညာများကို အသုံးပြုပြီး စည်းရုံးလှုံဆော်ရေးတွေ လုပ်လို့ရတယ်။ နိုင်ငံတကာ ရောက်နေ သူတွေဟာ ပြည်တွင်းမှာ မဟုတ်လို့ ဘာမှ မလုပ်နိုင်တာ မဟုတ်ဘူး။ လူတိုင်းကိုယ်စီ တော်လှန်ရေးတာဝန်ကို ယူနိုင်ကြရင် နိုင်ငံတကာက တော်လှန်ရေးထောက်ခံသူ တသောင်းဟာ ပြည်တွင်းတော်လှန်ရေးအင်အား တသိန်းကို ဖန်တီးနိုင်လာပါလိမ့်မယ်။ ပြည်ပရောက်နေလို့ ဘာမှ မလုပ်နိုင်တာ မဟုတ်ပါ။ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်း၊ ကိုယ်နဲ့ ခံယူချက်တူသူများကို ရှာဖွေပြီး သတင်းများ ဖြန့်ဖြူးပေးခြင်း၊ ဝါဒဖြန့်ချိရေး လှုံ့ဆော်စာများ ရေးသားဖြန့်ဝေခြင်း၊ ခံယူချက်တူသူများမှ တဆင့် မြေအောက်လှုပ်ရှား အဖွဲ့များ ဖွဲ့စည်းခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။

တော်လှန်ရေး ထောက်ကူပစ္စည်းများ

စာရွက်စာတမ်းများ ဖြန့်ဝေရေး၊ လေ့လာရေးတို့အတွက် နှစ်နှစ်ဆယ်ကျော်ကာလအတွင်းမှာ အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးအတွက် လိုအပ်မယ့် စာရွက်စာတမ်းတွေ၊ သတင်းဂျာနယ်တွေ၊ ပိုစတာတွေ၊ ခေါင်းဆောင်မိန့်ခွန်း ကောက်နုတ်ချက်တွေ အများအပြား ရှိနေပြီဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေက ဒီလို ထောက်ကူပစ္စည်းတွေ လူထုလူတန်းစားအလွှာအသီးသီးမှာ ပျံ့နှံ့ရောက်ရှိရေးကို နည်းမျိုးစုံနဲ့ ကြိုးပမ်းကြမယ်ဆိုရင် တော်လှန်ရေးအတွက် အထောက်အကူ အလွန်ဖြစ်ပါလိမ့်မယ်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို အသံဖိုင်အဖြစ် အသံသွင်းဖြန့်ဖြူးခြင်း၊ မိမိနှင့် ဆက်စပ်သော မြေအောက်အစုအဖွဲ့များအတွင်း ထောက်ကူပစ္စည်းများ အလွယ်တကူ အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက်ခြင်း စတာတွေကို အချိန်ယူပြီး ပြင်ဆင်ဆောင်ရွက်ဖို့ လိုပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဒီလိုထောက်ကူပစ္စည်းတွေ သင့်မှာ မရှိရင်လဲ သင်လုပ်နိုင်တာတွေ အများကြီး ရှိတယ်။ ဆေးရောင်စုံနဲ့ လှပနေတဲ့ ပိုစတာပုံလေး သင့်လက်ထဲမှာ မရှိပေမယ့် ကတ်ထူပြားဟောင်းတခုပေါ်မှာ အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ကြ ဆိုတဲ့ ကြွေးကြော်သံကို ရေးချပြီး သင့်လျော်ရာမှာ ကပ်လိုက်ရင်လဲ ဒါဟာ သင့်ရဲ့ တိုက်ပွဲခေါ်သံပဲ ဖြစ်တယ်။ မီးသွေးခဲတခဲနဲ့ အုတ်နံရံမှာ ရေးချလိုက်တဲ့ အာဏာရှင်လက်ကိုင်ဒုတ်များကို ချေမှုန်းကြ ဆိုတဲ့ ကြွေးကြော်သံဟာလဲ သင့်ရဲ့ တိုက်ပွဲခေါ်သံပဲဖြစ်တယ်။ သင့်ရဲ့ လက်ထဲမှာ တိုက်ပွဲဝင်အလံ တလက် မရှိနေပေမယ့် အာဏာရှင်အလံတလက်ကို ဖြုတ်ချနိုင်ခဲ့ရင်လဲ သင်ဟာ တော်လှန်ရေးတိုက်ပွဲဝင်နေတာပဲ ဖြစ်တယ်။ သင့်မှာ ကိုယ်စားပြုတဲ့ ပါတီ၊ အဖွဲ့အစည်းတွေ မရှိပေမယ့်လဲ သင်ဟာ အာဏာရှင်စနစ် ဆန့်ကျင်ရေး အရေးတော်ပုံကြီးရဲ့ တပ်သားတယောက်ပဲ ဖြစ်တယ်။

ပြောက်ကျားတော်လှန်ရေး

ဗုံးတွေ၊ သေနတ်တွေနဲ့ စစ်မြေပြင်မှာ တိုက်ပွဲဝင်မှ တော်လှန်ရေးသမား ဖြစ်တာ မဟုတ်။ လူအများကြားမှာ နေထိုင်ရင်း ရန်သူကို ပြောက်ကျားစစ်နဲ့ အမှည့်ခြွေ ခြွေခြင်း၊ ရန်သူ့ဒေါက်တိုင်များ ကြောက်စိတ်နဲ့ ဖရိုဖရဲဖြစ်အောင် လုပ်ခြင်းတွေဟာလဲ တော်လှန်ရေးအတွက် တိုက်ပွဲဝင်ခြင်းပဲ ဖြစ်ပါတယ်။ ပြောက်ကျားတော်လှန်ရေးအတွက် ဘယ်နေ့ လက်နက်ကိုင်တော်လှန်ရေးကို အင်အားအလုံးအရင်းနဲ့ ပြန်စမလဲ၊ ဘယ်တော့ လူထုတိုက်ပွဲ ဖြစ်လာမလဲ ဆိုတာ မေးစရာ မလိုသလို၊ ဘာနဲ့ တိုက်ပွဲဝင်မှာလဲဆိုတာလဲ သိပ်တွေးစရာ မလိုအပ်ပါ။

အခြေအနေ၊ အချိန်အခါကို အခွင့်ကောင်းယူပြီး တိုက်ပွဲပရိယာယ် ရှိဖို့သာ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ သဘာဝတရားက ပေးထားတဲ့ သက်ရှိ၊ သက်မဲ့ လက်နက်တွေ အများအပြား ရှိပါတယ်။ ဘိုးဘွားတို့ ပေးခဲ့တဲ့ ဘိုးဘွားအမွေ တုတ်၊ ဓားတွေ၊ ကိုယ်ခံပညာတွေလဲ ရှိပါတယ်။ သေနတ်နဲ့ ရန်သူကို ဘယ်လို ရင်ဆိုင်မလဲလို့ မေးတတ်ကြပါတယ်။ ရန်သူအများကြီးကို ထိပ်တိုက်တွေ့ရန် ဆိုလိုခြင်း မဟုတ်ပါ။ ပြောက်ကျားတော်လှန်ရေးမှာ လက်ဦးမှုရယူနိုင်ခြင်းကသာ အဓိကကျပါတယ်။ ရန်သူ့ဒေါက်တိုင်တိုင်းမှာ သေနတ်ရှိတာ မဟုတ်ပါ။ အခွင့်အရေးရရင် လက်မနှေးဖို့က အရေးကြီးဆုံးပါပဲ။

နိဂုံး

အခုဆိုရင် စစ်ဖိနပ်အောက်မှာ ပြားပြားဝပ်ခဲ့ရတဲ့ ရဟန်းရှင်လူ ပြည်သူအများတို့ဟာ စစ်အုပ်စုကြိုးကိုင်ထားတဲ့ ရွေးကောက်ခံ အာဏာရှင်စနစ်ရဲ့ စစ်ကျွန်ဘဝမှာ လူလုံးမလှပဲ ဘဝဆုံးရတော့မယ့် အခြေအနေကို ရောက်နေပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးကနေ လွတ်မြောက်ဖို့ အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အရေးတော်ပုံကြီးရဲ့ အရေးတော်ပုံတပ်သား၊ တော်လှန်ရေးသမားတွေကို ခေတ်စနစ်ရဲ့ အခြေအနေက တောင်းဆိုနေပြီ ဖြစ်ပါတယ်။

ဒီအရေးတော်ပုံကြီးက သင့်ကို ကြိုဆိုနေပါတယ်။ တော်လှန်ရေးသမားတယောက်ဖြစ်ဖို့အတွက် ပညာအရည်အချင်း၊ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှု၊ နောက်ခံ တော်လှန်ရေး အတွေ့အကြုံ၊ တော်လှန်ရေးအဖွဲ့အစည်း အဖွဲ့ဝင်ဖြစ်ခြင်း၊ မဖြစ်ခြင်း၊ တော်လှန်ရေးခေါင်းဆောင်များနှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးခင်မင်မှု၊ မိဘဆွေမျိုးအဆက်အသွယ် စတာတွေ ဘာမှ မလိုပါဘူး။ သင့်ရင်ထဲမှာ တော်လှန်ရေးအတွေးအခေါ်နဲ့ ခံယူချက် ရှိနေပြီဆိုရင် သင်ဟာ အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေး အရေးတော်ပုံကြီးရဲ့ အရေးတော်ပုံတပ်သား၊ တော်လှန်ရေးသမားပဲ ဖြစ်ပါတယ်။

ကျွန်ုပ်တို့အားလုံး စုစည်း၍

အာဏာရှင်ကို တော်လှန်ကြစို့။

မှန်ကန်သော အတွေးအခေါ်ဖြင့်

တော်လှန်ရေးသမားဘဝကို

ခံယူကြစို့။

လူထုတိုက်ပွဲနှင့်

လက်နက်ကိုင်တော်လှန်ရေး

လမ်းစဉ်များကို ကိုင်စွဲ၍

အမိမြန်မာပြည်ရဲ့

အနာဂတ် ရွှေတခေတ်ကို

တော်လှန်ရေးသမား

သွေးစက်များဖြင့်

တည်ဆောက်ကြပါစို့။

ခင်မမမျိုး (၄၊ ၁၁၊ ၂၀၁၀)