ဒီအတွက်နဲ့တော့မကိုးကွယ်သင့်ပါ.. by paing min

zinmyotunNovember 5, 20101min696
I like this post because I have same idea about religious. So i re-share it from eainlwanthu..

ဒီအတွက်နဲ့တော့မကိုးကွယ်သင့်ပါ.. ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက်တင် ပြောချင်တာ မဟုတ်ပေမယ့် ဗုဒ္ဓဘာသာဝင်တွေကို အဓိကထားပြီး အသိပေးလိုတဲ့ အကြောင်းအရာလေးပါပဲ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ဗုဒ္ဓဘာသာငါးမျိုးရှိပါတယ်။ (၁) ကုလဗုဒ္ဓဘာသာ – မိရိုးဖလာဗုဒ္ဓဘာသာ (၂) လာဘဗုဒ္ဓဘာသာ – လာဘ်လာဘလိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ (၃) ဘယဗုဒ္ဓဘာသာ – ဘေးကိုကြောက်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ (၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ – ဘုရား၊ တရား၊ သံဃာကို တကယ်သက်ဝင်ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ (၅) ပညာဓိက ဗုဒ္ဓဘာသာ – သစ္စာတရားကိုသေချာသိပြီး ကိုးကွယ်ယုံကြည်တဲ့ ဗုဒ္ဓဘာသာ ဆိုပြီး ငါးမျိုးရှိပါတယ်။ အဲ့ဒီငါးမျိုးမှာ အပေါ်ဆုံးအချက်သုံးချက်နဲ့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကိုတော့ အောက်တန်းစာ ဗုဒ္ဓဘာသာတွေအဖြစ် သတ်မှတ်ပြီးတော့ အောက်ဆုံးအချက်(၂)ချက်နဲ့ ကိုးကွယ်တဲ့ သူတွေဆိုရင်တော့ အထက်တန်းစား ဗုဒ္ဓဘာသာအဖြစ် သတ်မှတ်ထားပါတယ်။ အထက်ဖော်ပြပါ ငါးချက်နဲ့တင် ကိုယ်ဟာ ဘယ်အထဲမှာ ပါဝင်သလဲဆိုတာ ကိုယ့်ကိုကိုယ် ခွဲခြားလို့ရပါတယ်။ အထက်ဖော်ပြပါ စာသားထဲမှာလည်း သာမညတောင် ဆရာတော်ဘုရားကြီးကို စော်ကားလိုတဲ့ သဘောမျိုးနဲ့ ရေးလိုတာ မဟုတ်ပါဘူး။ ဘယ်သူရေးတယ်ဆိုတာ မသိပေမယ့် ရေးလိုက်တဲ့ စာသားဟာ သာမညတောင် ဆရာတော်ဘုရားကြီးရဲ့ သီလ၊ သမာဓိ၊ ပညာဂုဏ်တွေကို ကျဆင်းသွားစေနိုင်ပါတယ်။ ဖြန့်ဝေနေတဲ့ လူတွေအတွက်ပါ ပိုပြီးတော့ ကုသိုလ်မရပဲ ငရဲရစေနိုင်တဲ့ စာတွေပါ။ အထက်ဖော်ပြခဲ့တဲ့ ကောင်းတဲ့ အလုပ်တွေ လုပ်ရင် အကျိုးပေးကောင်းမယ်ဆိုတဲ့ စာသားတွေသက်သက်ပဲ ဖြန့်ဝေမယ်ဆိုရင် အကြောင်း မဟုတ်ပေမယ့် ဒီစာကိုမဖြန့်ဝေရင် ဒုက္ခရောက်မယ်ဆိုတဲ့ အချက်တွေကတော့ ကံနဲ့ ကံရဲ့ အကျိုးကို မယုံကြည်သေးဘူးဆိုတာ ထင်ရှားနေပါတယ်။ ဗုဒ္ဓဘာသာဝင်စစ်စစ်တိုင်းမှာ ယုံကြည်ရမယ့် အခြေခံသဒ္ဓါတရား ငါးချက်ရှိပါတယ်။ အဲ့ဒါတွေကတော့ (၁) ဘုရား (၂) တရား (၃) သံဃာ (၄) ကံ (၅) ကံရဲ့အကျိုး ဆိုတဲ့ အချက်တွေပါ။ ဒီအချက်ငါးချက်ကို သေချာ သက်ဝင်ယုံကြည်မှ ဗုဒ္ဓဘာသာဝင်စစ်စစ်လို့ ပြောလို့ရပါတယ်။ ဒီအထက်ဖော်ပြပါစာသားထဲမှာ ဒီစာကို ဖြန့်ရင် ချမ်းသာမယ်.. ဒီစာကို မဖြန့်ရင် ဒုက္ခရောက်မယ်ဆိုတဲ့ အချက်ဟာ တကယ်တော့ ကံနဲ့ကံရဲ့ အကျိုး ကိုမယုံကြည်တာပါ။ ဘုရားရှင်ဆုံးမထားတဲ့ ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ်.. မကောင်းတာလုပ်ရင် မကောင်းကျိုးပေးမယ် ဆိုတဲ့ ဆုံးမစကားကို လုံးဝပယ်လိုက်တာပါ။ ဒီဖြန့်ဝေလိုက်တဲ့ စာသားလေးတွေဟာ ဘာမှအရေးမကြီးဘူး ထင်ရပေမယ့် တကယ်သေချာတွေးကြည့်မယ်ဆိုရင် ဖြန့်ဝေလိုက်တဲ့ လူကိုယ်တိုင်ဟာ ဘုရားရှင်ရဲ့ ဆုံးမစကားကို လက်ဆင့်ကမ်း ဖျက်ဆီးပြစ်နေတာနဲ့ တူပါတယ်။ ဘာသာခြားတွေများ ဖတ်မိမယ်ဆိုရင် မင်းတို့ ဗုဒ္ဓဘာသာက ဒီလိုလည်း အယုံအကြည်ရှိသလားကွာ ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ဘုရားရှင်ကိုပါ စော်ကားရာ ရောက်သွားနိုင်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ ဗုဒ္ဓဘာသာငါးမျိုးထဲမှာ ဘုရားရှင်ကို မိရိုးဖလာ ကိုးကွယ်တဲ့သူတွေ.. လာဘ်လာဘရချင်လို့ ကိုးကွယ်နေတဲ့သူတွေ.. ကြောက်လို့ ကိုးကွယ်နေတဲ့သူတွေ များတဲ့အတွက်လည်း ဗုဒ္ဓဘာသာဝင်တွေ ကြီးပွားသင့်ရဲ့သားနဲ့ မကြီးပွား.. အောင်မြင်သင့်ရဲ့သားနဲ့ မအောင်မြင်ကြရတာပါ။ ကိုယ်ကိုးကွယ်တဲ့ဘာသာကို အသုံးချစရာ ပစ္စည်းတစ်ခုလို သဘောထားပြီး အားကိုးနေမှတော့ ဘယ်လိုမှ မတိုးတက် မကြီးပွားနိုင်ပါဘူး။ တရားတွေတော့လုပ်ပါရဲ့ တရားတွေတော့နာပါရဲ့.. သဒ္ဓါနဲ့ ပညာတရားတွဲပြီး ညီမျှအောင် မကြည်ညိုနိုင်သ၍ အောက်တန်းစား ဗုဒ္ဓဘာသာတွေပဲများပြီး ဗုဒ္ဓဘာသာကို ဘာသာခြားတွေ အထင်အမြင်အသေးခံနေရမယ်ဆိုတာ မလွဲပါဘူး။ အထက်မှာ ဖော်ပြခဲ့တဲ့ စာသားတင် မဟုတ်ပါဘူးနော်.. ကံနဲ့ ကံရဲ့ အကျိုးကို မယုံကြည်ဖြစ်စေနိုင်တဲ့ စာသားတွေ.. ဗုဒ္ဓရဲ့ အဆုံးအမကို တလွဲတွေးမိစေနိုင်တဲ့ စာသားတွေ.. ဒီစာကို ဘယ်နှစ်ယောက်ဖြန့်ရင် ဘာဖြစ်မယ်.. ဒီစာကို မဖြန့်ရင် ဒုက္ခရောက်မယ်ဆိုတဲ့ စာသားတွေဟာ တကယ်တော့ ဗုဒ္ဓဘာသာဝင်မှန်ရင် ဖြန့်ဝေနေတဲ့လူကိုတောင် အသိပေး သတိပေးပြီး နောက်ထပ် မဖြစ်အောင် မပြန့်ပွားအောင် ပြောသင့်တဲ့ အကြောင်းအရာပါ။ မသိလိုက်မသိဘာသာနဲ့ ဖြန့်ပါစေ.. ဘာဖြစ်လည်း.. ကောင်းတာပဲဆိုရင်တော့ အညံ့စားဗုဒ္ဓဘာသာကနေကို တက်လာမှာ မဟုတ်တော့ပါဘူး။ ဘုရားရဲ့ အဆုံးအမဆိုတာ ဘယ်လောက်အကျိုးများစေတယ်.. ဘယ်လောက်အသိတရားရှိစေတယ် ဆိုတာ မသိသ၍ကတော့ သူများယောင်တိုင်း လိုက်ယောင်နေမှာပါ။ သူများပြောတိုင်း ခေါင်းလေးငြိမ့်ပြီး ဟုတ်သလိုလို ထင်နေအုံးမှာပါ။ အဓိကပြောချင်တာကတော့ ဘုရားရှင်ဆုံးမထားတဲ့ ကံနဲ့ကံရဲ့အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရားလေး ကိုယ့်မှာ ရှိဖို့ အရေးတကြီး လိုအပ်တယ်ဆိုတာပါ။ ဒီလိုယုံကြည်မှုတွေရှိဖို့ အတွက်ဆိုရင် ဘုရားရှင်ဆုံးမထားတဲ့ ဆုံးမစကားတွေကို သဒ္ဓါနဲ့ ပညာညီမျှစွာ ဝေဖန်ပိုင်းခြား စီစစ်တတ်ဖို့ အရေးကြီးတယ်ဆိုတဲ့အချက်ပါ။ ကံနဲ့ ကံရဲ့ အကျိုးကို မယုံကြည်သေးသ၍ကတော့ ဗေဒင်ဆရာဆိုရင်လည်း ပြေးလိုက်မှာပါပဲ.. နတ်ကတော်ဆိုလည်း ပင့်လိုက်မှာပါပဲ.. လာဘ်ရတယ် နတ်ချစ်တယ်ဆိုတဲ့ ဂါထာတွေလည်း အကျိုးမျှော်ပြီး ရွတ်လိုက်မှာပါပဲ.. ကွမ်ရင်ကမတယ်.. သူရသတီကမတယ်.. ဘိုးမင်းခေါင်းကမတယ်ဆိုတဲ့ ဘယ်ကလာမှန်းမသိ အမည်မသိတဲ့နတ်တွေ မတယ်ဆိုလည်း အမခံလိုက်မှာပါပဲ။ ဒီလိုမဖြစ်ရလေအောင် ဘုရား၊ တရား၊ သံဃာ၊ ကံနဲ့ ကံရဲ့ အကျိုးအပေါ်မှာ ယုံကြည်တဲ့ သဒ္ဓါတရားတွေ မွေးမြူပေးကြဖို့.. ဗုဒ္ဓရဲ့အဆုံးအမကို မနိမ့်ကျအောင် ထိန်းသိမ်းပေးဖို့.. ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ ရင်ထဲနှလုံးသားထဲမှာ အရေးတကြီး ထည့်သွင်းထားဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းအရာလေးကို ဒီပိုစ့်လေးရေးပြီး အလေးအနက် မှာလိုပါတယ်။ ကိုယ်တိုင်လည်း ဗုဒ္ဓအဆုံးအမတွေ မပျောက်ပျက်အောင် စောင့်ထိန်းကျင့်ကြံရင်း အများသူငါ မှားနေတယ် ဆိုရင်လည်း လမ်းမှန်ရောက်အောင် ပြုပြင်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းလိုက်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း သဒ္ဓါပညာမျှတစွာ ကျင့်ကြံရင်း မဂ်ဖိုလ်နိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ…။။။

6 comments

  • ဆူး

    November 5, 2010 at 2:26 pm

    ရေးသား တင်ပြချက် ကောင်းပါတယ်။
    လူတွေမှာ အသိတွေ တော်တော်နည်းနေကြတယ်။ ဘာပဲပြောပြော အခု ခေတ်မှာ အရင်ခေတ်က လူတွေ ထက် တရားတွေ နဲ့ ပိုရင်းနှီးလာကြတယ်။ ထို အကျိုးကျေးဇူးကြောင့် အသိတရားတွေ ပိုလာကြတာပါ။ ဒါမဖြန့်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် ခြိမ်းခြောက်တာတွေ အများကြီး ရဘူးတယ်။ ဆူး ဆီကို ရောက်လာရင်တော့ အကုန် ဖျက်လိုက်တာဘဲ.. တခြား အသိ နည်းတဲ့ လူတွေလက်ထဲ ရောက်သွားရင် ဒါတွေ ကြောက်လန့်မှုတွေ ဖြစ်မှာ စိုးတဲ့ အတွက်..
    အားလုံးက အကြောင်းကြောင့် အကျိုး ဖြစ်နေကြတာမို့.. အားလုံးက ဘယ်သူ မပြု မိမိမှုပါဘဲ…

  • kopauk mandalay

    November 5, 2010 at 3:34 pm

    ကျနော်ကတော့ ဒီလိုစာမျိုးလာရင် ဖတ်တောင်မကြည့်ဘူး။
    လူတွေက သိတော့ သိတယ် လိုက်နာဘို့ ခက်တယ်။
    မပြေလည်တာတွေများတော့လည်း ဟုတ်နိုးနိုးနဲ့ လုပ်မိလုပ်ရာ လုပ်မိကြမှာပါ။
    လောကမှာ သာမန်အချိန်အတွေးနဲ့ တကယ် အခက်အခဲတွေ့ချိန်အတွေးကွာပါတယ်။
    အဲဒီအချိန်တွေမှာဆို မှန်ကန်စွာ မဆုံးဖြတ်နို်င်တာများပါတယ။်
    ဒါပေမယ့် အထက်ကပို့စ်မှာပြောထားသလို နေနိုင်အောင်တော့ ကျနော်အပါအဝင်အားလုံးကြိုးစားသင့်ပါတယ်။

  • nature

    March 28, 2011 at 4:49 pm

    မြတ်စွာဘုရားရဲ့တရားတော်တွေအလွန်အစွမ်းထက်တဲ့ ပြိုင်ဘက်ကင်း ဆေးစွမ်းကောင်းတခုပါဘဲ။ ဆေးမသောက်ရင် (တရားနည်းလမ်းတွေကိုမကျင့်သုံးရင်) ရောဂါမပျောက်နိုင်ပါဘူး။ (အကျိုးကျေးဇူးမရနိုင်ပါဘူး)

  • alfred

    March 28, 2011 at 11:45 pm

    အခုလို တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ နောက်လူတွေ မမှားရအောင် ကျွန်တော် မေးလ်ကနေဒီပိုစ့်ကို ပြန်ဖြန့်ဖို့ယူသွားပြီနော်။

  • MaMa

    March 29, 2011 at 12:06 am

    ဒါမှ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်စေမယ့် အတွေးအခေါ်တွေပါပဲ။ ထောက်ခံပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိ်ုင်ကတော့ အထက်မကျ အောက်မကျ ဖြစ်နေတုန်းပါပဲ။ စာရေးသူရဲ့ စေတနာကြောင့် အခုပို့စ်ကိုဖတ်ပြီး အထက်တန်းစား ဗုဒ္ဓဘာသာဝင်ဖြစ်အောင် ကြိုးစားပါ့မယ်။

  • dream

    March 29, 2011 at 3:05 am

    ဖတ်ရှုရတာ အကျိုးကျေးဇူးများပါတယ်။
    အခုလို ပိုစ့်မျိုး များများတင်ပေးဖို့ အကြံပြုပါတယ်။ 🙂

Leave a Reply