စစ်အစိုးရ၏ ၂၀၁ဝ ရွေးကောက်ပွဲကို ဘာကြောင့် ဆန့်ကျင် သပိတ်မှောက်သင့်သလဲ

True FaithNovember 6, 20101min811

ရွေးကောက်ပွဲ မတိုင်မီ ၂၀၀၈ အခြေခံ ဥပဒေနဲ့ ပတ်သက်တဲ့ မတရားတဲ့အချက်တွေကို ဆောင်းပါးတပုဒ်အဖြစ် ရေးသားတင်ပြချင်တာ ကြာနေပါပြီ။ သို့သော် အလုပ်တဖက်နှင့်မို့ မရေးဖြစ်ခဲ့ပါ။ ဒီအချိန်မှာပဲ ဒေါက်တာလွဏ်းဆွေ ဘလော့ဘ်မှာ တင်ထားသည့် ၂၀၀၈ အခြေခံ ဥပဒေကို ရှင်းလင်းထားသည့် ပေးစာတစောင်ကို တွေ့လိုက်ရသဖြင့် သူငယ်ချင်း မိတ်ဆွေများအတွက် အသိပညာ ဗဟုသုတ တိုးစေဖို့၊ မဲပေးမယ်ဆိုရင်လည်း စဉ်းစားနိုင်ဖို့အတွက် တင်ပြပေးလိုက်ပါသည်။

Ture Faith

………………………………………………………………………………….

ရေးသူ – အိပ်ပျော်နေသော ဒီဂျစ်

၂၀၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြရန် တိုက်တွန်းနှိုးဆော်ရသည့် အဓိကအချက်မှာ စစ်အစိုး ရ၏ ၂၀၀၈ အခြေခံဥပဒေသည် စစ်အာဏာရှင်စနစ်ဆိုးကို အမိမြန်မာပြည်တွင် ထာဝရတည်မြဲစေရန် ဖန်တီး ရေးဆွဲထားသောကြောင့်ဖြစ်ပါသည်။

မြန်မာလူမျိုးအများစုကို မေးလိုက်လျှင်၂၀၀၈ အခြေခံဥပဒေသည် မ ကောင်းဘူးဟု သိကြပါသည်။ သို့သော် ဘယ်အချက်က မကောင်းတာလဲ၊ ဘယ်လိုမကောင်းတာလဲ၊ ဘယ် လောက်အထိ မကောင်းတာလဲ၊ ဘယ်လောက်အထိ ဒီအခြေခံဥပဒေက အရေးကြီးသလဲဟု မေးမြန်းကြည့် သည့်အခါ မဖြေနိုင်ကြတာကို တွေ့ရပါသည်။ ထို့ကြောင့် ဤရှင်းလင်းချက်ကို ရေးသားပြီး ၂၀၁ဝ ရွေးကောက် ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြပါရန် တိုက်တွန်းခြင်းဖြစ်ပါသည်။

၂၀၀၈ အခြေခံဥပဒေကို မရှင်းမီ ပထမဦးစွာ အခြေခံဥပဒေ၏ သဘောသဘာဝအဓိပ္ပါယ်နှင့် မည်မျှအရေးကြီး အလေးထားရန်လိုအပ်သည်ကို ရှင်းလင်းတင်ပြချင်ပါသည်။ တိုင်းပြည်တခု၏ အခြေခံဥပဒေသည် ၎င်းတိုင်း ပြည်၏ အသက်သွေးကြောပင်ဖြစ်သည်။

တိုင်းပြည်တပြည် မည်မျှတိုးတက်ကောင်းမွန် ငြိမ်းချမ်းသည်ကို သိ ချင်လျှင် ထိုတိုင်းပြည်၏ အခြေခံဥပဒေကို ဖတ်ကြည့်လျှင် သိရှိနိုင်ပါသည်။ တိုးတက်သော တိုင်းပြည်များကို လူအများစုက အားကျကြသည်။ သို့သော် အဘယ်ကြောင့် ထိုတိုင်းပြည် တိုးတက်ကောင်းမွန်သည်ကို မသိ ကြပါ။ အမှန်တွင် ထိုတိုးတက်နေသော တိုင်းပြည်၏နောက်တွင် ကောင်းမွန်၍ တရားမျှတသော အခြေခံဥပ ဒေက မားမားမတ်မတ် ရပ်တည်ပေးထား၍ ဖြစ်ပါသည်။

ကောင်းမွန်သော အခြေခံဥပဒေဖြစ်ရန် အခြေခံအကျဆုံးအချက်မှာ လူ့အခြေခံလွတ်လပ်ခွင့် (မိမိ၏ ရပိုင်ခွင့် အခွင့်အရေးကို လွတ်လပ်စွာ ရယူပိုင်ခွင့်၊ လွတ်လပ်စွာ ငြင်းပယ်ပိုင်ခွင့်၊ ထိုတိုင်းပြည်အတွင်း နေထိုင်သူအား လုံး တရားမျှတသော တန်းတူအခွင့်အရေးရရှိမှု) ကို အသိအမှတ်ပြုပေးရေး ဖြစ်ပါသည်။

ထိုကဲ့သို့ အဓိက အ ချက်များမပါရှိပါက ကောင်းမွန်သော အခြေခံဥပဒေဟု မခေါ်ဆိုနိုင်ပါ။ ထိုကောင်းမွန်သော အခြေခံဥပဒေမရှိ သည့် တိုင်းပြည်သည် ပင်မအသက်သွေးကြောမကောင်းသော လူတယောက်ကဲ့သို့ တဖြည်းဖြည်းသော် လည်းကောင်း၊ လျင်မြန်စွာသော်လည်းကောင်း ပျက်စီးချို့ယွင်းကာ နောက်ဆုံး သေဆုံးပျက်စီးသကဲ့သို့ တိုင်း ပြည်တပြည်သည်လည်း ၎င်း၏ ပင်မအသက်သွေးကြောဖြစ်သည့် အခြေခံဥပဒေ မည်မျှမကောင်းခြင်းအပေါ် မူတည်၍ တဖြည်းဖြည်းသော်လည်းကောင်း၊ လျင်မြန်စွာသော်လည်းကောင်း ပျက်စီးနိုင်ပါသည်။

ထိုကဲ့သို့ လူ့အခြေခံလွတ်လပ်ခွင့်အပေါ်မူတည်၍ ဖွဲ့စည်းထားသော အခြေခံဥပဒေမဟုတ်ပါက နိုင်ငံသားများကောင်း ကျိုး၊ နိုင်ငံတနိုင်ငံလုံး၏ တိုးတက်ရေးကို ဦးတည်သော စစ်မှန်ကောင်းမွန်သည့် အခြေခံဥပဒေမဖြစ်နိုင်ပါ။

စစ်အစိုး၏ ၂၀၀၈ အခြေခံဥပဒေမှ တဖက်သတ် ရေးဆွဲထားသော အချက်အချို့ကို တင်ပြဆွေးနွေးချင်ပါ သည်။

(၁) အပြစ်များ ကျူးလွန်ခြင်းကို လွတ်ငြိမ်းခြမ်းသာခွင့်ပေးထားခြင်း။

အခြေခံမူထဲတွင်ပါသည့် အရေးအကြီးဆုံးအချက်မှာ SPDC အဖွဲ့ဝင်တိုင်း၏ မြန်မာနိုင်ငံသားများအပေါ်အပြစ် များ ကျူးလွန်နေခြင်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးထားခြင်းဖြစ်ပါသည်။ SPDC အဖွဲ့ဝင်တိုင်း၏ “အပြစ်များကို မှန်ကန်သောတရားဝင်လုပ်ဆောင်မှု” (RIGHT) အနေဖြင့် အခြေခံဥပဒေတွင် ပြဌာန်းထားပြီး မည့်သည့်တ ရားဥပဒေကမှ တရားစွဲဆိုခွင့်မပြုဟု ထည့်သွင်းဖော်ပြထားသည်။ ထိုထည့်သွင်းဖော်ပြချက်သည် နောက်ပိုင်း တွင် မတရားမှုများကို ပိုများလာစေနိုင်သည်။ အပြစ်လုပ်မည့်သူများကို ထောက်ခံအားပေးသည့် အချက်လည်း ဖြစ်သည်။

ယခု စစ်မှန်သော ဒီမိုကရေစီရရှိရန် ကြိုးစားနေသူများက ငြိမ်းချမ်းရေးကိုရှေးရှု၍ သင်ပုန်းချေကာ မြန်မာနိုင်ငံ သားများ ကောင်းကျိုးအတွက် ရှေ့ဆက်ရန် ကြိုးစားနေကြသည်။ သို့သော် ယခင်က ပြစ်မှုများကို ခွင့်လွှတ် နိုင်သော်လည်း ထိုသို့သော ပြစ်မှုများကို နောက်နောင်တွင် ဆက်ပြီး မကျူးလွန်စေရေးအတွက် အခိုင်အမာ တားမြစ်ရန် လိုအပ်ပေသည်။ ထိုကြောင့် နောင်တွင် ထိုသို့သော ပြစ်မှုများ ဆက်လက်မဖြစ်ပွား မပေါ်ပေါက် စေရန်၊ ပြစ်မှုကျူးလွန်ခြင်းများ ရပ်စေရန် အထက်တွင် ဖော်ပြထားသော အချက်မျိုးကို မြန်မာနိုင်ငံအခြေခံဥပ ဒေမှ ပယ်ဖျက်သင့်သည်။ မြန်မာနိုင်ငံအခြေခံဥပဒေတွင် ထိုကဲသို့သောအချက် မရှိသင့်ပေ။

(၂) လွတ်လပ်စွာ တရားစီရင်ခွင့်မရှိခြင်း။

တရားဥပဒေသည် တိုင်းပြည်တခု ငြိမ်းချမ်းရန် အဓိကလိုအပ်ချက်တခုဖြစ်သည်။ တိုင်းပြည်အတွင်းနေထိုင်သူ အာလုံး တရားမျှတသော ဥပဒေအောက်တွင် ရှိသင့်သည်။ နိုင်ငံသားတိုင်း တဦးတယောက်မျှ တရားဥပဒေ ဘောင်အတွင်းမှ လွတ်မြောက်နေခြင်း မရှိသင့်ပါ (No one is above the law)။ သို့ရာတွင် ၂၀၀၈ အခြေခံဥပ ဒေ၌ ဖော်ပြထားသောအချက်သည် တရားသူကြီးချုပ်နှင့်တကွ ၎င်း၏အဖွဲ့ကို အချိန်မရွေး ထုတ်ပယ်ခွင့်နှင့် စစ်အာဏာရှင် စိတ်တိုင်းကျ ခြယ်လှယ်နိုင်မည့်သူများကို ခန့်အပ်ပြီး တရားစီရင်ခွင့်အာဏာကို စစ်တပ်က ယူ ထားခြင်းဖြစ်သည်။ တနည်းအားဖြင့်ဆိုရလျှင် စစ်အာဏာရှင်များသည် တရားစီရင်ရေးကို ထိန်းချုပ်ထားပြီး စစ်တပ်ကို ဥပဒေဘောင်အတွင်းမှ လွတ်မြောက်နေအောင် ရေးဆွဲထားခြင်းဖြစ်သည် (Army is above the law in Burma)။ မည်သည့် ငြိမ်းချမ်းသော တိုင်းပြည်မဆို ထိုသို့သော ထိန်းချုပ်မှုမရှိပါ။ ထို့ကြောင့် ငြိမ်းချမ်း သော တိုင်းပြည်ထူထောင်ရန် ထိုကဲ့သို့သော ဥပဒေကို အခြေခံဥပဒေမှ ထုတ်ပယ်သင့်သည်။

(၃) လူတယောက်၏ အခြေခံအခွင့်အရေး မရရှိခြင်း။

လူတဦးချင်းနှင့် လူတိုင်းတွင် လွတ်လပ်စွာ ပြောဆိုရေးသားနိုင်ခွင့်ရှိရမည်။ မြန်မာနိုင်ငံတွင် နေထိုင်ကြသော သူများအားလုံး လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်မရှိပါ။ ထိုကြောင့် အာဏာရလူတစု၏ မှားယွင်းနေမှုကို ပြောဆို ထောက်ပြ ငြင်းဆန်ခွင့်မရှိပါ။ လူဆိုသည်မှာ အဘက်ဘက်မှ ပြည့်စုံနေသည် မဟုတ်သလို အမှားများစွာကို လည်း လုပ်တတ်သည်။ ထို့ကြောင့် ထိုလူအား ကောင်းမွန်စေရန် အမှားထောက်ပြမည့်သူရှိပြီး ထိုလူကိုယ် တိုင်ပြင်မှ ကောင်းမွန်ပေမည်။ ထို့အတူပင် အဖွဲ့အစည်းတခုသည်လည်း အမှားများ လုပ်တတ်သည်။ ထိုအမှား များကို ထောက်ပြပေးရန် တခြားအတိုက်အခံအဖွဲ့အစည်း လိုအပ်ပြီး ၎င်းအမှားလုပ်နေသောအဖွဲ့မှ ပြင်ဆင်ရန် လိုအပ်ပေသည်။ နိုင်ငံတခုတိုးတက်ကြီးပွားရန် အဓိကလိုအပ်ချက်လည်းဖြစ်သည်။ တိုးတက်ကြီးပွားနေသော နိုင်ငံတိုင်းတွင် ထိုအချက်ကို တွေ့ရသည်။ သို့သော် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ပြောဆိုခွင့်မရှိပါ။

မြန်မာလူမျိုးအများစုသုံးနေသော စကားရှိသေးသည် “လူကြီးပြောစကားနားထောင် ပြန်မပြောနဲ့” ဟူသောစ ကားပင်ဖြစ်သည်။ ပြုပြင်ရန်လိုအပ်သည်မှာ မည်သူပြောစကားမဆို နားထောင်ပြီး လိုအပ်သောအချက်များကို အထောက်အထားနှင့် ပြန်လည်ရှင်းပြပြောပြသင့်သည်။ အကယ်၍ ထိုသို့မဟုတ်ဘဲ ပြန်မပြောနဲ့ပုံစံနှင့် တုံ့ပြန် ခဲ့လျှင် ထိုလူသည် လေးစားစရာမရှိသည့် လူဖြစ်သည့်အတွက် ထိုလူပြောစကားကို နားထောင်ရန်မလိုအပ်ပါ။ ထိုကဲ့သို့ ကိုယ်ထင်ရာကိုလုပ်၊ ကိုယ်ရေးချင်တာ ရေးထားသော မြန်မာနိုင်ငံ၏ ၂၀၀၈ အခြေခံဥပဒေကို လိုက် နာလက်ခံရန် မလိုအပ်ပါ။

(၄) အခြေခံဥပဒေပြင်ဆင်ခွင့်ကို စစ်တပ်မှ ထိန်းချုပ်ထားခြင်း။

၂၀၀၈ အခြေခံဖွဲ့စည်းပုံပါ အရေးကြီးဆုံးနှင့် အဓိကကျသောအချက်မှာ အခြေခံဥပဒေကို ပြင်ဆင်ခွင့်ရှိသော် လည်း အလွယ်တကူ ပြင်ဆင်ခွင့်မရှိပါ။ မဲခွဲကာဆုံးဖြတ်ချက်ချပြီးမှ ပြင်ဆင်ခွင့်ရှိသည်။ ထိုသို့မဲခွဲရာတွင် ရာ ခိုင်နှုန်းကို သတ်မှတ်ထားသည်။ ၂၀၀၈ အခြေခံဥပဒေတွင် ရာခိုင်နှုန်းကို (၇၅) % ထက်ကျော်လွန်မှ ပြင်ဆင် ခွင့်ရှိသည်။ သို့ရာတွင် လက်နက်ကိုင် စစ်အာဏာရှင်များအဖွဲ့မှ (၂၅) % ကို ယူထားသည့်အတွက် ထိုစစ်အာ ဏာရှင်များ သဘောမတူညီလျှင် မြန်မာနိုင်ငံအခြေခံဥပဒေကို မည်သူမှပြင်ခွင့်မရှိနိုင်ပါ။

တိုင်းပြည်ကို အုပ်ချုပ်မည့် အစိုးရသည် အခြေခံဥပဒေတွင် ရေးဆွဲထားသည့် ဥပဒေစည်းကမ်းများအတိုင်း တိုင်းပြည်ကို အုပ်ချုပ်ရမည်ဖြစ်ပြီး ထိုစည်းကမ်းများကို ကျော်လွန်လုပ်ဆောင်ခွင့်မရှိပါ။ အခြေခံဥပဒေတွင် နိုင်ငံအတွင်းနေထိုင်သူများအားလုံးကို လွတ်လပ်စွာ ပြောခွင့်ပေးထားလျှင် နိုင်ငံသားအားလုံး လွတ်လပ်စွာ ပြောဆိုနိုင်သည်။ အစိုးရက လူတယောက်၏ လွတ်လပ်စွာပြောဆိုခွင့်ကို ထိန်းချုပ်ခဲ့လျှင် ထိုလူက ထိုအစိုးရ ကို တရားစွဲဆိုကာ အရေးယူခွင့်ရှိသည်။ ထိုသို့တရားစွဲခွင့်ရှိခြင်း၊ အမှန်တရားကို လုပ်ဆောင်နိုင်ခြင်းသည် အ ခြေခံဥပဒေ ကောင်းမွန်သောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေသည် ထိုကောင်း မွန်သော အခြေခံဥပဒေများနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

ပြည်သူများကို စစ်အာဏာရှင်လုပ်သမျှ ခံစေရန် ကျွန်စနစ်သွင်းနေသော အချက်အပါအဝင် အခြားအချက်များ လည်း များစွာထည့်သွင်းရေးသားထားသည်။ အကျဉ်းပြောရလျှင် ၂၀၀၈ အခြေခံဥပဒေသည် ပြည်သူပြည် သားများ၏ အခွင့်အရေးအားလုံးကို ဖျက်ဆီးပြီး အာဏာရှင်စနစ် ပို၍တရားဝင်ဖြစ်စေရန် ရည်ရွယ်ရေးဆွဲထား ခြင်းဖြစ်ပြီး မြန်မာပြည်သူပြည်သားများကို လွတ်လပ်စွာ နှိပ်စက်သတ်ဖြတ်နိုင်သော အချက်များကို ဥပဒေ ဘောင်တွင်းမှ လုပ်ဆောင်နိုင်ရန် ရေးဆွဲထားသော အခြေခံဥပေဒသာဖြစ်သည်။ ထိုသို့သောအချက်များ ကြောင့် ထို ၂၀၀၈ မြန်မာနိုင်ငံ အခြေခံဥပဒေကို ကျနော် လက်မခံ အသိအမှတ်မပြုနိုင်ပါ။

ယခု ဒီစာကို ဖတ်နေသောသူများလည်း လက်ခံနိုင်ပါသလား။ ကျနော့်ယုံကြည်ချက်အရ ပြောရလျှင် စစ်အာ ဏာရှင်နှင့်တကွ သူတို့နှင့်ပတ်သက်သော အသိုင်းအဝိုင်းနှင့် ရှေးရိုးကျပြီး အာဏာကို လက်ကိုင်ပြုသော လူ တချို့သာ ထိုအခြေခံဥပဒေကို လက်ခံနိုင်ပြီး မြန်မာနိုင်ငံသားအများစု (၉၀) % ကျော်က လက်ခံနိုင်ကြမည်မ ဟုတ်ပါ။

ယခုရွေးကောက်ပွဲဝင်မည့်သူများက မြန်မာနိုင်ငံကို မည်သို့ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်နည်း။ တချို့ က ‘better than nothing’ ဟု အကြောင်းပြချက်ပေးသည်။ ထိုအကြောင်းပြချက်သည် အလွန်မှားသည်။ အ ဘယ်ကြောင့်ဆိုသော် ရွေးကောက်ပွဲပြီးလျှင် ထိုဆိုးဝါးသော၂၀၀၈ မြန်မာနိုင်ငံအခြေခံဥပဒေကို ထောက်ခံ အ တည်ပြုပြီးဖြစ်သလို အစိုးရသစ်သည် ထိုဥပဒေကို လက်တွေ့အသုံးချ အုပ်ချုပ်မည်ဖြစ်သည်။ ထိုဥပဒေသည် တိုင်းသူပြည်သားကောင်းကျိုးပြုရန် မထည့်သွင်းထားသည့်အပြင် တိုင်းသူပြည်သားများကို နှိပ်စက်သတ်ဖြတ် ရန်သာ ထည့်သွင်းရေးဆွဲထားသည်။ ထို့ကြောင့် အသစ်တက်လာမည့် အစိုးရသည် ဆိုးရွားသော ၂၀၀၈ မြန် မာနိုင်ငံအခြေခံဥပဒေအတိုင်း တိုင်းသူပြည်သားများကိုသာ နှိပ်စက်သတ်ဖြတ်တော့မည်ဖြစ်သည်။ မြန်မာနိုင် ငံအခြေအနေသည် ယခုထက် ပိုဆိုးရွားလာမည်သာဖြစ်သည်။

ထို့အပြင် ရွေးကောက်ပွဲဝင်မည့်သူများသည် စစ်အာရှင်များက တရားမဝင် သတ်ဖြတ်စဉ်ကပင် မကောင်းပါဟု မပြောရဲသည့်သူများ၊ မိမိကောင်းကျိုးကိုသာကြည့်ပြီး စစ်အာဏာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေသူများ၊ အာဏာကို မျှော်ကိုးသော တကိုယ်ကောင်းသမားများသာဖြစ်သည်။ ထိုကဲ့သို့သောသူများသည် မြန်မာနိုင်ငံ ကောင်းကျိုးကို အနည်းငယ်မျှတောင် ကောင်းမွန်အောင်ဆောင်ရွက်မည်မဟုတ်ပါ။ ထို့ကြောင့် ထိုကဲ့သို့သော သူများသာပါသည့် ရွေးကောက်ပွဲကို ပျက်အောင်ဖျက်ပစ်ရမည်ဖြစ်သည်။ အရှင်းဆုံးလုပ်ဆောင်ရမည်မှာ ရွေး ကောက်ပွဲကို မဲသွားမထည့်ခြင်းဖြင့် ဖျက်ပစ်ရမည်ဖြစ်ပါသည်။

(ဒေါ်အောင်ဆန်းစုကြည်ကလည်း လူတိုင်းကို မဲမပေးပိုင်ခွင့် တရားဥပဒေအရရှိသည်ဟု ပြောထားပါသည်။)

သာမန်အမြင်တွင် စစ်အာဏာရှင်များက ပြည်ပနိုင်ငံများနှင့် မြန်မာနိုင်ငံပြည်သူ/သားများကို အလေးမထား လုပ်ချင်တာလုပ်နိုင်သည်ဟု မြန်မာနိုင်ငံ ပြည်သူ/သားများက ထင်သော်လည်း ထိုသို့မဟုတ်၊ စစ်ဏာရှင်များ ကသာ ပြည်ပနိုင်ငံများနှင့် မြန်မာနိုင်ငံပြည်သူ/သားများကို ကြောက်ရွံ့နေခြင်းဖြစ်သည်။ သူတို့မကြောက်လျှင် ယခုကဲ့သို့ အခြေခံဥပဒေကို ရေးဆွဲပြီး မြန်မာနိုင်ငံပြည်သူ/သားများကို မတရား သဘောတူခိုင်းခြင်းမျိုး လုပ် နေမည်မဟုတ်။ သူတို့အပင်ပန်းခံမလုပ်ဘဲ တိုင်းပြည်ကို သူတို့စိတ်တိုင်းကျ အုပ်ချုပ်မည်ဖြစ်သည်။ သို့သော် ယခု သူတို့အပင်ပန်းခံကာ အခြေခံဥပဒေကို ရေးဆွဲပြီး မြန်မာနိုင်ငံ ပြည်သူ/သားများကို မတရားသဘောတူ ခိုင်းခြင်းမျိုးလုပ်ကာ နိုင်ငံတကာကို ကြေညာသည့်အချက်ကို ကြည့်ခြင်းဖြင့် ၎င်းတို့ ကြောက်နေသည်ဟု ပြော ၍ရပါသည်။

ထို့အပြင် နောက်တချက်ရှိသေးသည်။ ကုလသမဂ္ဂနှင့် ပြည်ပနိုင်ငံများမှ ထိုအခြေခံဥပဒေသည် မတရား ရေး ဆွဲထားသည့်အတွက် ထိုအခြေခံဥပဒေကို လက်မခံ၊ ထိုရွေးကောက်ပွဲကိုလည်း လက်မခံဟု ကြေညာချက် ထုတ်ပြီးနောက်တွင် ဗိုလ်သန်းရွှေမှာ အားကိုးမြဲအားကိုးနေရသည့် တရုတ်ပေါက်ဖော်ကြီးဆီသို့ သွားရောက် အကူအညီတောင်းခံခဲ့သည်။ တရုတ်မှာလည်း မြန်မာနိုင်ငံမှ အကျိုးအမြတ်ကို မျှော်ကိုး၍ ၂၀၁ဝ ရွေးကောက် ပွဲကို ထောက်ခံအားပေးခဲ့ပါသည်။ ထိုအချက်သည်လည်း သူတို့ကြောက်နေသည်ကို ဖော်ပြသည်။ ထို့အပြင် ပဲခူးလူသတ်မှုတွင် ဖုံးကွယ်ရန် ကြိုးစားသော်လည်း ပြည်သူပြည်သားအများစု သိသွားသောကြောင့် မဖုံးကွယ် ရဲတော့ဘဲ အရေးယူပါမည်ဟု ပြောပါသည်။

၎င်းအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် ပြည်သူပြည်သားအားလုံး စည်းလုံးလျှင် စစ်အာဏာရှင်များ ကြောက် ရွံ့သည်ဆိုသည်ကို ရှင်းလင်းစွာ တွေ့မြင်ရမည်ဖြစ်သည်။ ပဲခူးမြို့မှ လူသတ်မှုနှင့် အခြေခံဥပဒေကို ဆက်စပ်၍ ပြောချင်ပါသည်။ ထိုလူသတ်မှုကို သူတို့အရေးယူပါမည်ဟု ယခုပြောသော်လည်း ရွေးကောက်ပွဲပြီးလျှင် အ ရေးယူခွင့်မရှိတော့ပါ။

ပဲခူးမြို့မှ လူသတ်မှုသည် အစသာဖြစ်ပြီး နောင်စာဖတ်နေသူတို့၏ သား၊ သမီး၊ မိဖတို့ကို တရားဝင် လူသတ် မုဒိန်းကျင့်လျှင် မည်သို့လုပ်မည်နည်း။ ရွေးကောက်ပွဲပြီးလျှင် အားလုံး ဘာမှလုပ်၍ရမည်မဟုတ်တော့ပါ။ ထို့ ကြောင့် ယခုကတည်းက ရွေးကောက်ပွဲကို ပျက်အောင် စုစည်းလုပ်ဆောင်ရမည်ဟု ကျနော်ပြောချင်ပါသည်။

ယခုရွေးကောက်ပွဲသည် ဒီမိုကရေစီရွေးကောက်ပွဲ ဖြစ်သည့်အတွက် ကိုယ်မကြိုက်လျှင် မဲမပေးပိုင်ခွင့် ရှိပါ သည်။ လူဦးရေအများစုမှ မဲမပေးလျှင် ရွေးကောက်ပွဲပျက်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသူ/နိုင်ငံသားအား လုံး စည်းလုံးစွာဖြင့် မဲမပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ယခုအခါ နိုင်ငံတကာမှလည်း မြန်မာနိုင်ငံကို အရေးယူဆောင်ရွက်ရန် ကြိုးစားနေသည်။ ထိုသို့ မြန်မာနိုင်ငံကို အရေးယူဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ အားလုံး ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံ လူအခွင့်အရေး ပြည့်ဝစွာရရှိစေရန် ကြိုးစားကြစေလိုကြောင်းနှင့် အထက် ်ပါအကြောင်းအရာတို့ကို် မိမိတို့နီးစပ်ရာသို့ စာကို ဖြန့်ပေးခြင်း၊ နားလည်အောင် ပြောဆိုခြင်းဖြင့် ရွေးကောက်ပွဲ ပျက်ပြယ်စေရန် စည်းလုံးညီညွတ်စွာ တတပ်တအား ဝိုင်းဝန်းဆောင်ရွက်ကြပါဟု တိုက်တွန်းပါသည်။

ယခုရေးသားချက် အကြောင်းအရာတို့ကို် ဆွေးနွေးလိုပါက (digit.sleepy@gmail.com) ကို ဆက်သွယ်မေး မြန်းနိုင်ပါသည်။

အိပ်ပျော်နေသော ဒီဂျစ်

One comment

  • timothy

    November 6, 2010 at 12:46 pm

    ကောင်းလိုက်လေ sleepy Digit ရယ်။ ကျနော်ကတော့လူထုကိုယုန်ွုတယ်။
    လူထုတရပ်လုံးသပိတ်မှောက်ကြလိမ္မယ်။ နေ့စဉ်ဓူဝ သန်းရွှေတို့ရဲ့ရုပ်မာမှုတွေကိုလူတွေမှာခါးသီးအောင်သိကုန်ပြီ။

    သူတို့ချစ်တဲ့အန်တီစုကလဲသပိတ်မှောက်မယ်ဆိုတော့ို့အားလုံးကလဲသပိတ်မှောက်ကြမယ်။
    ခုလိုမတရားဥပဒေကိုလူထုနားလည်လွယ်အောင်ရေးပေးတာကျေးဇူးအထူးတင်ပါတယ်။

Leave a Reply