အနော်ရထာမင်းကြီး တည်ထား ကိုးကွယ်တော်မူခဲ့တဲ့ စွယ်တော်မြတ်လေးဆူ

manawphyulayNovember 6, 20101min620

မြန်မာပြည်တွင် တန်ခိုးကြီးဘုရားများအနက်မှ အနော်ရထာမင်းကြီး တည်ထား ကိုးကွယ်တော်မူခဲ့တဲ့ စွယ်တော်မြတ်လေးဆူကို တင်ပြချင်ပါတယ်။
ကောဇာသက္ကရာဇ် ၃၇၉ မှာ အရိမဒ္ဒနပူရခေါ် ပုဂံပြည်၌ သီရိအနုရုဒ္ဓဒေဝဘွဲ့ခံ အနော် ရထာမင်းကြီး ထီးနန်းတက်ခဲ့တယ်။ သက္ကရာဇ် ၃၉၃ မှာ သီဟိုဠ်မင်း ဓာတုသေနက အနော်ရထာမင်းကြီးကို ဗုဒ္ဓရဲ့ သရီရစွယ်တော်ကို ပေးခဲ့တယ်။ မြန်မာနိုင်ငံမှာ စတင် သာသနာတော် ဖြစ်ထွန်းအောင် ကြံဆောင်ခဲ့တဲ့သူဟာ ရှင်အရဟံ ဖြစ်ပါတယ်။ အဲဒီမှာတင် ရှင်အရဟံက မင်းကြီးကို သာသနာတော်အရှည်တည်ဖို့အတွက် အများပြည်သူတွေ ပူဇော်နိုင်ရန် သီးသန့်နေရာမှာ တည်ထားကိုးကွယ်သင့်တယ်လို့ အကြံပြုခဲ့တယ်။ ရာဇဝင်က ပြောရရင် အရှည်ကြီးပဲ။ ‘ဒီတော့ တိုတိုပဲ ပြောလိုက်တော့မယ်နော်။ အဲဒီမှာတင် အနော်ရထာမင်းက အဓိဋ္ဌာန်ပြုပြီး စွယ်တော်ကို ပွားခဲ့တယ်။ စေတီလေးဆူ တည်ထားကိုးကွယ်ခဲ့တယ်။
အနော်ရထာမင်းကြီး၏ သစ္စာတော် အဓိဋ္ဌာန်ကတော့
ငါတည်ထား ကိုးကွယ်တော်မူအပ်သော စွယ်တော်မြတ်လေးဆူကို အကြင်သူသည်
နောက်နေ့မကူး နေ့ချင်းဖူး၏။
လှူသည့်ပုဂ္ဂိုလ် မပိုတူ၏။
တောင်းဆိုစကား မမှားတူ၏။
သီလငါးချက် မပျက်လုံ၏။
ထိုသည်သူအား မကြာချက်ချင်း
လက်ငင်းကောင်းကျိုးထူးစေသတည်း တဲ့။
ဤဆုတောင်းပြည့်ဝမှန်ကန်တဲ့ စေတီတော်လေးဆူမှာ-
ရွှေစည်းခုံ၊ လောကနန္ဒာ၊ တုရင်းတောင်၊ တန့်ကြည်တောင်ဘုရားများ ဖြစ်ပါတယ်။ တကယ့် သစ္စာ သမာဓိရှိတဲ့သူဟာ ပြည့်စုံမယ်လို့ ယမင်း ယုံကြည်မိပါတယ်။ ယမင်းလည်း ပုဂံဘုရားများကို နှစ်ခေါက်ဘဲ သွားရောက်ဖူးမြော်ခဲ့ရပါသေးတယ်။ ဖူးမြော်နေတဲ့အချိန်မှာ ကြည်နူးမှု၊ စိတ်၏အေးချမ်းမှုကို ခံစားခဲ့ရပါတယ်။ ပြောမပြတတ်အောင်လည်း ဝမ်းသာကြည်နူးမိပါတယ်။ မနောလေ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေ ကိန်းဝပ်နေတဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုနေတဲ့ ပုဂံပြည်ကို အခြေအနေပေးခဲ့ရင် ထပ်မံသွားရောက်ဖူးမြော်ချင်ပါသေးတယ်။ သွားခဲ့ရတဲ့နှစ်ခေါက်မှာ ပထမတစ်ခေါက်က မိသားစုနှင့် သွားခဲ့ရပြီး ဒုတိယ တစ်ခေါက်ကတော့ ကျောင်းပြီးတုန်းက မေဂျာကသွားတာကို မလိုက်ဘဲနဲ့ သူငယ်ချင်းတွေနဲ့ ထပ်မံသွားရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ နှစ်ခေါက်စလုံးဟာ မနောအတွက် မမေ့နိုင်စရာ နေ့ကလေးတွေ ဖြစ်ခဲ့ပါတယ်။ အရမ်းလည်း ပျော်ခဲ့တယ်။ မြန်မာနိုင်ငံမှာ ဒီလို ရှေးဟောင်းအမွေအနှစ်တွေ ဆက်လက်တည်ရှိနေစေချင်တာ မနောရင်ထဲက ဆန္ဒဖြစ်ပါတယ်။ မိတ်ဆွေတို့ကော သွားရောက်ဖူးမြော်ပြီးကြပြီလို့ ယမင်း ထင်မိပါတယ်။ သွားရောက်ခဲ့ရင်လည်း စွယ်တော်လေးဆူကို ဖူးမြော်ဖြစ်အောင် ဖူးမြော်စေချင်ပါတယ်။ ရွှေစည်းခုံဘုရားမှာလည်း ဆုတောင်းပြည့်တယ်လို့ ပြောတဲ့ အောင်မြေဆိုတာရှိသေးတယ်။ ယမင်းတို့သွားတုန်းကတော့ စနေနံပါတဲ့သူက ဘေးမှာ ရပ်ပြီး ဆုတောင်းရင် ပိုပြည့်တယ်တဲ့။ ပြောကြတာပဲ။ ယမင်းတို့လည်း သူငယ်ချင်းထဲမှာ စနေသားပါတော့ ဝမ်းသာသွားတာပေါ့။ ပြည့်တာ မပြည့်တာတော့ ထားပါ။ ‘သူ့ကို ဘေးမှာ ထားပြီး တစ်ယောက်ပြီး တစ်ယောက် ဆုတောင်းကြတာပေါ့။ ယမင်းအလှည့်ကြတော့ သူငယ်ချင်းက ပြောတယ်။ နင် ဆုတောင်းတာ ငါလည်း တစ်ဝက်ဆိုင်တယ်တဲ့ မနေားကို နောက်သေးတယ်။ တကယ်လားလို့ မနောက မေးလိုက်တယ်။ ဘာလို့လဲ ဆိုတော့ ငါ ဆုတောင်းတာ ရ ရက် သားသမီး မဟုတ်ဘူး။ ၈ ရက်သားသမီးအားလုံးအတွက် ဆုတောင်းတာလို့ ပြောလိုက်တယ်။ အလကားနောက်တာတဲ့။ မနော ဆုတောင်းပြည့်ပါစေလို့ သူက ထပ်ပြီး ဆုတောင်းပါတယ်တဲ့။ ဘယ်လောက် ပျော်စရာကောင်းလိုက်သလဲနော်။ ဒါတောင် မေမေတို့နဲ့ သွားပြီးတာ မကြာသေးဘူး။ အိမ်ကို အတင်းခွင့်တောင်းရတယ်။ သူငယ်ချင်းတွေနဲ့ မရောက်ဖူးသေးလို့ သွားမှာလို့ပြောပြီးကို သွားတာ။ မေမေတို့က ခွင့်မပြုရင် စိတ်ကောက်မှာစိုးလို့လေ။ သွားလို့ ခွင့်ပြုတယ်။ ဒါပေမဲ့ ပိုက်ဆံမပေးဘူးတဲ့။ ရှိရင်သွားတဲ့ ခွင့်ပြုတော့တယ်။ မနောဘဲ ဘယ်ရမလဲ ဟဲဟဲ။ အဲဒီအချိန်က နောက်ဆုံးနှစ် မဟာဝင်ချင်လို့ အလုပ်က ထွက်ထားတာဆိုတော့ လက်ထဲမှာ ပိုက်ဆံမရှိတာကို သိတယ်လေ။ ဒါကြောင့် ပြောတာ။ ဘယ်ရမလဲ ပိုက်ဆံချေးပြီးကို သွားတော့တာ။ အစ်ကိုဝမ်းကွဲဆီက ချေးတာပေါ့။ အစ်ကိုက ပြောပါတယ်။ ဘယ်တော့ ပြန်ဆပ်မလဲတဲ့။ မနောက ပြောလိုက်တယ်။ ပေးနိုင်တဲ့ အချိန်ကို တစ်ခါတည်း ပြောမယ်နော်လို့။ ပြီးတော့မှ အလုပ်ရရင် ပြန်ဆပ်မယ်လို့ ပြောလိုက်တယ်။ အဲဒါကို မေတို့ ဖေတို့က ပြောတယ်။ ဟုတ်လည်း ဟုတ်တဲ့ မောင်နှမတဲ့။ ဟိုကလည်း ဘယ်အချိန်ပြန်ရမှန်း မသိဘဲ ချေးတယ်တဲ့လေ။ အင်းလေ အလုပ်ရမှ ပြန်ဆပ်လို့ရမှာပေါ့။ ခုက လက်ထဲမှာ ပိုက်ဆံက မရှိတော့ဘူးလေ။ စာမေးပွဲဖြေတုန်းက သုံးလိုက်တာ အကုန်ကုန်ပြီကိုး။ အဲဒါနဲ့ ပထမတစ်ခေါက်ရဲ့ ဆုတောင်းပြည့်ခဲ့တယ်လေ။ ဘာလို့လဲဆိုတော့ ဒီတစ်နှစ်အတွင်းမှာ နောက်တစ်ခေါက် ပြန်လာရပါလို၏လို့ ဆုတောင်း ခဲ့တာကိုး။ အခုတောင် သူငယ်ချင်းတွေက ဖုန်းဆက်ပြီး လှမ်းပြောနေတယ်။ နောက်တစ်ခေါက် ပုဂံ ထပ်သွားကြရအောင်တဲ့။ အားရင်လိုက်မယ်လို့ ပြောလိုက်တယ်။ မသွားရသေးရင်လည်း သွားဖြစ်အောင်သွားလိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။