ကျွန်ုပ် အလိမ္မာတိုးသော နေ့တစ်နေ့ (ဦးဖိုးကျား)

zinmyotunNovember 6, 20101min1221
လူအများစု၏ သဘောသဘာဝသည် အနည်းငယ်မျှ သိတတ်နားလည်လာလျှင် မိမိထက် ဗဟုသုတနည်းသူများနှင့် တွေ့ပါက မိမိကိုယ်ကို သွေးနားထင်ရောက်ကာ အခြားသူများအပေါ် အထင်အမြင်သေးချင်ကြသည်။
ထိုသူများ၏ ဘဝပေးအခြေအနေကို လိုက်ပါနားလည်နိုင်စွမ်း အားနည်းကြသည်။ ထိုအခါ
ပဋိပက္ခသည် ပေါ်ပေါက်လာတော့သည်။ ဖြစ်ပေါ်လာသော မလိုလားအပ်သည့် ပြဿနာများကို
ရှောင်လွဲနိုင်ရန်အလို့ငှာ အကောင်းဆုံးသော နည်းတစ်နည်းမှာ ကိစ္စတစ်ရပ်ကို
မိမိထောင့်ကသာမဟုတ်ဘဲ အခြားသူ၏ ရှုထောင့်မှပါ ကြည့်တတ် မြင်တတ်ရန်
အရေးကြီးကြောင်းကို ဆရာကြီး ဦးဖိုးကျားက သူ၏ ကိုယ်တွေ့ဝတ္ထုများစာအုပ်တွင်
ကျွန်ုပ် အလိမ္မာတိုးသော နေ့တစ်နေ့ ဟူသော ဆောင်းပါးကို ရေး၍
ဆုံးမလမ်းညွှန်ခဲ့သည်။
ကျွန်ုပ် အလိမ္မာတိုးသော နေ့တစ်နေ့
ဦးဖိုးကျား
ကျွန်ုပ်သည် ပုသိမ်မြို့ မြန်မာ-ကရင် အင်္ဂလိပ်ကျောင်းတွင် ၉ တန်းလား၊ ၁ဝ တန်းလား မမှတ်မိ၊ စာသင်နေစဉ် စာမေးပွဲပြီး၍ မိမိနေရပ် ဟင်္သာတနယ်၊ နိဗ္ဗာန်ရွာသို့ မီးရထားစီး၍
ပြန်ခဲ့သည်။
ရထားပေါ်တွင် ရထားစီး များစွာ ပါ၏။ ကျွန်ုပ်သည် ထိုအခါက များစွာ စကားပြောချင်၏။ နှုတ်ဆော့၏။ ဘယ်သူနှင့် စကားစမြည်ပြောရမည်နည်းဟု အပေါက်အစ ရှာလျက် ရှိ၏။
ကျွန်ုပ်၏ ရှေ့တန်း မျက်နှာချင်းဆိုင်လောက်တွင် အသက် ၃ဝ ကျော်ခန့်ရှိ ယောကျာ်းတစ်ယောက်ကို စိုက်ကြည့်မိသည်။ အသားကြမ်း၍ မည်းညို၏။ ခေါင်းတုံးကို မျက်နှာသုတ်ပဝါ
ညစ်ထပ်ထပ် ပတ်ထားသည်။ အကျီင်္မှာ လယ်ထွန်အကျီင်္ ဖြစ်၏။ လယ်ထွန်အကျီင်္ဆိုသည်ကား
ဖျင်ကြမ်းကြမ်း၊ ရင်စေ့ပုံ၊ လက်ကျပ် အိတ်နှစ်လုံးတပ်၊ ရှေ့က ကနုကမာ
ကြယ်သီးမျိုး သုံးလုံးမျှ ပါ၏။ သို့ရာတွင် ကြယ်သီး တပ်မထားချေ။ ရင်ဘတ်
အဟောင်းသားနှင့် ဖြစ်၏။ ပုဆိုးမှာကား ချည်လုံချည် အကြမ်းစား အနွမ်းပင်
ဖြစ်၏။
ထူးခြားသော အချက်ကား ထိုသူ၏ လက်ဝဲဘက် လက်ကောက်ဝတ်တွင် အတန် အလုံးကြီးသော မဲကြိုးချည် ပတ်ထားသည်ကို တွေ့ရ၏။ ငါတော့ စီးစီးနင်းနင်း စကားပြောရမယ့် လူကို တွေ့ပြီဟု
စကားစလိုက်ပုံကား
“ဒီမှာ ဆရာကြီး၊ ခင်ဗျာ့လက်ထဲက မဲကြိုးက ဘာလုပ်တာလဲဗျာ့”
“ဪ ဒီမဲကြိုးလား၊ ဟို ကျုပ်တို့ ရွာဦးကျောင်း ဘုန်းကြီးရဲ့ အိပ်မက်အရ ချည်ထားရတာဗျ” ဟု ပြုံးရယ်၍ ပြောသည်။
“ဪ အိပ်မက်အရလား၊ ပြောပါဦးဗျာ၊ ခင်ဗျာ့ ဘုန်းကြီး အိပ်မက်က”
“ဒီလို ဒီလို၊ နောက်လက ကျုပ်တို့ ဘုန်းကြီးအိပ်မက်ထဲမှာ ဝတ်ဖြူစင်ကြယ်နဲ့ သိကြားလိုလို ဘာလိုလို ဆိုထင်ပါရဲ့ဗျာ။ အဲဒါ ဘုန်းကြီးဆီကို လာသတဲ့။ အောင်မယ်၊ ဘုန်းကြီးရှေ့မှာ
ထိုင်တောင် မထိုင်ဘူး။ မတ်တတ်ကြီး ရပ်နေဆိုပဲဗျ။ သူ့ဟာက၊ အဲဒါနဲ့
ဘုန်းကြီးက မေးတော့ အဲဒီ အဝတ်ဖြူနဲ့ သိကြားလို လူက ပြောသတဲ့၊ အရှင်ဘုရားရဲ့
နယ်ပယ်က ဒကာ၊ ဒကာမတွေကို အခုက စပြီး အနည်းဆုံး သရဏဂုံ သုံးပါး တည်ပါစေတဲ့။
ဘာပြုလို့လဲဆိုတော့ ရှေ့လ ကဆုန်လပြည့်နေ့ကျရင် ဘီလူးသဘက် တစ်ထောင်တိတိ
ကျုပ်တို့ နယ်ကို ဝင်လိမ့်မယ်တဲ့။ ဝင်ပြီးတော့ သရဏဂုံ မတည်တဲ့ လူတွေကို
အူအသည်း နုတ်စားလိမ့်မတဲ့။ သရဏဂုံတည်တဲ့ လူကိုသာ လွှတ်မတဲ့။ ဒီတော့ သရဏဂုံ
တည်တဲ့ လူမှန်းသိအောင် ဘယ်ဘက်လက်မှာ မဲကြိုးချည်ပြီး မှတ်ထားရမတဲ့။ အဲဒီလို
ဘုန်းကြီးက လူတွေကို သတိပေးဖို့ လျှောက်ပြီး ကွယ်သွားရောတဲ့ဗျ။
အဲဒါ မိုးလင်းတော့ ကုလားတက်ခေါက်ပြီး လူတွေကို ခေါ်ပြီး ဘုန်းကြီးက ပြောဟောလို့ မဲကြိုးချည်ကြရတာဗျ။ မချည်တဲ့လူတွေ အဲဟိုရှေ့လ ကဆုန်လပေါ့ဗျာ။
အဲဒီ ကဆုန်လပြည့်နေ့ညမှာ ဘီလူးသဘက်တွေက အူအသည်း နုတ်စားကြမှာ၊ အဲဒါ
ကျုပ်လည်း ချည်ထားရတာပေါ့” ဟု အားရပါးရ ပြောပြီး ဘေးကပ်အိတ်ထဲမှ
ဆေးရွက်ခေါက်ကို ထုတ်၍ ပလုတ်ပလောင်း ဆေးငုံလိုက်လေသည်။
ထိုအခါ စကားအလွန်ပြောချင်၍ နှုတ်ရွနေသော ကျွန်ုပ်သည် ဒီလူတော့ ငါ “ချွတ်” လိုက်ရဦးမယ်ဟု ခပ်ထွားထွား တရားဟောပုံကား
“ဒီမှာ ဆရာကြီး၊ ခင်ဗျားတို့ တောက ဆင်းရဲသားတွေ အဲဒါ ခက်တာပဲ။ သရဏဂုံတည်ခြင်း မတည်ခြင်းဟာ မဲကြိုးနဲ့ ဘာမှဆိုင်တာ မဟုတ်ဘူးဗျ။ ပိဋကတ်သုံးပုံမှာ ဘယ်ကျမ်းမှာမှ အဲဒီလို
မဟောဘူးဗျ၊ ခင်ဗျားတို့ ဘုန်းကြီးကလည်း ဒီသရဏဂုံနဲ့ မဲကြိုးနဲ့
မဆိုင်တာကိုမှ မသိဘူးလားဗျာ။ တယ်ခက်တာကိုး။ ဒီမှာလေ သရဏဂုံဆိုတာက
အတွင်းစိတ်ဓာတ်နဲ့ ဆိုင်တယ်ဗျ။ ရတနာသုံးပါးကို ကြည်ညိုတယ်ဆိုတာ
ယုံကြည်တယ်ဆိုတာ စိတ်ကမှ ဖြစ်တာဗျ။ ဒီအပေါ်ယံက မဲကြိုးနဲ့
ဘယ့်နှယ်ဆိုင်နိုင်မလဲ” ဆို၍ သရဏဂုံကိစ္စနှင့် အနည်းငယ်သာ ဆိုင်သော
ပါဠိအတိုအစ အနည်းငယ်ကို ကပေါက်ချိ ကပေါက်ချာနှင့် ရွတ်ပြပြီး
ကိုယ်လိုရာဘက်ကို များများကြီး ဆွဲ၍ ဟောပြောလိုက်လေသည်။
မဲကြိုးနှင့် ခမျာမှာ ပါးစပ်အဟောင်းသားနှင့် နားထောင်နေ၍ ဘာမျှ ပြန်မပြောနိုင်ရှာချေ။ အသို့ ပြောနိုင်ရှာအံ့နည်း။ ခမျာမှာ လုပ်စား ကိုင်စား ဆင်းရဲသား
တောတွင်းကြီးပြင်း၍ ပညာဗဟုသုတ များစွာ ရှိနိုင်မည် မဟုတ်ချေ။ မိမိတို့
တောရွာဓလေ့အတိုင်း ဆရာဘုန်းကြီး ပြောသမျှ ဆုံးမသမျှကို တစ်သဝေမတိမ်း
လိုက်နာလျှင် သူတို့မှာ ကိစ္စပြီးပြီဟု မှတ်ထင်ကြလေသည်။
ဤသို့လျှင် ကျွန်ုပ်အား ခုခံပြောနိုင်သူ မပေါ်ပေါက်သဖြင့် “ဒီတွဲမှာ ငါတော့ ဗိုလ်ပဲ။ ငါအတော် တော်တာပဲ” ဟု အထင်ကြီးနေစဉ် ကျွန်ုပ်နှင့် နှစ်ယောက်ခြား ထိုင်နေသော
ယောကျာ်းတစ်ယောက်က ကျွန်ုပ်သို့ လှမ်း၍ “ဟေ့ သူငယ်၊ ဒီမှာ” ဟု
စကားစလိုက်သည်။
ထိုသူမှာ အသက် ၄ဝ ခန့် ရှိသည်။ မြို့ကြီးသားကား ဟုတ်မည် မထင်၊ သို့ရာတွင် တည်ကြည်သော မျက်နှာ၊ စူးရှသော မျက်လုံးများ ရှိ၏။
ထိုသူက “ဟေ့ သူငယ် ဒီမှာ၊ အခု မောင်ပြောတဲ့ မဲကြိုးနဲ့ စပ်လို့ ကျုပ်ခပ်တိုတိုပဲ ပြောစရာ ရှိတယ်”
“ဟုတ်ကဲ့ခင်ဗျား၊ ကြားပါရစေ” ဟု ကျွန်ုပ်က အံ့ဩသော မျက်နှာနှင့် ပြောသည်။
“ဒီလို မှတ်ပါ မောင်ရယ်၊ ဒီမဲကြိုးဟာ မောင့်အတွက် မလိုသော်လည်း သူ့အတွက် လိုတယ်၊ အဲဒီ စကားကို ပထမ စွဲစွဲမြဲမြဲ မှတ်ထား၊ ကိုင်း နည်းနည်းတော့ ချဲ့ပြောရသေးတာပေါ့”
သရဏဂုံ တည်မှုဟာ စိတ်ထားသာလျှင် အရေးကြီးကြောင်း မောင်ပြောတာ မှန်တယ်။ မောင်ကလည်း မဲကြိုး မပါဘဲနဲ့ သရဏဂုံ တည်နိုင်ကြောင်း ယုံကြည်တယ်။ ဒါကြောင့် မောင့်အတွက်တော့ မဲကြိုးမလိုဘူး။
ဟိုလူမှာတော့ မောင့်လို သိထားနှင့်ခြင်း၊ ယုံကြည်နှင့်ခြင်း မရှိဘူး။
ဆရာဘုန်းကြီးကိုသာ ယုံကြည်အားကိုးနေသူ ဖြစ်တယ်။ ဒီတော့ ဆရာဘုန်းကြီးက
ပြောတဲ့အတိုင်း မဲကြိုးရှိမှ သရဏဂုံ တည်ပြီး ဘီလူးတွေ လာမစားနိုင်ဘူးလို့
သူ့မှာ ယုံကြည်နေတယ်။ ပြီးတော့ အဲဒီ မဲကြိုးမရှိရင်
ဘီလူးစားခံရတော့မယ်လို့လည်း ယုံကြည်နေတယ်။ အကယ်၍ မဲကြိုးချည်မထားရင်
ဟိုကဆုန်လပြည့်နေ့ညမှာ ဘီလူးလာစားလိမ့်မယ်လို့ သူစိတ်တထင့်ထင့်
ဖြစ်နေမှာပေါ့။ အဲဟိုညမှာ အိပ်ပျော်မယ်တောင် မဟုတ်ဘူး။ စိတ်က စွဲနေတော့
ချွတ်ချွတ်သံ ကြားသည် ဖြစ်စေ၊ အရိပ်မည်းမည်း မြင်သည် ဖြစ်စေ၊ ခြင်ထောင်ကို
လေတိုးလို့ လှုပ်သည် ဖြစ်စေ၊ ကြွက်တိုးမိလို့ ဖြစ်စေ၊ ဘီလူးသဘက်ပဲဟု စိတ်က
ထင်မြင်ပြီး လန့်ကြောက်ပြီး သေချင် သေမယ်။ ဥပါဒါန်ကြောင့် ဥပဒ်ရောက်ဆို မဟုတ်လား မောင်ရဲ့
အဲဒါကြောင့် သူ့စိတ်လုံမှာ ဖြစ်လို့ သူ့အတွက်တော့ မဲကြိုးလိုတယ်လို့
မှတ်ရမယ်။ မောင့် အတွက်တော့ မလိုပါဘူး၊ မဟုတ်လား မောင်ရယ်” ဟု ပြောဆို၍
တသတ်နားလေသည်။
မဲကြိုးနှင့် ခမျာ၏ ဝဋ် ကျွန်ုပ်သို့ လည်လေပြီ၊ ထိုလူကြီး ပြောဟောသည်ကို ကျွန်ုပ် ဘာမှ ပြန်မပြောနိုင်၊ ပြောစရာလည်း မရှိ၊ မှန်ကြောင်း ဝန်ခံရုံသာ ရှိတော့သည်။ သူ၏
ပြောချက်မှန်ပေသည်ဟု မိမိ၏ ပရမတ်ဆန်ဆန် အယူကို အတန်ငယ် ဖြေကာ “ဦးခင်ဗျား၊
ဦးပြောတာ မှန်ပေတယ်။ ကျွန်တော် မှတ်သားရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကျေးဇူးကိုလည်း ဘယ်တော့မှ မမေ့ပါဘူး ခင်ဗျား” ဟု ပြောရပေသည်။
ကျွန်ုပ်သည် လောက လူတို့၏ အကြောင်းကို အတန်ပင် ပိုမိုနားလည်သွားပါသည်။ ထိုနေ့သည် “ငါအလိမ္မာတိုးသော နေ့တစ်နေ့” ဟု ကျွန်ုပ် မှတ်သားထားလိုက်ပါ၏။ ယနေ့အထိ အနှစ် ၂ဝ ကျော်ပြီ၊
ထိုဆုံးမဟောပြောပေးသော ဆရာ၏ ဂုဏ်ကျေးဇူးကို မပြတ်လိုပင် သတိရလျက် ရှိပါ၏။

One comment

  • bigcat

    November 6, 2010 at 12:53 am

    သတ္တဝါတခု ကံတခုပေါ့ဗျာ။ လုကံဝကံ နှစ်ယောက်ကန်ပြီး ခြင်ထောင်မပြဲဖို့တော့ လိုတယ်ထင်ပါတယ်။

Leave a Reply