“ မလွမ်းစကောင်း လွမ်းစကောင်း ရှေးရှေးက မန္တလေး-အပိုင်း(19)“

တစ်ခါသားမှာ ဂျပန်က သုတေသနအဖွဲ့တစ်ဖွဲ့က မန်းလေးကိုရောက်လာပါတယ်။
နောက်ပြီး မန်းလေးသားအများစုသောက်တဲ့ ကျုံးရေကိုလည်းသုတေသနပြုသွားပြီး ပိုးမွှားကင်းစင်မူ့မရှိလို့ မသောက်သင့်ကြောင်းပြောသွားပါတယ်။
သူတို့ဘာတွေမှတ်ချက်ချချ ဘာတွေပြောပြော ဒါပေမယ့်ကျနော်တို့ကတော့ ဆက်သောက ်ဆက်သုံးတာပါဘဲ။
ကျုံးနံဘေးနေတဲ့သူက ကျုံးရေမသုံးလို့ဘာသုံးမလဲနော။
အခုတော့ အစားထိုးစရာ မန်းလေးမြို့ရဲ့ရပ်ကွက်တော်တော်များများမှာ “မီတာရေ”လို့ခေါ်တဲ့ ရေပေးရေး စံနစ်ရှိနေပါပြီ။
ရေဖြန့်ဝေပေးနေတဲ့ ရေတွန်းစက်ရှိတဲ့ ရပ်ကွက်နေရာမှာ မီးလာရင် ရေလာပါတယ်။
မီးမလာရင်ရေမလာပါဘူး။
တိုက်ခန်းအပေါ်ထပ်မှာနေတဲ့ သူများ မတော့ မီးလာချိန်နဲ့ရေလာချိန် ထပ်တူထပ်မျှကျပါစေလို့ ဆုတောင်းပေးနေရပါတယ်။
တကယ်ပြောချင်တာက ရေအကြောင်းမဟုတ်ပါဘူး။
ကြုံတုံးသတိရတုန်းလေးမှာ ပွား ကြည့်တာပါ၊

အဲဒီ ကျုံးရေကို သုတေသနလုပ်တဲ့ ဂျပန်တွေအကြောင်း ကို ကျနော်တို့အရပ်သတင်းကြားရတာတော့ ဒီဂျပန်တွေ စိတ်ဝင်စာတာက ကျုံးရေမဟုတ်ဘူး
သူတို့ တကယ်စိတ်ဝင်စားတာကတော့ ကျုံးအတွင်းမှာ ရှိနေတယ်ဆိုတဲ့ ရှေးဟောင်းပစ္စည်းတွေကိုပါတဲ့။
ကျနော်တို့ငယ်ငယ်တုံးကလဲ လူကြီးတွေပြောပြတဲ့ ပါးစပ်ပုံပြင်တွေရှိပါတယ်။
ဟိုးရှေးရှေး ဘုရင်တွေလက်ထက်ကပေါ့။
မြန်မာဘုရင်ကို ကုလားဖြူနယ်ချဲ့တွေက ကြက်ကလေးငှက်ကလေး ဖမ်းသလို လာဖမ်းကြတဲ့အချိန်ပေါ့။(ဒါက သမိုင်းစာအုပ်ထဲကလို ပြောကြည့်တာ)
ဘုရင်တွေပါတော်မူသွားတယ်ဆိုတော့ နန်းတော်တစ်ခုလုံးမှာ ရှိတဲ့ လူအားလုံး ပြေးကြလွှားကြနဲ့ ကမ္ဘာပျက်သလိုဖြစ်ကုန်ပါသတဲ့။
တစ်ချို့ကလဲ ပြေးရင်းလွှားရင်းကနေ ပါလာတဲ့ ရသလောက်သယ်လာတဲ့ အဘိုးတန်လက်ဝတ်ရတနာတွေ နန်းစဉ်ပစ္စည်းတွေကို အာဠဝီတံတားက ထွက်တဲ့အချိန်မှာ ကျုးံထဲကို ပစ်ချထားခဲ့ကြပါသတဲ့။ ကျနော် ငယ်ကထဲက ကြားဘူးတဲ့ဒီကျုံးထဲမှာ လက်ဝတ်ရတာ အဘိုးတန်တွေအများကြီးရှိပါတယ် ဆိုတာကို မန်းလေးသူမန်းလေးသားတော်တော်များများက ယုံကြည်ကြပါတယ်။ တစ်ချိန်မှာ ပြန်တွေ့မယ်လို့လဲ မျှော်လင့်ထားကြပါတယ်။ ကံကောင်းရင် ကျုံးကြီးကို ဆယ်နိုင်ရင်ပေါ့လေ။

အဲဒီ ဂျပန်အဖွဲ့ကလဲ ဒီအကြောင်းကို သိတဲ့အတွက် သက်ဆိုင်ရာနဲ့ ညှိနိုင်းပါသတဲ့။
ဒီကျုံးက မြေသားကျုံးဖြစ်နေတဲ့အတွက် မခိုင်ခန့်ဘူး မသန့်ရှင်းဘူး။
ဒီတော့ ဒီကျုံးကိုဆယ်မယ် ပြီးရင် ကွန်ကရစ်အောက်ခံနဲ့ အသစ်ပြင်ဆောက်ပေးမယ် နောက်ကျုံးဘေးနှစ်ဖက်က အကာအရံမရှိတဲ့အတွက် တိရိစ္ဆာန်တွေလဲဝင် လူတွေကလဲ ခဏခဏသေတယ် ဒီတော့ ကျုံးကိုလည်း ကောင်းကောင်းမွန်မွန်ဖြစ်အောင် အကာအရံလုပ်ပေးမယ် ဒါပေမယ့် ကျုံးထဲက ဆယ်ယူလို့ရတဲ့ပစ္စည်းကိုတော့သူုတို့ ယူမယ်လို့ ကမ်းလှမ်းပါသတဲ့။ဒါပေမယ့် ဒီဂျပန်တွေ ကျုံးဆယ်မယ်ဆိုတာက အကောင်အထည်မပေါ်ခဲ့ပါဘူး။
ဒါက ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘဝတုန်းကပါ။

ဒီဘက်ခေတ် 8888 အပြီးမှာတော့ ဒီဂျပန်တွေစခဲ့တဲ့ဇာတ်လမ်းကို ပြန်လည်လို့ အကောင်အထည်ဖော်ပါတော့ တယ်။
ဒီကျုံးဆယ်မယ်ဆိုတဲ့ သတင်းစထွက်စက တော့ ကြားကြားသမျှမန်းလေးသူ မန်းလေးသားတွေကြားထဲမှာ မဟုတ်ဘူး ဟုတ်တယ် ငြင်းလိုက်ကြရတာ အမောပါဘဲ။
ဒီကျုံးကြီးထဲမှာ ရှေးကတည်းက ရှိနေတဲ့ ငါးအကြီးကြီးတွေကို ဘယ်လိုဆယ်မလဲတို့ အသက်တစ်ရာကျော်တဲ့ ကမ္ဘာလိပ်ကြီးကိုရော ဘယ်လိုလုပ်မလဲတို့ကအစ ရောက်တတ်ရာရာပေါ့။
မဖြစ်နိုင်ဘူး ဆိုတဲ့ သူရော လုပ်ချင်ရင် ဖြစ်မှာဘဲဆိုတဲ့ သူရော မောလောက်တဲ့အချိန်မှာ ကျုံးထဲကိုရေသွင်းတာ စပြီးရပ်လိုက်တာနဲ့ အဖြေပေါ်သွားပါတယ်။
နောက်တော့ ကျုံးရေတွေတစ်စထက် တစ်စခမ်းခြောက်သွားပြီး နွံတွေပေါ်လာပါတယ်။
ကျုံးထဲမှာငါးအကြီးကြီးရှိတယ်ဆိုတဲ့ ပုံပြင်ကလဲ ဒီနေရာမှအဆုံးသတ်သွားပါတယ် ။ငါးအကြီးကြီးတကောင်မှ မတွေ့ဘူးကိုဗျ။
ကျုံးထဲမှာ ငါးအကြီးကြီးတစ်ကောင် ကူးနေတာတွေ့တယ် ဆိုတာကို ကျနော် 6တန်းကျောင်းသားဘဝတုံးက မန်လေးမှာ တကယ်ကိုဖြစ်ခဲ့ဘူးတာပါ။
တောင်ဘက်ကျုံးလမ်း 26ဘီလမ်းပေါ် 74-75လမ်းကြား မှာရှိတဲ့ မက်သဒစ် ချပ်ချ်ရှေ့မှာပါ။
ငါးကြီးပေါ်တယ်ဆိုလို့ မန်းလေးသူ မန်းလေးသားများ လာလာစောင့်ကြည့်ကြပါတယ်။
အဲဒီတုန်းက များ လာကြည့်သူတွေ အစားအသောက်ရောင်းသူတွေနဲ့ ဈေးတန်းလေးကို ဖြစ်သွားပါတယ်။
နည်းနည်းဝေးတဲ့အရပ်ကလူတွေကတော့ ပျော်ပွဲစားထွက်သလို ထမင်းချိုင့်နဲ့ကို မိသားစုလိုက်လာကြည့်ကြတာပါ။
ငါးရယ်လို့ အကောင်အထည်ကြီးနဲ့ ဘယ်သူမှ ထင်ထင်ရှားရှားမတွေ့လိုက်ကြရပေမယ့် အကောင်အကြီးကြီးကူးသွားသလို ရေယက်တွေထထ သွားတာကတော့မြင်ကြရပါတယ်။
နောက်ကျုံးဆယ်ဘို့အတွက်က တော ့တပ်မတော်သားတွေရယ် အကျဉ်းကျနေတဲ့ ထောင်သားတွေရယ်က နေ့စဉ်လာလို့ လုပ်ကြပါတယ်။
အဲဒီတုံးကများ ထောင်ကျနေတဲ့ သူတွေ့ရဲ့ဆွေမျုးိသားချင်းများက လာရောက်လို့ ဆေးလိပ်တွေမုန့်တွေ စားစရာတွေလာလာပေးကြတာကိုတော့ မှတ်မိနေပါတယ်။
နောက်တော့ လဲ မြေသားသက်သက်သာရှိနေတဲ့ ကျုံးနံရံတွေကို ကျောက်စီနံရံတွေနဲ့ အစားထိုးလိုက်ပါတယ်။
ကျုံးဘေးတစ်ဖက်တစ်ချက်ကိုလဲ အရင်က ကာထားတဲ့ သံဇကာနေရာမှာ သံတိုင်တွေအစားထိုးလိုက်ပါတယ်။
နောက် ကျုံးရေပြင်နဲ့ထိစပ်နေတဲ့မြေသားမျက်နှာပြင်ကို လည်းအင်္ဂတေကိုင်လိုက်ပါတယ်။
အခုမြင်နေရတဲ့ကျုံးမြင်ကွင်း ကတော့ ပြင်ဆင်ထားလို့ သပ်သပ်ရပ်ရပ်ဖြစ်နေတဲ့မြင်ကွင်းပါဘဲ။

ဒီကျုံးကြီးဆယ်လိုက်တဲ့အချိန်မှာဘဲ ကျုံးဘေးက ရေပေးနေတဲ့ ရေကန်လေးတွေကို ပိတ်လိုက်ပါတယ်။
ဒါပေမယ့်လမ်းနဲ့ လွတ်တဲ့ကန်လေးတစ်ချို့ကတော့ ရှေးမူမပျက် ရှိနေတာကိုတွေ့ရပါသေးတယ်။

“အော် …ကျုံးကြီးကိုဆယ်တော့ တွေ့တာလေးတွေလား?”
ဘာမှထူးထူးခြားခြားတွေ့တယ်လို့တော့ မကြားရပါဘူး။
အာဠဝီတံတားနားမှာ ရှေးဟောင်းလှေတစ်စင်းကိုဘဲတွေ့ပါသတဲ့။
ငါးအကြီးကြီးလဲ မတွေ့ပါဘူး။ဒါပေမယ့်လည်းငါးကြီးရှိတယ်ဆိုသူများကတော့ မရှိဘူးဆိုတာလက်မခံပါဘူး။
မြောက်ဘက်ကျုံးနားမှာ အပေါက်အကြီးကြီးရှိတယ် အဲဒီအပေါက်က ဧရာဝတီမြစ်နဲ့ဆက်နေတယ် အဲဒီအပေါက်ကနေဖြစ်ထဲကို ထွက်သွားတာလို့ ယုံယုံကြည်ကြည်ကိုပြောနေပါသေးသဗျာ။
နောက်မန်းလေးမှာက စက်ဘီးတွေပေါ ကားတွေကလဲပေါ နောက်တိုးတဲ့ ဆိုင်ကယ်ကလဲပေါဆိုတော့ တစ်နေ့ထက်တစ်နေ့ သွားရလာရတာ ပိုပြီးရုှပ်ယှက်ခပ်လို့ လာပါတယ်။
ဒီတော့လည်းယာဉ်တိုက်မူ့တွေကလဲ မကြာခဏဖြစ်လာပါတယ်။
နောက် မီးရေးထင်းရေးလိုအကြောင်းကိစ္စတွေပေါ်လာရင် လမ်းကျဉ်းတော့အခက်တွေ့လာတဲ့အခါမှာ လမ်းချဲ့ဘို့အတွက် စီစဉ်ကြရပါတော့တယ်။
မန်းလေးမြို့ကို စတင်တည်ထောင်သူက မင်းတုန်းမင်းကြီးဖြစ်ပေမယ့် အင်္ဂလိပ်လက်အောက်ရောက်တာရယ် ဒုတိယကမ္ဘာစစ်ဖြစ်လိုက်တော့ စစ်ဘေးစစ်ဒဏ် ဗုံးဒဏ်ခံလိုက်ရတဲ့ အတွက်
မြို့အင်္ဂါရပ်ကတော့ အများကြီးပျက်စီးသွားခဲ့ပါတယ်။
နောက်ခေတ်တွေအဆင့်ဆင့်ပြောင်းသွားတာရယ် ပိုင်ရှင်လက်အဆင့်ဆင့်ပြောင်းသွားတာရယ်ကြောင့် လူတွေကလည်းဆောက်ချင်သလိုဆောက် လုပ်ချင်သလိုလုပ်ဆိုတော့
မြေနေရာဘယ်လောက်ထိ အိမ်ရှင်ကပိုင်တယ် စည်ပင်က ဘယ်နေရာကစပိုင်တယ်ဆိုတာကို မသိတော့လောက်အောင်ကို ဖြစ်သွားပါတယ်။
အဲတော့ လမ်းတွေချဲ့မယ်လဲဆိုရော စည်ပင်သာယာနယ်နိမိတ်ကို ကျုးထားတဲ့ မြေတွေပြန်ပေးရမယ်ဆိုပြီး သတင်းတွေထွက်လာပါတော့တယ်။

အဦးဆုံးကတော့ လူသွားအများဆုံး26ဘီလမ်းကစတာပါဘဲ။
တောင်ဘက်ခြမ်းကတော့ လူနေအိမ်ခြေများပါတယ်။မြောက်ဘက်ခြမ်းက မြန်မာ့စီးပွားရေးဘဏ်ရှိနေတာ အစိုးရရုံးရောဖျက်မှာလား မဖျက်ရဘူးလားဆိုတဲ့ဘယ်သူမှ ရေရေရာရာ
မဖြေနိုင်တဲ့မေးခွန်းတွေထွက်လာပါတယ်။
ဟုတ်တော့လဲဟုတ်ပါတယ်။ဒီ26ဘီလမ်းကြီးကလည်း အရှေ့ဘက်အစ 62လမ်း (အခုတော့ အောင်ပင်လယ်ကန်ဘောင်ရိုးထိတောက်လျှောက်လမ်းပေါက်သွားပါပြီ) အဆုံးဧရာဝတီမြစ်တာရိုးကြီး ပါ။ဒါပေမယ့်လည်း လမ်းကကွေ့ကွေ့ကောက်ကောက်ကြီးပါ။
အဲတော့ ဖျက်ရမယ့် အထဲပါသူရော မပါသူရော ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဝေဖန်ရေးတွေကို လက်ဖက်ရည်ဆိုင် အရက်ဆိုင်ဈေးထဲ အရပ်ထဲ မှာ လူစုစု တွေ့တာနဲ့ပြောကြရတဲ့
ထိပ်တန်းသတင်းပေါ့ဗျာ၊
စစခြင်းလမ်းပေါ်မှာ မြေတိုင်းအဖွဲ့ကလူတွေလာလို့ မှန်ဘီလူးတွေ တိုင်တွေကြိုးတွေနဲု့ ကွင်းဆင်းလို့တိုင်းကြပါတယ်။
နောက်တော့ လမ်းပေါ်မှာ မျဉ်းအနီကြီးတွေ တားကြပါတယ်။
ပြီးတော့ ဘယ်နေရာအထိက စည်ပင်သာယာမြေပေါ်မှာ ကျုးကျော်ထားတဲ့အတွက်ဖယ်ပေးရမယ်ဆိုတာ ရုံးစာနဲ့ တရားဝင်စာထွက်လာပါတယ်။
ဒါပေမယ့်လည်းဘယ်သူကမှ ထွက်လာတဲ့အမိန့်အတိုင်း ကျုးနေတယ်ဆိုတဲ့အိမ်တွေကိုဖျက်ပေးတာ မတွေ့ပါဘူး။
ဘယ်သူများ စပြီးဖျက်မလဲလို့ တစ်ယောက်နဲ့တစ်ယောက်စောင့်ကြည့်နေကြတာပါ။
ဒါမှမဟုတ် မင်းပေါက်စိုးပေါက် ပြောတတ်ဆိုတတ် ဘယ်သူကများ ကန့်ကွက်တာဖြစ်ဖြစ် အသားနားခံတာဖြစ်ဖြစ်အောင်မြင်ခဲ့ရင်ဖျက်စရာမလိုတော့ဘူးဆိုတဲ့ အတွေးတွေကလဲ လူတိုင်းကိုယ်စီ မျှော်လင့်ချက်လေးတွေနဲ့ပါ။

နောက်မန်းလေး အနောက်ဖက်ကျုံးလမ်းကို ဘူဒိုဇာတွေနဲ့ထိုးလို့ စဖျက်ပါတယ်။
သူကတော့ကျုံးဖက်ကိုကပ်ပြီးလမ်းဖောက်တော့ ကျုံးနံဘေးမှာရှိနေတဲ့ ရှေးနှစ်ပေါင်းများစွာကတည်းက ရှိနေတဲ့ သက်တမ်းရင့် ကုက္ကိုလ်ပင်ကြီးတွေ ရော ကျုံးနံဘေးမှာရှိနေတဲ့ ရေတမာပင်လို့လဲခေါ် တယ်ပင်လို့လဲခေါ်တဲ့အပင်လေးတွေရော ထနောင်းပင်တွေပါ ဘူဒိုဇာထိုးတဲ့အောက်မှာပါကုန်ပြီးထင်းဖြစ်သွားပါတယ်။ (လွယ်လွယ်နဲ့ ပြန်အစားမရနိုင်တာတွေက ခဏလေးနဲ့ပျောက်သွားပါတယ်။)
လမ်းအနောက်ဖက်မှာရှိနေတဲ့မလွတ်တဲ့အိမ်မှန်သမျှလည်းဖယ်ပေးရသလို အခိုင်အမာဆောက်ထားရင်လဲဖျက်ပေါ့။
အဲဒီဘက်မှာတော့ မှတ်မိနေတာက မန်းကျည်းပင်အကြီးကြီးတွေ လမ်းဖျက်တဲ့အထဲပါသွားတာပါဘဲ။
ကျုံးမြောက်ဘက်မှာ ရှိနေတဲ့ အိမ်တစ်အိမ်ဆိုရင် အဖျက်ခံရတဲ့ အထဲပါတဲ့ အခါ ကျန်နေတဲ့မြေက မျက်နှာဖွင့် 12ပေ ရှေ့နောက် က 6ပေဘဲကျန်တော့ ဘယ်လိုမှ နေလို့ မရတော့ တဲ့အတွက် ကပ်ရက်က အိမ်ကိုဈေးပေါပေါနဲ့ ချရောင်းပြီး ရှိတာလေးနဲ့ စုလို့ ပုသိမ်ကြီးဘက် မှာပြောင်းနေရပါတယ်။
သူလုပ်လက်စလုပ်ငန်းလဲ ပျက်သွားတာပေါ့ဗျာ။
ဒီလိုလမ်းချဲ့တဲ့အခါမှာ တစ်ချို့ကအိမ်ရှေ့တစ်ခြမ်း တစ်ချို့ကလှေခါးအတက်လုပ်ထားတဲ့ အုဌ်ခုံ လမ်းမတန်းမှာနေတဲ့ အိမ် မဖျက်ရတဲ့ အိမ်မရှိသလောက်ပါ။
အစကတော့ ဒီအစီအစဉ်ပျက်သလိုလို ဘာလိုလို နဲ့ ဖြစ်နေပေမယ့် တကယ်လဲ ဖျက်ရမယ့် နောက်ဆုံးနေ့ကိုလဲရောက်ရော ဖျက်လို်က်ကြရတာပါဘဲ။
အဲဒီအချိန်ကများဆိုရင် အိမ်တွေအဖျက်ခံရတဲ့ လမ်းမတန်းတွေကြည့်ရတာ မြို့ပျက်ကြီးနဲ့ တူနေပါတယ်။
လမ်းဖျက်တယ်ဆိုပြန်တော့ လမ်းဘေးမှာ ရှိနေတဲ့ တယ်လီဖုန်းတိုင် တွေ ဓါတ်တိုင်တွေပါဖျက်ရပြောင်းရပါတယ်။
မီးလဲပြတ်ရေလဲပြတ်နဲ့ အိမ်ဖျက်တယ်ဆိုတော့ ပစ္စည်းတွေ ရွှေ့ရပြောင်းရ အတော်လေးကို ကသီလင်တ နိုင်ခဲ့ကြပါတယ်။
ကျနော်စဥ်းစားမရတာလေး တစ်ခုရှိပါတယ်။
အိမ်တစ်အိမ်ဆောက်မယ်ဆိုရင် ကို်ယ်ဆောက်ချင်သလိုဆောက်လို့ မရပါတာကတော့ သေချာပါတယ်။
သက်ဆိုင်ရာ မြေနဲ့ အဆောက်အဦးတွေနဲ့ ပါတ်သက်တဲ့ရုံးတွေမှာ ဆောက်မိန့်တွေတင်ရမှာပါ။
စတင်ဆောက်ကတည်းက လမ်းမြေ စည်ပင်သာယာပိုင်တဲ့မြေတွေမှာ ဘယ်လိုနည်းနဲ့မှ ကျုးကျော်ပြီးဆောက်ခွင့်မပေးဘူးဆိုရင် အခုလို ဆုံးရုှံးနစ်နာတာတွေဖြစ်မလာနိုင်တော့ပါဘူး။
အရင်ကတော့ ကျုးကျော်ရင် ဒဏ်ကြေးပေးဆောင်လို့နေခဲ့ ရတယ်လို့လဲ ကြားဘူးတာတော့ ရှိပါတယ်။
အခုလက်ရှိအချိန်မှာလဲ ဒီလမ်းအသုံးပြုနေတဲ့ကားတွေ စက်ဘီးတွေ ဆိုင်ကယ်တွေတဲ့ လမ်းအကျယ် ဘယ်လိုမှ မမျှတတော့တဲ့ စစ်ကိုင်းမန်းလေး လမ်းမကို ကျူးကျော်တယ်လို့ သတ်မှတ်ထားတဲ့ ဧရိယာအတိုင်းဖယ်ရှားနေပါပြီ။
တစ်ချိုအိမ်တွေဆိုကျနော်တစ်သက်တောင် ဒီအတိုင်းနေလာတယ်ဆိုတာကိုတော့ မှတ်မိနေပါသေးတယ်။
ဒီလမ်းကလဲ လွန်ခဲ့သောလေးငါးနှစ်ကတည်းက ဖျက်မယ်ပြောလိုက် မဖျက်ဘူးပြောလိုက်နဲ့ ဖြစ်နေရာတာကြာပါပြီ။
မဖျက်တော့ ဘူးပြောလို့ အုဌ်ခုံအသစ်တွေခင်းတဲ့လူကခင်းနေချိန်မှာမြေတိုင်းအဖွဲ့က မျဥ်းနီကြီးတွေလာတားလိုက်ပြန်ရော။
ပြီးတော့ ဘာမှမဟုတ်ဘဲ ရပ်သွားပြန်ရော။ အခုတော့တကယ်ဖျက်ရမယ်ဆိုတာကို သေချာသွားလို့ ရသလောက်လေးပြန်ယူမယ်ဆိုပြီး ကျုးထားတာလေးတွေ ဖျက်နေတုန့်း
မဖျက်ဘူူးလို့ ယုံကြည်နေတဲ့ သူတွေကလဲ အိမ်ရှေ့ကို သံတံခါးပြင် ကျောက်သေးတွေတောင်လောင်းနေရတာကို တွေ့ပြန်တော့ ဘာပြောရမှန်းတောင် မသိပါဘူး။
အခုတော့ ဘူဒိူဇာတွေနဲ့ထိုး ချတော့ အားလုံးလဲ နောက်ဆုတ်ပေးလို့ ဖျက်ထားတဲ့အိမ်ကို ပြန်ပြင်ပြီးတဲ့လူက ပြင်ပြီးသွားပါပြီ။
အကောင်းဆုံးကတော့ ကိုယ့်မြေမဟုတ်မှန်းမသိလို ကျုးမိသလို သိသိကြီးနဲ့ နေရသမျှအမြတ်ဆိုပြီး နေရသလောက်နေတာကိုလည်းတွေ့ရပြန်ပါတယ်။

တစ်ချို့ကတော့ တစ်ယောက်နဲ့တစ်ယောက်အညာမိကုန်ကြပါတယ်။
ဖျက်မယ်လို့ ယုံကြည်တဲ့သူက နောက်လူကို အောက်ဈေးနဲ့ရောင်းပါတယ်။
ဝယ်သူကလဲ အချဉ်ဆိုပြီးဝယ်လိုက်ပါလေရော နောက်ဖျက်လဲ အဖျက်ခံရရော သူသက်သာတယ်ဆိုတဲ့မြေက သေးသေးလေးဘဲ ကျန်ခဲ့လို့ မတန်ဘူးဆိုပြီး ဖြစ်တဲ့လူလဲရှိပါတယ်။
တစ်ချို့တနယ်တကျေးက လာတော့ မသိလို့ အထဲ့ခံလိုက်ရသူလဲရှိပါတယ်။
အမျုးိမျုးိပေါ့။ အကောင်းဆုံးကတော့ ကိုယ်ဘက်ကလဲ ကိုယ်မြေမဟုတ်မှန်းမသိရင် မကျုးနဲ့။
ခွင့်ပြုနိုင်တဲ့ လူကလဲ မလွတ်မကင်းမှန်း သိရဲ့သားနဲ့ အခကြေးငွေယူပြီး ဥပဒေလွတ်ရုံလေးခွင့်မပြုဘူးဆိုရင် ဒီလို သံသရာရှည်တဲ့အလုပ်တွေ မဖြစ်ပါဘူး။
လမ်းဘေးမှာနေလို့ အိမ်ဆောက်မယ်ဆိုရင်လဲ မြေကုန်မဆောက်ဘဲ အိမ်ရှေ့မှာ ကွက်လပ်တော့ ဆယ်ရေးတစ်ရေးကိုးရေးတစ်ရာ ချန်ထားသင့်ပါတယ်။
အခုကြုံတုံးပြောရရင် မြို့သစ်ထဲက မြေကွက်တွေ မှာ ကျောချင်းကပ် ခြံတိုင်းရဲ့ နောက်ဘက်မှာ ဒူးကြားလမ်းလေးတွေကို မြေကွက် စပြီး အကွက်ရိုက်ကတည်းက ချန်ထားပါတယ်။
ဒါပေမယ့် လူတွေတကယ်နေတဲ့ အခါမှာ ဒီဒူးကြားလမ်းက သူခိုးဝင်တဲ့လမ်းဖြစ်သွားပါလေရော။
အဲတော့ အရှေ့ဘက်အိမ်နဲ့ အနောက်ဘက် နှစ်ဦးသဘောတူညီမူ့နဲ့ ထက်ဝက်စီယူလို့ ခြံကာလိုက်ကြပါတယ်။
နောက်မှ ဒီမြေကွက်ကို ဝယ်လိုက်သူက တော့ ခြံခတ်တဲ့နေရာအထိ ကိုယ်အပိုင်ဘဲဆို အိမ်တွေကို မြေကုန်နယ်ကုန်ဆောက်လိုက်ကြပါတယ်။
နောင်ဘယ်အချိန်မှာမှ ဒီလမ်းကြားမြေကို ပြန်သိမ်းမယ်ဆိုတာကို မသိနိုင်ပါဘူး။

ဒီလမ်းချဲ့လိုက်တဲ့အတွက် တစ်ချို့သောအိမ်တွေမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်လေးတွေက နေရာထိုင်ခင်းကျဉ်းကျပ်သွားတော့ ဆိုင်မဖွင့်တော့ ဘဲ လုပ်ငန်းတွေပြောင်းကုန်ပါတယ်။
တစ်ရက် မှာ ကျနော် ရယ် ကျနော့် ရုံးက ကလေးတွေရယ် လမ်း30 (82-83)ကြားမှာဖွင့်ထားတဲ့ ရွှေပြည်မိုး မှာလက်ဖက်ရည်သွားသောက်ကြပါတယ်။
လက်ဖက်ရည်ဆိုင်ရောက်တော့ ဆိုင်ရှည့်မှာဖွင့်ထားတဲ့ အထမ်းသည်ဆီက မြီးရှည်ကို ကျနော်မှာစားပါတယ်။
အဲဒီမှာကလေးတစ်ယောက်က ရှမ်းခေါက်ဆွဲမှာစားရင်း မေးခွန်းတစ်ခုမေးပါတယ။်
“လေးပေါက် ရေ အခုမန်းလေးမှာဘယ်နေရာကြည့် ကြည့် မနက်ဆိုရင် ရှမ်းခေါက်ဆွဲ ညနေဆိုရင်ဝက်သား ဒုတ်ထိုးနဲ့ ကော်ပြန့်ကြော် ဆိုင်က အများဆုံး လေးပေါက်တို့ငယ်ငယ်တုန်းကရော မနက်ဆိုရင် ဘာစား ကြသလဲ? “ဆိုတာလေးကို မေးလိုက်တဲ့အခါ ကိုယ်ငယ်ငယ်က မနက်ထတာနဲ့ ဘာများစားသလဲ ညနေဆိုရင် အဆာပြေဘာစားသလဲလို့ ပြန်စဉ်းစားလိုက်တော့………………………………………..

3 comments

  • naywoonni

    November 10, 2010 at 9:44 am

    ဟေ့……ကိုပေါက်
    ပြောလေဗျာ…ခင်ဗျားငယ်ငယ်တုံးကမနက်အဆာပြေဘာစားခဲ့လဲ
    ဆတ်တစ်ငံ့ငံ့လုပ်ထားပြန်ပြီ…ဒီလူ

  • kai

    November 11, 2010 at 12:35 am

    ပထမ ပြောစရာဖြစ်နေတာက .. မြန်မာဘုရင်ကို ဖမ်းသွားတဲ့ စစ်နိုင်သူဟာ အင်္ဂလိပ်စစ်တပ်စစ်စစ်မဟုတ်ပါဘူးလို့ပါ။ ဘုရင်မရွိုင်ရယ်တပ်မဟုတ်ဘူးပေါ့..။

    စစ်နိုင်တော့မှ မြန်မာပြည်နဲ့ မန္တလေးကို ၁၈၈၆ရဲ့နှစ်သစ်ကူးလက်ဆောင် အဖြစ် ဝိတိုရိယဘုရင်မကြီးှဆီဆက်သလိုက်တာဖြစ်ပါတယ်တဲ့..။
    ဆိုတော့ .. မန္တလေးဝင်တာ အရှေ ့အိနိ္ဒယကုမ္ပဏီရဲ့ လက်အောက်ခံ ကြေးစားတပ်လို့ဆိုပါတယ်.။

    ကြည့်ရတာ…
    ရာဇပုလ္လင်တောင် မ, ယူသွားတဲ့ အဲဒီတပ်ဟာ .. ဘာအဖိုးတန်ကိုမှ အလွတ်ပေးမယ်တော့မထင်။
    ရွှေရော၊ ငွေရော။ အပျိုတော်ရော ..သိပ်တော့ချောင်မဲ့ပုံမပေါ်ဘူး ထင်ပါကြောင်း..။

    ပြောချင်တာက ..
    ကျုံးထဲ ဘာမှပစ်ချနိုင်မယ်တော့ မထင်..။
    ပတ္တမြားငမောက်လို ကျောက်ကို ဗြောင်အိပ်ထဲကောက်ထည့်သွားရဲတဲ့ စစ်သားတွေဟာ အကုန်ယူမှာပါပဲ..။

  • kopauk mandalay

    November 11, 2010 at 2:27 am

    ကျနော်တွေးမိတာကတော့ ပါတော်မူတဲ့ အချိန်မှာ နန်းစဉ်ရတနာတွေက
    အမှန်တကယ်ရော ရှိမှရှိရဲ့လား( ဘုရင်မှာ ဝင်ငွေဘယ်လောက်ရှိမရှိမသိပေမယ့် ငွေအထွက်ကြမ်းတာကတော ့သေချာလို့ပါ)
    ကိုယ့်အထဲကဘဲ ရသလောက် သယ်သွားလား
    လာသိမ်းတဲ့ ကာနယ်စလေဒင်ဘဲ မသွားသွားလား ဆိုတာကတော့ သူတို့မှဘဲသိမယ်လို့။

Leave a Reply